ယူကရိန်းတွင် အစွမ်းပြနေသည့် Javelin တင့်ဖျက်စနစ် အကြောင်း

Article Military

တင့်ကားများနှင့် စစ်မြေပြင်တွင် ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ခြေလျင်တပ်သားများဟာ အခက်အခဲ ရှိတဲ့အတွက် တင့်ဖျက်စနစ်များကို အသုံးပြုလာခဲ့ကြတာပါ။

အခုတော့ ယူကရိန်းမှာ လက်စွမ်းပြနေတဲ့ FGM-148 Javelin များအကြောင်း သိကောင်းစရာ အချို့ကို ဖော်ပြပေးသွားမှာပါ။

အမေရိကန်လုပ် Javelin တင့်ဖျက်စနစ်များဟာ သက်တမ်း နှစ်ပေါင်း ၂၀ ကျော်လောက် ရှိနေပြီဖြစ်ပြီး မဟာမိတ် နိုင်ငံပေါင်း ၂၀ လောက်က အသုံးပြုနေကြပါတယ်။

၁၉၉၆ ခုနှစ်မှ ယခုအချိန်အထိ Jevelin ပစ်လွှတ် စနစ် ၁၂,၀၀၀ ကျော်နှင့် ဒုံးကျည်ပေါင်း ၄၅,၀၀၀ ကျော်လောက် ထုတ်လုပ်ပြီး ဖြစ်ပါတယ်။

၎င်းဟာ အပူလှိုင်းရှာစနစ်ဖြင့် ပစ်မှတ်ကို ရှာဖွေတိုက်ခိုက်တာ ဖြစ်ပြီး ပြန်လည် အသုံးပြုနိုင်တဲ့ Command Launch Unit (CLU) တခု ဖြစ်ပါတယ်။

အခြား တင့်ဖျက်ဒုံးကျည်များနှင့် အလုပ်လုပ်ပုံ မကွာခြားလှပေမယ့် Javelin ဟာ ကမ္ဘာပေါ်တွင် ထိရောက်မှု အရှိဆုံး တင့်ဖျက်ဒုံးတခုအနေဖြင့် သက်သေပြပြီး ဖြစ်ပါတယ်။

တင့်ကားများ၏ သံချပ်ကာ အထူဟာ အရှေ့နှင့် လေးဘက်တွင် အထူထဲဆုံးဖြစ်ပြီး အများဆုံး ထိတွေ့ခံရသည့် အစိတ် အပိုင်းများလည်း ဖြစ်ပါတယ်။

အဓိကအားဖြင့် အခြား တင့်ဖျက် ဒုံးကျည်များနှင့် မတူညီသည့် အချက်ကတော့ တင့်ကား၏ ခေါင်မိုးပေါ်မှ တိုက်ခိုက်နိုင်တာပါ။

နောက်ဘက်နှင့် ထိပ်ပိုင်း သံချပ်ကားများဟာ ယာဉ်၏ အလေးချိန်ကို လျှော့ချနိုင်ဖို့ များသောအားဖြင့် ပါးလွှာတဲ့အတွက် Javelin ရဲ့ တင့်ကား အမိုးပေါ်မှ တိုက်ခိုက်နိုင်မှုဟာ အားသာချက်တခု ဖြစ်လာပါတယ်။

ဒီဒုံးကျည်ဟာ လမ်းညွှန်စနစ်ကိုလည်း အသုံးပြုထားတဲ့အတွက် ရွေ့လျားယာဉ်များကိုလည်း ခြေရာကောက်နိုင်ပြီး တိကျစွာ ထိမှန်နိုင်စွမ်း ရှိပါတယ်။

NLAW တင့်ဖျက်စနစ်များ ကဲ့သို့ပင် Javelin ဟာလည်း fire-and-forget စနစ်ကို အသုံးပြုထားသည့်အတွက် ပစ်မှတ်ကို မထိ မချင်း လိုက်လံ ထိန်းကျောင်းစရာ မလိုပါဘူး။

ပုံမှန်အားဖြင့် တင့်ကားများဟာ လေဆာဖြင့် အချိန်ခံရပြီး ဒုံးကျည်ကို ထိန်းချုပ် တိုက်ခိုက်လိုက်တာနဲ့ ၎င်းအား တိုက်ခိုက်သည့် နေရာအား အလိုအလျှောက် သိနိုင်သည့် စနစ်များ တပ်ဆင်ထားပါတယ်။

fire-and-forget စနစ်ပါတဲ့ Javelin ရဲ့ အားသာချက် တခုကတော့ ပစ်လွှတ်ရာ နေရာကို တင့်ကားမှ ထောက်လှမ်းနိုင်စွမ်း မရှိတော့တာ ဖြစ်ပါတယ်။

Javelin ဟာ အများဆုံး ၄ ကီလိုမီတာ (၂.၅ မိုင်) လောက်ရှိတဲ့ အထင်ကြီးလောက်စရာ ကောင်းတဲ့ အကွာအဝေးမှ အမြင့်ပေ ၄၉၀ လောက်အထိ ပျံတက် ပစ်ခတ်နိုင်ပါတယ်။

ဒီလို စွမ်းဆောင်ရည်မြင့် တင့်ဖျက်လက်နက်၏ ဈေးနှုန်းမှာ ဒေါ်လာ ၁၇၄,၀၀၀ လောက်ရှိသည့်အတွက် အလွန်ဈေးကြီးပေမယ့် ဒေါ်လာ သန်းချီတန်တဲ့ တင့်ကားများနှင့် သံချပ်ကာကားများကို ကောင်းကောင်း ဖျက်ဆီးနိုင်တဲ့အတွက် တန်တယ်လို့ ပြောလို့ရပါတယ်။

ရုရှားတင့်များနှင့် Javelin

ရုရှားတင့်ကားတွေဟာ Jevelin နှင့် တိုက်ခိုက်ခံရပါက လုံးဝကြီး အကာအကွယ် မဲ့နေတာတော့ မဟုတ်ပါဘူး။

၎င်းတို့တွင် explosive reactive armor လို့ခေါ်တဲ့ ဒုံးကျည်နှင့် တိုက်ခိုက်ခံရပါက ကွဲထွက်ကာ သတ္တုအပိုင်းအစများ ထုတ်ပြီး ဒုံးကျည်အား တင့်ကားသံချပ်ကာအတွင်းသို့ ထိုးဖောက်နိုင်မှုအား ကာကွယ်နိုင်သည့် အကာအကွယ်များ ပါဝင်ပါတယ်။

ဒါပေမယ့် Javelin ဟာ tandem warhead လို့ခေါ်တဲ့ ၂ ဆင့်ကွဲ ဒီဇိုင်းဖြင့် တည်ဆောက်ထားတာ ဖြစ်ပြီး ပထမ အဆင့် တွင် reactive armor များ အလုပ်လုပ်သွားအောင် အားပျော့သည့် ပေါက်ကွဲမှုကို ဖန်တီးပြီး ဒုတိယ အဆင့်အား မတားဆီးနိုင်အောင် အချိန်အဆ ပျက်ပြားသွားရန် လုပ်ဆောင်ခြင်း

သို့မဟုတ် ပထမအဆင့်တွင် reactive armor ကို အလုပ်မလုပ်စေဘဲ အပေါက်ဖြစ်စေကာ ဒုတိယ အဆင့်ကို အတားအဆီး မရှိစေဘဲ ဖြတ်သန်းသွားစေခြင်း စသည့် နည်းတို့ကို အသုံးပြုသည့်အတွက် Javelin တိုက်ခိုက်မှုကို reactive armor များမှ ကာကွယ်နိုင်စွမ်း မရှိပါဘူး။

Active Protection System အလုပ်လုပ်ပုံ

ခေတ်သစ် ရုရှား တင့်ကားများမှာတော့ Arena လို့ခေါ်တဲ့ ရေဒါစနစ် (Active Protection System) ကို တပ်ဆင်ထားပြီး ဝင်ရောက်လာတဲ့ ဒုံးကျည်များကို အလိုအလျှောက် ပြန်လည်ပစ်ခွင်းကာ တင့်ကားသို့ မရောက်မီ ပျက်စီးအောင်ကာကွယ်သည့် စနစ်များ ပါဝင်ပါတယ်။

ဒါပေမယ့် ဒုံးကျည် ကျရောက်သည့် ထောင့်ဟာ မတ်စောက်လွန်းသည့် အတွက် APS ရေဒါမှ ကြားဖြတ်ရန်လည်း ခက်ခဲသွားပါတယ်။

ယူကရိန်းကို ရုရှားမှ စတင်ကျူးကျော်ခဲ့သည့် အချိန်တွင် အမေရိကန်မှ Javelin ပစ်လွှတ် စနစ်ပေါင်း ၇၇ ခုနှင့် ဒုံးကျည် အ လုံး ပေါင်း ၇၄၀ အထိ ပေးပို့ထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရာပေါင်းများစွာသော Javelin ပစ်လွှတ်စနစ်တွေနဲ့ ဒုံးကျည် တွေ ယူကရိန်းတို့ လက်ထဲမှာ ရောက်နေပြီ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.