Multicopter အမျိုးအစား ဒရုန်းတွေကို ကဏ္ဍ တော်တော်များများမှာ အသုံးချနေကြပြီ ဖြစ်ပေမယ့် ၎င်းတို့၏ ပျံသန်းချိန်ဟာ အလွန်ကို တိုတောင်းနေပါသေးတယ်။
Firefly quadcopter ကတော့ အဲဒီလို ပျံသန်းချိန် တို တောင်းမှုကို ဖြေရှင်းထားပြီး အလေးချိန် ပေါင် ၁၀၀ လောက် တင် ဆောင်နိုင်ကာ ၂ နာရီလောက်အထိ ဆက်တိုက် ပျံသန်းနိုင်ပါတယ်။
ဒီ ဒရုန်းကို ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် Parallel Flight Technologies ကုမ္ပဏီနှင့်အတူ NASA နှင့် အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း ထုတ်လုပ်လိုက်တာပါ။
ဒရုန်းတွင် အသုံးပြုထားသည့် မောင်းနှင်စနစ်မှာ လျှပ်စစ် မော်တာနှင့် ဓာတ်ဆီအင်ဂျင် နှစ်မျိုးစပ် မောင်းနှင် စနစ် ဖြစ်ပါတယ်။

လျှပ်စစ်မော်တာကတော့ ဒရုန်း၏ လမ်းကြောင်း ပြောင်းလဲမှုများ၊ ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်းများအတွက် ထိန်းညှိပေးပြီး ပုံမှန် ပျံသန်းမှုကိုတော့ ဓာတ်ဆီအင်ဂျင်က အလုပ်လုပ်တာပါ။
ပန်ကာ ၄ ခုမှ တခုခု ချွတ်ယွင်းပါကလည်း အခြား ၃ ခုနှင့် ဆက်လက် ပျံသန်းနိုင်အောင် ဒီဇိုင်းဆွဲ တည်ဆောက်ထားပါတယ်။
လက်ရှိ ထုတ်လုပ်ဖို့ လုပ်ဆောင်နေတဲ့ မျိုးကွဲဟာ ပေါင် ၁၀၀ အလေးချိန် သယ်ဆောင်ကာ ၁ နာရီနှင့် မိနစ် ၄၀ လောက် အ ထိ ပျံသန်းနိုင်ပါတယ်။
တကယ်လို ဝန်ကို အလေးချိန် ပေါင် ၅၀ လောက်အထိ လျှော့ချလိုက်ပါက ပျံသန်းချိန်ဟာ ၃ နာရီနှင့် မိနစ် ၂၀ လောက်အထိ ခုန်တက်သွားတယ်လို့ ဆိုပါတယ်။
လျှပ်စစ် မော်တာ သပ်သပ်ဖြင့် ဆိုပါက အလေးချိန် ၁၀ ပေါင် လောက်ကို တင်ဆောင်ပြီး မိနစ် ၃၀ လောက် ပျံသန်း နိုင်ပါတယ်။

ဒရုန်းတွင် GPS စနစ် တပ်ဆင်ထားသောကြောင့် စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း အလိုအလျှောက် ပျံသန်းနိုင်သည့်အပြင် အတက်အဆင်းပါ ကိုယ်တိုင် ပြုလုပ်နိုင်စွမ်း ရှိပါတယ်။
ကုမ္ပဏီ အဆိုအရတော့ ဒီဒရုန်းကို မြင်ကွင်းလွန် အကွာအဝေးဖြစ်သည့် ၃၇ မိုင်လောက်အထိ ရေဒီယို အချက်ပြလှိုင်းစနစ်ဖြင့် ထိန်းချုပ် ပျံသန်းနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ ဒရုန်းကို အဓိကအားဖြင့် ပစ္စည်းများ၊ လောင်စာဆီများ၊ အစားအသောက်များ သယ်ယူဖို့ အပြင် မီးသတ်သမားများအတွက် ရေကိုသယ်ဆောင်ပေးနိုင်ပြီး သေးငယ်သည့် မီးလောင်ကျွမ်းမှုများကို အလိုအလျှောက် ရှာဖွေ ငြှိမ်းသတ်နိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းကို ဝေးကွာပြီး သွားလာရ ခက်ခဲသည့် နေရာများသို့ ဆေးဘက် ဆိုင်ရာ ပစ္စည်းများ သယ်ယူ ပို့ဆောင် ရာတွင်လည်း အသုံးပြုနိုင်မှာပါ။

Parallel Flight Technologies ဟာ ရင်းနှီးမြှပ်နှံသူတွေကို ထပ်မံ ရှာဖွေနေပြီး စမ်းသပ်မှုများကို ဆက်လက် လုပ်ဆောင်နေပါတယ်။
လက်ရှိမှာတော့ ကုမ္ပဏီမှ Firefly ဒရုန်းများကို မည်သည့် အချိန်တွင် စတင် ထုတ်လုပ်မယ်ဆိုတာကို မကြေငြာသေးပါဘူး။
Firefly ဒရုန်းများ လက်ရှိ ဒရုန်းဈေးကွက်သို့ ရောက်ရှိလာပါက ဒရုန်းများ အသုံးချနေသည့် ကဏ္ဍများတွင် ပိုမို တိုးတက်မှုများ မြင်တွေ့လာရတော့မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။