ကမ္ဘာပေါ်ရှိ သက်ရှိများထံမှ အလုပ်လုပ်ပုံများကို ကြည့်ရှုပြီး သိပ္ပံပညာရှင်များဟာ အမျိုးမျိုးသော တီထွင်မှုများကို လုပ် ဆောင်နေပါတယ်။
အဲဒီ့အထဲက ထူးခြားတဲ့ တီထွင်မှု တခုကတော့ အရည်လည်ပတ်မှု စနစ်မှ စွမ်းအင်ယူပြီး သွားလာနိုင်မယ့် ငါးတကောင်ကို တီထွင်လိုက်တာပါ။
သုတေသီများဟာ အဆိုပါ စက်ရုပ်ငါးကို လှုပ်ရှားနိုင်ဖို့ စွမ်းအင်ပေးတဲ့ ဘတ္တရီအရည်ကို “robot blood” “စက်ရုပ်သွေး” လို့ အမည်ပေးထားပါတယ်။
အကြမ်းဖျင်းအားဖြင့် ၄၀ စင်တီမီတာလောက်ရှိတဲ့ ဒီစက်ရုပ်ငယ်မှာ သမားရိုးကျ စက်ရုပ်များလို ဘတ္တရီအခဲကို တပ်ဆင်ထားတာ မဟုတ်ပါဘူး။

အဲဒီ့အစား ငါးဆူးတောင်များကို ရွေ့လျားခြင်း နှင့် စွမ်းအင်သိုလှောင်ခြင်း နှစ်မျိုးကို လုပ်ဆောင်နိုင်တဲ့ dual-function fluid အရည်ကို ထည့်သွင်းပေးထားပြီး တွန်းကန်စနစ်ကို ရရှိစေပါတယ်။
ဒီ ဘတ္တရီအရည်စနစ်ဟာ ငါးစက်ရုပ်ကို သမားရိုးကျ ဘတ္တရီများထက် ၃၂၅ ရာခိုင်နှုန်းလောက်အထိ စွမ်းအင် ပိုပေးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ယခုလို တည်ဆောက်ထားသည့် အတွက် သမားရိုးကျ လေးလံသည့် ဘတ္တရီများ မလိုအပ်တော့ဘဲ စက်ရုပ်အား ပိုမို လျှင်မြန်စွာ လှုပ်ရှားစေနိုင်မှာပါ။
ဒါ့အပြင် စက်ရုပ်တွင် စွမ်းအင်လည်း ပိုမို သိုလှောင်နိုင်ပြီး ပိုမို ကြာရှည်စွာ အလုပ်လုပ်နိုင်မယ့် ကောင်းကျိုးတွေလည်း ရရှိစေမှာ ဖြစ်ပါတယ်။

ယခုလို တီထွင်မှုဟာ အလိုအလျောက် သွားလာ လှုပ်ရှားနိုင်သည့် စက်ရုပ်များ ဖန်တီးဖို့အတွက် ဆောင်ရွက်နေတာပါ။
ဒါ့ကြောင့် အဆိုပါ စက်ရုပ်ငါးဟာ လူမှ ထိန်းချုပ်စရာ မလိုဘဲ လုပ်ငန်းများ ကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့
ယခု စီမံကိန်း အဖွဲ့တွင် ပါဝင်သူ နယူးရော့ခ်ရှိ Cornell တက္ကသိုလ်မှ စက်ရုပ်ဆိုင်ရာ ပညာရှင် တယောက်ဖြစ်တဲ့ Robert Shepherd က ပြောပါတယ်။
သုတေသီများဟာ ဒီသုတေသန စာတမ်းကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ကတည်းက “Robo-fish powered by battery ‘blood’” ခေါင်းစဉ်ဖြင့် Nature ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အလိုအလျောက် စက်ရုပ်များကို ထုတ်လုပ်နိုင်ဖို့အတွက် လက်ရှိ အကြီးမားဆုံး အခက်အခဲကတော့ အချိန်ကြာမြင့်စွာ အ လုပ်လုပ်နိုင်စွမ်း ရှိဖို့ပါ။

အလိုအလျောက်စနစ်ဖြင့် အလုပ်လုပ်နိုင်မယ့် စက်ရုပ်များကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ နှင့် ရေနက်ပိုင်း ရှာဖွေရေး လုပ်ငန်များ စသည့် များပြားလှသော လုပ်ငန်းများကို လုပ်ဆောင်နိုင်မယ်လို့
အီတလီနိုင်ငံရှိ Sant’Anna School of Advanced Studies–Pisa မှ စက်ရုပ်ဆိုင်ရာ ပညာရှင် တယောက်ဖြစ်တဲ့ Cecilia Laschi က ပြောပါတယ်။
လက်ရှိ ငါးစက်ရုပ်၏ အဓိက ပြဿနာများထဲမှ တခုဟာ စွမ်းအင် သိုလှောင်မှု ဖြစ်ပြီး အားပြန်သွင်းစရာ မလိုအပ်ဘဲ လုံ လောက်သည့် စွမ်းအင် ရရှိဖို့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ဘတ္တရီကို ထပ်ထည့်ရုံနှင့် လိုအပ်သည့် စွမ်းအင်ကို ရရှိနိုင်ပေမယ့် အလေးချိန် တိုးလာမှာဖြစ်တဲ့အတွက် စွမ်းအင်ထပ်မံ လိုအပ်လာဦးမှာ ဖြစ်ပါတယ်။

အခုထိတော့ စက်ရုပ်ကို တစက္ကန့်လျှင် ၀.၁ လက်မလောက်သာ ရွေ့အောင် လုပ်ဆောင်နိုင်သေးတဲ့အတွက် အလွန်နှေးကွေးနေပါသေးတယ်။
အားလုံး ပြီးစီး အောင်မြင်သွားပါက ငါးစက်ရုပ်ဟာ ရေထဲတွင် ၃၇ နာရီလောက်ကြာအောင် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။