အနာဂါတ် ခရီးသည်တင်လေယာဉ်များ၏ စံ ဖြစ်လာဖွယ်ရှိသည့် ဒီဇိုင်းသစ် အကြောင်း

Innovation Tech

နယ်သာလန်မှ သုတေသနပညာရှင်များဟာ V ပုံစံရှိ ခရီးသည်တင် လေယာဉ်ပုံစံငယ်ကို အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီ Flying-V လို့အမည်ပေးထားတဲ့ လေယာဉ် ဟာ ယခင် ခရီးသည်တင် လေယာဉ်များထက် လောင်စာဆီ သုံးစွဲမှု သက်သာမှာ ဖြစ်ပြီး ၎င်း၏တောင်ပံများထဲမှာ ခရီးသည်တွေ၊ ဆီတိုင်ကီနှင့် ကုန်များကို တင်ဆောင်နိုင်မှာပါ။

ကျွမ်းကျင်သူတွေက ၂၂.၅ ကီလိုဂရမ် အလေးချိန်ရှိပြီး ၃ မီတာရှည်တဲ့ ဒီပုံစံငယ်ကို တစ်နာရီကို ၈၀ ကီလိုမီတာနှုန်းဖြင့် ပျံတက်နိုင်အောင် စီမံနိုင်ခဲ့ပါတယ်။

စမ်းသပ်မှုများအရ ဒီလေယာဉ်ဟာ “Dutch Roll” လို့ခေါ်တဲ့ ကြမ်းတမ်းတဲ့ ဆင်းသက်မှုကိုဖြစ်စေတဲ့ လေယာဉ်ဦးပိုင်း ခါရမ်းမှုတွေကို ခံနိုင်အောင် ဒီဇိုင်းဆွဲထားတယ်လို့လဲ သိရပါတယ်။

Image: Courtesy of KLM

လေယာဉ်၏ ကိုယ်ထည်ဟာ တောင်ပံနှင့် တဆက်တည်း ဖြစ်ပြီး ခရီးသည်များဟာ ဘေးဘက် တံခါး ၂ ခုမှ ဝင်ထွက်နိုင်မှာ ဖြစ်ပါတယ်။

ထို့နောက် တောင်ပံ၏ တဖက်တချက်တွင် ခရီးသည်များက လိုက်ပါမှာ ဖြစ်ပြီး ၎င်းတို့ နောက်တွင်တော့ ကုန်များကို တင် ဆောင်မှာ ဖြစ်ပါတယ်။

သုတေသနအဖွဲ့ဟာ Flying-V ကို ခရီးသည်များဖြင့် တင်ဆောင်စမ်းသပ်နိုင်အောင် ပုံစံငယ်ဖြင့် ပိုမိုစမ်းသပ်သွားဦးမှာ ဖြစ်ပါတယ်။

လေယာဉ်တွင် ဖိအားပေးထားသည့် လောင်စာဆီ သိုလှောင်စနစ်များ ပါဝင်ပြီး ဟိုက်ဒရိုဂျင် အရည် လောင်စာဆဲများကို ပျံ သန်းဖို့အတွက် အသုံးပြုမှာပါ။

Image: Courtesy of TU Delft Aerospace Engineering

ဒီလို ဟိုက်ဒရိုဂျင် လောင်စာကို အသုံးပြုတာဟာ ကုန်စည် တင်ဆောင်နိုင်မှု၏ ၇၀ ရာခိုင်နှုန်းလောက် လောင်စာဆဲလ်များ အတွက် နေရာ ပေးရမှာ ဖြစ်တဲ့အတွက် အားနည်းချက်တော့ရှိပါတယ်။

ဒါ့အပြင် ဟိုက်ဒရိုဂျင် လောင်စာဆဲလ်ကို အသုံးပြုသည့်အတွက် လေယာဉ်၏ ပျံသန်းနိုင်သည့် အကွာအဝေးဟာ သမားရိုး ကျ လေယာဉ်များထက် ပိုမို နည်းပါးနိုင်ပါတယ်။

သို့ပေမဲ့ ဂျာမနီ သို့မဟုတ် ဂျပန် နိုင်ငံ တခုစာလောက် ကာဗွန်ထုတ်လွှတ်နေတဲ့ လေကြောင်းလိုင်းများအတွက် ဒီလို စဉ်းစားတာဟာ အနာဂါတ်အတွက်တော့ အကျိုးရှိပါတယ်။

ဒီ အနာဂါတ်လေယာဉ် ဒီဇိုင်းကို ဒတ်ချ် လေကြောင်းလိုင်း KLM နှင့် Delft နည်းပညာ တက္ကသိုလ်တို့ရဲ့ သုတေသနပညာရှင်များနှင့် တွဲဖက် ဒီဇိုင်းဆွဲနေတာဖြစ်ပါတယ်။

Image: Courtesy of Nzherald

Flying-V တွေဟာ Airbus A350-900 နှင့် ခရီးသည် အရေအတွက် အတူတူလောက် သယ်ဆောင်နိုင်မှာဖြစ်ပြီး ဆီစား ၂၀ ရာခိုင်နှုန်း ပိုပြီး သက်သာမှာဖြစ်ပါတယ်။

ဒီအနာဂါတ် လေယာဉ်ဒီဇိုင်းဟာ တမူထူးခြားပြီး ခေတ်ရှေ့ကို အရမ်းရောက်နေတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

ဒါပေမယ့် လေကြောင်းလိုင်းများတွင် အမှန်တကယ် ပျံသန်းနိုင်ဖို့ စမ်းသပ်မှုတွေ အများကြီး လိုနေဦးမှာပါ။

အစောပိုင်းမှာ ပြသနာလေးတွေ အနည်းငယ် ရှိနိုင်ပေမယ့် စမ်းသပ်ပျံသန်းမှုတွေကနေ ဖြေရှင်းနိုင်သွားမယ်လို့ မျှော်လင့်ရပါတယ်။

ဒီလေယာဉ် ဒီဇိုင်းကို စမ်းသပ်မှုတွေဟာ ၂၀၂၀ စက်တင်ဘာလမှာ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

Image: Courtesy of TU Delft Aerospace Engineering

အဲဒီ့နောက်မှာတော့ အင်ဂျင်နီယာများဟာ ၁၃ မီတာလောက် ရှိတဲ့ လေယာဉ်ငယ်တခုကို ထပ်မံ တည်ဆောက်ပြီး အတက်၊ အဆင်း နှင့် အခြား ထိန်းချုပ်မှုများကို စမ်းသပ်ဦးမှာပါ။

လုံခြုံစိတ်ချ ဘေးကင်းစွာ ပျံသန်းနိုင်သည့် သမားရိုးကျ လေယာဉ် ဒီဇိုင်းနှင့် မတူ ကွဲပြားတဲ့ ခရီးသည်တင် လေယာဉ်များကို တည်ဆောက်တာဟာ ကုန်ကျစရိတ် များပြားပြီး အချိန်အများကြီး လိုအပ်ပါတယ်။

ဒါ့ကြောင့် သုတေသီများဟာ အဆိုပါ လေယာဉ် ဒီဇိုင်းသစ်ကို ၂၀၄၁ ခုနှစ် မတိုင်ခင်လောက်မှာသာ ရှေ့ပြေးပုံစံ ပျံသန်းနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.