ဗြိတိန် အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ သုတေသန လုပ်ငန်းတခုဖြစ်တဲ့ Aerospace Technology Institute (ATI) ဟာ FlyZero လို့ခေါ်တဲ့ ဟိုက်ဒရိုဂျင်အရည် စွမ်းအင်သုံး ခရီးသည်တင် လေယာဉ် အယူအဆသစ်ကို ပြသလိုက်ပါတယ်။
ခရီးသည် ၂၇၉ ယောက် တင်ဆောင်နိုင်မယ့် အဆိုပါ လေယာဉ်ဟာ သမားရိုးကျ အလယ်အလတ်တန်းစား လေယာဉ်များနှင့် တူညီပေမယ့် ကာဗွန် ထုတ်လွှတ်မှုတော့ ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Flyzero ခရီးသည်တင်လေယာဉ်ဟာ အဲဒီ့ ကုမ္ပဏီရဲ့ စတင် ထုတ်လုပ်ဖို့ လုပ်ဆောင်နေတဲ့ လေယာဉ် အမျိုးအစားပဲ ဖြစ်ပါတယ်။
လေယာဉ် အတွင်းပိုင်းမှာတော့ cryogenic fuel tank လို့ခေါ်တဲ့ အလွန်အေးတဲ့ အပူချိန်ဖြင့် လောင်စာဆီ သိုလှောင်နိုင်တဲ့ ဆီတိုင်ကီများ ပါဝင်မှာဖြစ်ပြီး အပူချိန်ကို ၂၅၀ ဒီဂရီ ဆဲစီးယပ် သို့မဟုတ် အနှုတ် ၄၁၈ ဒီဂရီ ဖာရင်ဟိုက် လောက်အထိ ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
ဆီတိုင်ကီ အကြီး ၂ လုံးကို လေယာဉ်၏ နောက်မှာ ထားရှိမှာ ဖြစ်ပြီး အသေး ၂ လုံးကတော့ လေယာဉ် အရှေ့ဘက် ဘေးပိုင်းမှာ ထားရှိကာ လေယာဉ်ကို တည်ငြိမ်မှု ရှိစေမှာ ဖြစ်ပါတယ်။
လေယာဉ်ဟာ တာဘိုပန်ကာ အင်ဂျင်ကို အသုံးပြုထားပြီး တောင်ပံ အကျယ်ဟာ ၅၄ မီတာ ရှိပါတယ်။
“ဒီလို ဒီဇိုင်းများဟာ အာကာသနှင့်လေကြောင်း ကဏ္ဍ အနာဂါတ်ကို အဓိပ္ပါယ်ဖွင့်ဆို ပေးမှာ ဖြစ်ပါတယ်” လို့ ဗြိတိန်ရဲ့ စီးပွားရေးဆိုင်ရာ အတွင်းရေးမှူး Kwasi Kwarteng က ATI ၏ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီ၏ ထုတ်ပြန် ကြေငြာချက်တွင် စွမ်းဆောင်ရည် မြင့်မားသည့် ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ခရီးသည်တင် လေယာဉ်ဟာ ၂၀၃၀ ခုနှစ်များ အလယ်လောက်မှာ သမားရိုးကျ လေယာဉ်များနှင့် နှိုင်းယှဉ်ပါက သာလွန်သည့် ကုန်ကျစရိတ်သက်သာမှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ATI ဟာ ၂၀၁၃ ခုနှစ် စတင် တည်ထောင်ကတည်းက ရန်ပုံငွေ ယူရို ၁.၉၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂.၆ ဘီလီယံ) အထိ ရရှိထားပါတယ်။
ဒါ့အပြင် ဒီလို အလားအလာရှိတဲ့ FlyZero ခရီးသည်တင်လေယာဉ် အယူအဆ ဒီဇိုင်းအတွက်လည်း ထို ရန်ပုံငွေမှ ယူယို ၁၅ သန်း အထိ ရရှိထားပါတယ်။
ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လေယာဉ်များကို လေကြောင်းလုပ်ငန်းအတွက် ကာဗွန် ထုတ်လွှတ်မှု လျှော့ချနိုင်သည့် နည်းလမ်း အဖြစ် ရှုမြင်ကြပြီး ဖြစ်ပါတယ်။
အလားတူ လက်ရှိလေယာဉ်များအတွက် လောင်စာဆီများကဲ့သို့ ထည့်သွင်း စဉ်းစားထားသည့် အခြား ရွေးချယ်စရာကတော့ လျှပ်စစ်စွမ်းအင်သုံး ခရီးသည်တင် လေယာဉ်များ ဖြစ်ပါတယ်။
သို့ပေမယ့်လည်း လက်ရှိ ဘတ္တရီ နည်းပညာများဟာ လျှပ်စစ်စွမ်းအင်သုံး ခရီးသည်တင်လေယာဉ်များကို ကြာရှည်စွာ ပျံသန်းနိုင်စွမ်း ရှိနိုင်လောက်အောင် မတိုးတက်သေးပါဘူး။
ဥပမာအားဖြင့် NASA မှ သုတေသန ပြုလုပ်ထားတဲ့ Maxwell X-57 အပေါ့စား ခရီးသည်တင် လေယာဉ်ဟာ မိနစ် ၄၀ လောက်သာ ပျံသန်းနိုင်ပြီး တခါ အားသွင်းပါက မိုင် ၁၀၀ လောက်အထိသာ ရောက်ရှိနိုင်ပါတယ်။

တကယ်လို့ ဟိုက်ဒရိုဂျင်ကို လေယာဉ် လောင်စာအဖြစ် အသုံးပြုမည် ဆိုပါက လာမယ့် နှစ်များအတွင်းမှာ လိုအပ်သည့် လေဆိပ် လောင် စာဆီ ဖြည့်တင်းခြင်း ဆိုင်ရာ အခြေခံ အဆောက်အဦးများ တည်ဆောက်ဖို့ များစွာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
Airbus ကဲ့သို့ လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီအကြီးစားကြီးများ မှာလည်း ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ခရီးသည်တင်လေယာဉ်များကို ထုတ်လုပ်ဖို့ လုပ်ဆောင်နေပြီ ဖြစ်လို့ ဒါဟာ လေကြောင်းစက်မှုလုပ်ငန်းအတွက် ကြီးမားတဲ့ ခြေလှမ်းတခု ဖြစ်လာမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။