လူသားများအတွက် ပထမဆုံး အိမ်မွေးငှက်များ ဖြစ်နိုင်တဲ့ ငန်းဘဲတွေအကြောင်း

Knowledge Nature

ငန်းဘဲတွေကို အိမ်မွေးငှက်အဖြစ် မွေးမြူခဲ့ကြတာဟာ လွန်ခဲ့သောနှစ်ပေါင်း 7,000 ကစတင်ခဲ့တယ်ဟု ယူဆရပါတယ်။

လူသားတွေဟာ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးထဲမှာ အနည်းငယ်မျှသာ ပါဝင်သော်လည်း မတူကွဲပြားမှုနှင့် တောရိုင်းတိရစ္ဆာန်များအပေါ် ကျွန်ုပ်တို့ရဲ့ သက်ရောက်မှုကတော့ ကြီးမားပါတယ်။

လူသားတွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေဟာ တောရိုင်းတိရိစ္ဆာန်အားလုံးရဲ့ 80% နှင့် အပင်အားလုံးရဲ့ 50% ခန့် ဆုံးရှုံးခြင်းအတွက် တာဝန်ရှိပါတယ်။

ဒီလိုဆုံးရှုံးမှု ကြီးမားတဲ့အတွက်ကြောင့် ရှားပါးတောရိုင်းတိရစ္ဆာန်လေးတွေ မပျောက်ကွယ်အောင် လူသားစားသုံးဖို့အတွက် မွေးမြူရေး တိရစ္ဆာန်များကို လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။

ကမ္ဘာပေါ်ရှိ ငှက်အားလုံးရဲ့ 70% ဟာ စားသုံးဖို့အတွက် မွေးမြူထားတဲ့ ကြက်ငှက်များ ဖြစ်ကြပြီး တောရိုင်း ငှက်တွေ က တော့ 30% ခန့်သာ ရှိပါတယ်။

တကယ်လို့ လူသားများ မျိုးသုဉ်းသွားပြီး ကျွန်ုပ်တို့ရဲ့ကမ္ဘာဂြိုဟ်သို့ လာရောက် လည်ပတ်မည့်သူက ရှေးဟောင်း သုတေသန ပညာရှင်တစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် ကြက်ရုပ်ကြွင်းများ ပေါများခြင်းကြောင့် တုန်လှုပ်သွားမှာတော့ သေချာပါတယ်။

ဒါပေမယ့် ကြက်ဥတွေနဲ့ ပူပူနွေးနွေးတောင်ပံတွေကို မစားသုံးခင် ငန်းတွေနဲ့ စတင်ခဲ့တာ ဖြစ်နိုင်တယ်ဟု ပညာရှင်တွေက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း 7,000 နှင့် 5,500 ကြားရှိ ကျောက်ခေတ်နေရာတစ်ခုဖြစ်တဲ့ Tianluoshan မှာ တူးဖော်မှုများပြုလုပ်နေတဲ့ ဂျပန်ရှေးဟောင်းသုတေသနပညာရှင်များက ငန်းမွေးမြူခြင်းဆိုင်ရာ အထောက်အထားများစွာကို တွေ့ရှိခဲ့ကြပါတယ်။

၎င်းတို့ဟာ ယခုအချိန်အထိ အစီရင်ခံတင်ပြထားတဲ့ အရာများစွာထဲမှငှက်မွေးမြူခြင်းဆိုင်ရာ အစောဆုံးအထောက်အထားဖြစ််တယ်ဟု ဆိုကြပါတယ်။

Tianluoshan မှာ ခေတ်သစ်စားသုံးရန်မွေးမြူတဲ့ အိမ်မွေး ​ကြက်ငှက်တွေရဲ့ အစပျိုးရာ နေရာဖြစ်နိုင်တယ်ဟု ယုံကြည်ရသော ငန်းအရိုးပေါင်း 232 ခုကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

ပညာရှင်တွေ တူးဖော်တွေ့ရှိရတဲ့ ငန်းအရိုး ရုပ်ကြွင်းတွေကို carbon dating ပြုလုပ်ခဲ့ရာ ၎င်းတို့ဟာ နှစ်ပေါင်း ၇၀၀၀ သက်တမ်းရှိတာကို တွေ့ခဲ့ရပါတယ်။

တစ်ချို့အရိုးစု ရုပ်ကြွင်းတွေဟာ ၁၆ ပတ်ထက်မပိုတဲ့ အရွယ်မရောက်သေးသည့် ငန်းများ ဖြစ်နေတာလည်း သက်ဆိုင်ပါတယ်။

ဒါက သူတို့အသက်အရွယ်အရ တခြားတစ်နေရာကနေ ပျံသန်းဖို့ မဖြစ်နိုင်တာကြောင့် နေရာတစ်ခုထဲမှာ အကောင်ပေါက်တာ ဖြစ်မယ်ဆိုတာကို ပြသနေပါတယ်။

ယနေ့ခေတ်မှာ အဆိုပါ ဒေသရှိ မွေးမြူနေကြတဲ့ ငန်းဘဲတွေဟာ ယခင်ငန်းဘဲတွေက ဆင်းသက်လာတယ်လို့ ယူဆရပြီး ရုပ်ကြွင်း သက်တမ်း အထောက်အထားတွေအရ နှစ်ပေါင်း ၇၀၀၀ ရှိတယ်ဟု ဆိုပါတယ်။

နည်းလမ်းမျိုးစုံနဲ့ သုတေသနပြုချက်တွေအရ ​အတိအကျမဟုတ်သော်လည်း ရရှိလာတဲ့အထောက်အထားများအားလုံးကို တူညီသောကောက်ချက်ချနိုင်ပြီး ငန်းတွေဟာ လူသားအိမ်တွေမှာ ပထမဆုံးမွေးခဲ့တဲ့ ငှက်များဖြစ်နိုင်ကာ တရုတ်နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း 7,000 ကျော်က ဖြစ်ပျက်ခဲ့တယ်ဟု ယူဆရပါတယ်။

အခြားလေ့လာမှုတွေကလည်း ကြက်တွေက လွန်ခဲ့သောနှစ်ပေါင်း 10,000 အစောပိုင်းက တရုတ်နိုင်ငံမြောက်ပိုင်းတွင် ပထမဆုံး အိမ်မွေးငှက်ဖြစ်ကြောင်း အခိုင်အမာဆိုတယ်ဟု New Scientist က ဖော်ပြခဲ့ပါတယ်။

သို့သော် အဆိုပါ ကိစ္စနဲ့ပတ်သတ်ပြီး သက်သေ အထောက်အထား တွေကိုတော့ ငြင်းခုံနေဆဲ ဖြစ်ပါတယ်။

မျိုးရိုးဗီဇလေ့လာဆန်းစစ်မှုအရ ကြက်တွေဟာ red junglefowl ဟုခေါ်တဲ့ တောရိုင်းငှက်များမှ သားမွေးခဲ့ကြတာ​ဖြစ်ပြီး အဆိုပါငှက်တွေဟာ တရုတ်နိုင်ငံ မြောက်ဘက်မှာ နေထိုင်ခြင်းမရှိပါဘူးလို့လဲ သိရပါတယ်။

ကြက်မွေးမြူခြင်းဆိုင်ရာ အခိုင်မာဆုံးအထောက်အထားကတော့ လွန်ခဲ့သောနှစ်ပေါင်း 5,000 ခန်ကသာဖြစ်တယ်ဟု သိရပါတယ်။

သုတေသီတွေရဲ့ အိမ်မွေးတိရစ္ဆာန်သုတေသနအများစုဟာ ခွေးနှင့် နွားများကိုသာ အာရုံစိုက်ထားသော်လည်း ကျွန်ုပ်တို့ရဲ့ စားနပ်ရိက္ခာဖူလုံမှုအပေါ် များစွာမူတည်နေတဲ့ ကြက်ငှက်တွေရဲ့ ဆင့်ကဲဖြစ်စဉ်သမိုင်းအပေါ် သုံးသပ်ချက်အသစ်တွေကို မြင်တွေ့ရခြင်းဟာ စိတ်ဝင်စားဖွယ် ကောင်းတာကိုလည်း တွေ့ခဲ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *