Generation တွေကို သတ်မှတ်ထားတာရှိပါတယ်။ လူတွေက ဒါကို သိပ်မသိကြပါဘူး။ နှစ်အလိုက် generation တွေကို သတ်မှတ်ထားခြင်းဖြင့် လူတွေရဲ့ စိတ်နေစိတ်ထားတွေ ကိုလေ့လာနိုင်ပါတယ်။
ဖြတ်သန်းခဲ့ရတဲ့ အနေအထားတွေ မတူတဲ့အတွက် generation တွေဟာ စိတ်ထားတွေလဲ မတူကြပါဘူး။ generation များကို အောက်ပါအတိုင်းခွဲခြားထားပါတယ်။
Baby Boomers (1946-1964)
ဒီ ကာလမှာမွေးတဲ့သူတွေဟာ အဖိုးအရွယ် အဖွားအရွယ်တွေ ဖြစ်ကုန်ကြပါပြီ။ သူတို့ဟာ စစ်ကြီးပြီးနောက်ပိုင်းမှာ မွေးလာကြလို့ ဘဝတွေဟာ ခက်ခဲခဲ့ကြပါတယ်။ ဒါ့ကြောင့် အလုပ်မှာ ကျင့်ဝတ်ပိုင်းကောင်းကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ကြပြီး စည်းကမ်းလဲ ကြီးကြပါတယ်။
ဒါ့ကြောင့် စည်းကမ်းကြီးတဲ့ အဖိုးကြီး အဖွားကြီးတွေနဲ့ generation ကွာဟတဲ့ လူငယ်တွေနဲ့ကြားမှာ အဆင်မပြေတတ်ကြလို့ “Ok Boomer” ဆိုတဲ့ ထေ့လုံး ငေါ့လုံး ပေါ်လာရတာပါ။

Generation X (1965-1981)
သူတို့ရဲ့ ဘဝတွေဟာလဲ သိပ်မချောမွေ့ကြပါဘူး။ စစ်ကြီးပြီး ပြန်လည်တည်ဆောက်တဲ့ ကာလတွေအရှိန်မြှင့်ချိန်မှာ မွေးဖွားလာခဲ့ရတဲ့အတွက် ဘဝဟာ ခက်ခဲကြပါတယ်။ အထူးသဖြင့်အလုပ် ရှာဖို့ရာ ခက်ခဲပါတယ်။ သူတို့ဟာ သီးခြားနေတတ်ပါတယ်။ ရည်ရွယ်ချက်တွေ ကြီးမားကြပါတယ်။ ပြီးတော့ အလုပ်လုပ်ရတာ အရမ်းနှစ်ခြိုက်ကြပါတယ်။
Generation Y or Millennials or Digital Natives (1982-1994)
Millennial တွေဟာ ဒစ်ဂျစ်တယ်လောက အစပိုင်းမှာ မွေးဖွားခဲ့ကြတဲ့ သူတွေပါ။ သူတို့မွေးဖွားချိန်ကစပြီး နည်းပညာတွေဟာ တဟုန်ထိုး တိုးတက်နေပါပြီ။ Floppy Drive ကစပြီး ယနေ့ SSD တွေအထိ အရှိန်အဟုန်နဲ့ တိုးတက်လာတာတွေကို မြင်ခဲ့ တွေ့ခဲ့ ကြုံခဲ့ရတဲ့သူတွေပါ။
ဒါပေမယ့် သူတို့ အရွယ်မှာ စီးပွားရေး ပျက်ကပ်တွေ ကြုံခဲ့တာကြောင့် အလုပ်ကျွမ်းကျင်မှုအတွက် လေ့ကျင့်မှုတွေ ပိုမိုလိုအပ်ကြပါတယ်။ Generation X တွေနဲ့ မတူတာကတော့ သူတို့ဟာ သူတို့ရဲ့ ရပ်တည်နေရတဲ့ အခြေအနေတွေအပေါ် ဘယ်တော့မှ ကျေနပ်မှုမရှိကြပါဘူး။ အဲဒါကြောင့် အမြဲတမ်း သူတို့ရဲ့ ရည်မှန်းချက်တွေ ဖြစ်မြောက်အောင် ကြိုးစားနေတတ်ပါတယ်။
ဒါပေမယ့် အများကတော့ ဒီ generation ကို ပျင်းရိတတ်သူ၊ တကိုယ်ကောင်းဆန်သူ၊ ပျက်စီးနေတဲ့သူ နဲ့ ကိုယ်ချင်းစာစိတ် မရှိတဲ့သူတွေ များတယ်လို့ သတ်မှတ်ထားကြပါတယ်။

Generation Z or Centennial Generation (1995-2010)
ဒီ generation က သူတွေကတော့ အခု အရွယ်ရောက်တဲ့သူတွေ ရောက်နေကြပါပြီ။ သူတို့ဟာ အင်တာနက်နဲ့ ဖက်ပြီး မွေးလာကြတာပါ။ သူတို့ဟာ နည်းပညာ အများစုကို ပိုင်ပိုင်နိုင်နိုင် အသုံးပြုနိုင်ပြီး တတ်လည်း တတ်ကျွမ်းလွယ်ကြပါတယ်။
သူတို့ဟာ အပြင်လောကမှာ ရှိတဲ့ လူမှုဆက်ဆံရေးထက် ဆိုရှယ် မီဒီယာမှာ ရှိတဲ့ လူမှုဆက်ဆံရေးမှာ ပိုမို အသံထွက်တတ် ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ လူမှုဆက်ဆံရေးမှာ အတိုင်းအတာ တစ်ခုအထိ လျစ်လျူရှုစေနိုင် ပါတယ်။ သူတို့ဟာ လိုချင်တာကို ချက်ချင်း လိုချင်ကြတဲ့သူတွေပါ။
သူတို့ရဲ့ ဘဝနေထိုင်မှုဟာလည်း celeb တွေ၊ Self branding သမားတွေရဲ့ လွှမ်းမိုးမှုတွေက များသောအားဖြင့် လွှမ်းမိုးထားပါတယ်။
သူတို့ဟာ အလုပ်မျိုးစုံ လုပ်နိုင်ကြပေမယ့် အာရုံ စူးစိုက်နိုင်စွမ်းကတော့ တခြား generation တွေလောက် မရှိပါဘူး။ သူတို့ဟာ လွတ်လပ်စွာ နေထိုင်ချင်ကြပြီး၊ အရာရာကို ဂျီးများ တတ်ပါတယ်။
အလုပ်အကိုင်ဟာ Millennial တွေထက် ခက်ခဲပေမယ့် အနာဂါတ်မှာ သူတို့အတွက် ယနေ့ လူတွေတောင် မမြင်ဖူး မကြားဖူးတဲ့ အလုပ်တွေ ရလာကြဦးမှာပါ။
Knowledgeworms Copyright © 2021