ထူးခြားသည့် ခေါင်းပုံစံနှင့် hammerhead flatworm ခေါ် ကြေးစည်တီကောင်ဟာ တီကောင်မျိုးတမျိုး ဖြစ်ပြီး Bipalium မျိုးစုတွင် ပါဝင်ပါတယ်။
၎င်းတို့ဟာ အသားစား တီကောင်မျိုးနွယ် တမျိုး ဖြစ်ပြီး မကြာခဏ ဆိုသလို အချင်းချင်းလည်း စားသုံးတတ်တာကို တွေ့ရပါတယ်။
အလင်းရောင်နှင့် ထိတွေ့ခြင်းကို သိပ်မခံနိုင်ကြသဖြင့် များသောအားဖြင့် ညဘက်တွင်သာ တက်ကြွစွာ လှုပ်ရှားတတ် ကြပါတယ်။
သေးငယ်ပြီး ခန္ဓာကိုယ် ပျော့ပျောင်းသော သတ္တဝါများ ဖြစ်ကြသည့် ခရုများ၊ ပက်ကျိများနှင့် တီကောင်များကို စားသုံးတတ်ကြပြီး တခါတရံမှာ အခြားသော ကျောရိုးမဲ့ အင်းဆက်များကိုလည်း စားသုံးတတ်ကြပါသေးတယ်။
၎င်းတို့၏ အစာ စားသုံးပုံကတော့ ဖမ်းယူရရှိသည့် သားကောင်များကို ခန္ဓာကိုယ်၏ ပြင်ပတွင် အထူး အင်ဇိုင်းများကို အသုံး ပြုကာ ချေဖျက် စားသုံးကြတာပါ။
အစာချေရည်များဟာ သားကောင်ကို အရည်အဖြစ် ပြောင်းလဲစေပြီး ခန္ဓာကိုယ် အောက်ပိုင်းတွင် ရှိသည့် အမွှေးများနှင့် တူတဲ့ cilia များကို အသုံးပြုကာ အစာကို စုပ်ယူပါတယ်။
ထို cilia များဟာ အလွန်သေးငယ်သည့် ခြေချောင်းလေးများ အဖြစ်လည်း အလုပ်လုပ်ပြီး ကြေးစည်တီကောင် သွားလာနိုင်ဖို့ ကူညီပေးပါတယ်။

Image: Courtesy of Pierre Gros via Justine et al. 2018 CC BY 4.0
ကြေးစည်တီကောင်များ၏ ဘဝစက်ဝန်း လည်ပတ်ပုံမှု ရှုပ်ထွေးပြီး မျိုးစိတ် တခုနှင့် တခု မတူညီဘဲ ကွဲပြားမှုတွေ ရှိကြပါတယ်။
၎င်းတို့ဟာ hermaphroditic ခေါ် အထီးနှင့် အမ မျိုးပွား အင်္ဂါ နှစ်မျိုးလုံး ပါဝင်သည့် သတ္တဝါများ ဖြစ်ပြီး မိတ်လိုက်ခြင်းနှင့် ဖြစ်စေ မလိုက်ခြင်း ဖြစ်စေ မျိုးပွားနိုင်ပါတယ်။
သို့ပေမဲ့ များသောအားဖြင့်တော့ မိတ်မလိုက်ဘဲ မျိုးပွားကြတာ ပိုများပါတယ်။
အရှေ့တောင် အာရှ ဌာနေ မျိုးရင်းဖြစ်ပြီး ကမ္ဘာအနှံ့မှာလည်း တွေ့ရတတ်တဲ့ Bipalium kewense မျိုးစိတ်ကတော့ ၎င်းတို့ ၏ ခန္ဓာကိုယ်ကို ခွဲထွက်ပြီး မျိုးပွားကြပါတယ်။
ဒီလို ဖြစ်စဉ်တွင် တီကောင်ဟာ ၎င်း၏ အမြှီးဖျားနားရှိ အပိုင်းငယ်တခုကို ခွဲထုတ်လိုက်ပြီး မိဘ၏ ကိုယ်ပွား အကောင်သစ် တခုအနေဖြင့် ပေါက်ဖွားတာ ဖြစ်ပါတယ်။
အခြား မျိုးစိတ်များတွင်တော့ အခြား ကိုယ်တိုင်ပွားနိုင်သော မျိုးစိတ်များဖြင့် မိတ်လိုက်ပြီး ဥများ ဥတတ်ကြပါတယ်။
အန္တရာယ် ရှိတဲ့ တီကောင်မျိုးစိတ်လား

Bipalium kewense မျိုးစိတ် Image: Courtesy of J. Maughn via Flickr CC BY-NC 2.0
Bipalium များဟာ တွေ့ရှိရသမျှ ကုန်းနေ ကျောရိုးမဲ့ သတ္တဝါများတွင် tetrodotoxin လို့ခေါ်တဲ့ အဆိပ်အတောက် ထွက်ရှိတတ်တဲ့ သတ္တဝါဖြစ်ပါတယ်။
Tetrodotoxin ဟာ ငါးပူတင်းများတွင် ထွက်ရှိသည့် အဆိပ်နှင့် တူညီပြီး လူကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။
ကြေးစည်တီကောင်များမှ ထွက်ရှိသည့် အဆိပ် ပမာဏကတော့ အလွန် နည်းပါးပြီး အများအပြား စားသုံးမှသာ လူအတွက် အန္တရာယ်ရှိသည့်အတွက် ၎င်းတို့ကို မစားသရွေ့ အန္တရာယ်မရှိဘူးလို့ ယူဆနိုင်ပါတယ်။
၎င်းတို့နှင့် ပတ်သက်ပြီး စိုးရိမ်စရာ တခုကတော့ မြေကြီးကို အကျိုးပြုသည့် တီကောင်များကို စားသုံးသည့်အတွက် အကျိုး ပြု တီကောင်များ ဆုံးရှုံးရတာ ဖြစ်ပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကတော့ ၎င်းတို့ဟာ တချို့ ဒေသများတွင် ၁၈ လက်မ လောက်အထိ ကြီးထွားတတ်ပြီး တခါတလေ မြွေများနှင့် မှားယွင်း ထင်မြင်ခံရလေ့ ရှိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 23/8/2022