ပျားများဟာ သုည ကို နားလည်နိုင်ကြောင်း တွေ့ရှိမှု

Article Science

သေးငယ်သည့် အင်းဆက်များမှသည် ကြီးမားသည့် ဝေလငါးများ၊ ဆင်များ အထိ ထူးခြားသည့် အလေ့အထများ၊ အသိ ဥာဏ်များနှင့် အာရုံခံစနစ်များကို ပိုင်ဆိုင် ထားကြပါတယ်။

လူသားများဟာ သုညကဲ့သို့ ဘာမှမရှိဘူးလို့ အဓိပ္ပါယ်ရတဲ့ သင်္ချာ သဘောတရားများကို တွေးတောဆင်ခြင်နိုင်သည့် တခုထဲသော မျိုးစိတ်တော့ မဟုတ်ပါဘူး။

အကြောင်းကတော့ အခြား တိရိစ္ဆာန်များကို လေ့လာမှုများ ပြုလုပ်နေရင်း လေ့လာမှု တခုမှာ ပျားများတွင် သုညဂဏန်းဟာ ၁ ထက် နည်းတယ်ဆိုတာ နားလည်နိုင်ကြောင်း တွေ့ရှိခဲ့ရလို့ပါ။

လင်းပိုင်များ၊ ကြက်တူရွေး တမျိုးဖြစ်သည့် African grey နှင့် လူမဟုတ်သည့် မျောက်ဝံများဟာ “သုည” အယူအဆကို နား လည်နိုင်စွမ်း ရှိပါတယ်။

ဒါပေမယ့် ယခုလို ပျားကဲ့သို့ သေးငယ်သည့် ဦးနှောက်ပိုင်ဆိုင်ထားတဲ့ အင်းဆက်များမှာ ဒီလို နားလည်နိုင်စွမ်း ရှိတာကို အံ့ အားသင့်ခဲ့ကြောင်း ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ RMIT တက္ကသိုလ်မှ ထုတ်ပြန်ချက် တခု အရ သိရှိရပါတယ်။

လူသား ဦးနှောက်တွင် ရှိသည့် နျူရွန် (neuron) ပေါင်း ၈၆ ဘီလီယံလောက်နှင့် နှိုင်းယှဉ်ပါက ပျားများ၏ ၁ သန်းလောက်သော နျူရွန်များဟာ အတော်ကို နည်းပါးပါတယ်။

သို့ပေမဲ့ အချို့သော အတိုင်းအတာများဖြင့် လူသားများ မူကြိုမတိုင်ခင် နားမလည်နိုင်သည့် အရာများကို နားလည်နိုင်တယ်လို့ NPR မီဒီယာမှ ဖော်ပြခဲ့ပါတယ်။

သုတေသီများဟာ တြိဂံများ သို့မဟုတ် စက်ဝိုင်းများကဲ့သို့ သင်္ကေတ အစုံပါရှိသည့် ကတ် ၂ ခု ကို ဖန်တီးခဲ့ပါတယ်။

ထို့နောက် ၎င်းတို့ဟာ လေ့ကျင့်ပေးထားသည့် ပျားများကို ပိုမို အရေအတွက် နည်းသည့် သင်္ကေတများ ရှိရာဆီသို့ ပျံသန်းစေပါတယ်။

(သုတေသီများဟာ ပျားများကို ချိုသည့် အရာများ ဆုချပြီး သင်ကြားပေးပါက လျှင်မြန်စွာ တတ်မြောက်နိုင်တယ်လို့ သိရပါတယ်။)

လေ့ကျင့်ပေးထားသည့် ပျားများကို သုတေသီများဟာ သင်္ကေတ တခု ပါဝင်သည့် ကတ်နှင့် ဘာမှမပါသည့် ဗလာ ကတ်တခုကို ပြသခဲ့ပါတယ်။

ယခင်က ၎င်းတို့ကို အရေအတွက်များဖြင့် ရွေးချယ် တတ်အောင် သင်ကြား ပေးထားတာ ဖြစ်ပေမယ့် ယခု အခါမှတော့ ဗ လာကတ်ကို မသင်ကြားဘဲ ပြသခဲ့တာပါ။

ထူးခြားစွာနဲ့ ပျားများဟာ ဘာမှ မပါသည့် ဗလာကတ်ဆီသို့ မကြာခဏ ပျံသန်းပြီး ၎င်းတို့ဟာ “သုည” ဆိုတဲ့ အဓိပ္ပါယ်ကို သိရှိနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

၎င်းတို့ဟာ ဗလာကတ်ဆီသို့ သင်္ကေတ တခုပါသည့် ကတ်ထက် မကြာခဏ ဆိုသလို ပျံသန်းသွားပြပေမယ့် သင်္ကေတများ တိုးလာတဲ့ အခါမှာတော့ ၎င်းတို့ခွဲခြားရန် ပိုလွယ်ကူလာခဲ့ပါတယ်။

NPR တွင် ဖော်ပြချက်အရ ကတ်များတွင် သင်္ကေတ ၄ ခုအထိ ရှိလာခဲ့တဲ့ အခါမှာတော့ ပျားများဟာ သုညဆီကို ပိုမို ပျံ သန်းသွားတာကို တွေ့ခဲ့ရပါတယ်။

ဒါဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေအရ “ဘာမှမရှိဘူး” ဆိုတာကို နားလည်အောင် ဖြစ်စေတာ ဖြစ်တယ် လို့

သုတေသန စာတမ်းကို ဦးဆောင်ရေးသားသူ RMIT တက္ကသိုလ်၏ သုတေသီ တယောက်ဖြစ်တဲ့ Adrian Dyer က ထုတ်ပြန်ချက်တွင် ရှင်းပြထားပါတယ်။

ဒီလို ပျားများကို လေ့လာမှုမှ နားလည်လာသည့် သဘောတရားများဟာ အနာဂါတ် artificial intelligence (AI) ခေါ် ဥာဏ် ရည်တုများကို ဖန်တီးရာတွင် များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

Dyer မှ “တကယ်လို့ ပျားတွေဟာ အာရုံကြော ဆဲလ်ပေါင်း ၁ သန်းအောက်သာ ရှိပေမယ့် သုညကို ရိပ်မိနိုင်မယ် ဆိုရင် AI များကို လှည့်ကွက် အသစ်တွေ သင်ပေးဖို့ ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းတွေ ရှိမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

ကျွန်တော်တို့ဟာ နေ့စဉ်နှင့် အမျှ “ကြောင်တွေ ရေမကြိုက်ရတဲ့ အကြောင်း” သုတေသနများမှ အစ “ခွေးတွေ ခြေထောက်မြှောက်ပြီး ဆီးသွားသည့်” သုတေသနများ အဆုံး သုတေသန မျိုးစုံကို တွေ့နေရတဲ့အတွက် ဒါတွေဟာ အကျိုးမရှိဘူး ထင်ကောင်းထင်ပါလိမ့်မယ်။

သို့ပေမဲ့ ယနေ့ခေတ် လူသားများ အသုံးချနေသည့် နည်းပညာ အတော်များများဟာ ထိုသုတေသန များမှ တဆင့် ရရှိလာသည့် အယူအဆများကို အသုံးချနေကြတာပါ။

ယခု သုတေသနကိုတော့ Science ဂျာနယ်တွင် “Numerical ordering of zero in honey bees”ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ တာဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *