လေယာဉ်၊ ရှပ်ပြေးယာဉ်နှင့် ဒေါင်လိုက် အတက်အဆင်းပါ ပြုလုပ်နိုင်မည့် Hoverjet အကြောင်း

Innovation Tech

နီဗားဒါးပြည်နယ် အနောက်မြောက်ပိုင်း Reno တွင် အခြေစိုက်သည့် Valkyrie Systems Aerospace ကုမ္ပဏီဟာ ၎င်း၏ Guardian လို့ အမည်ပေးထားတဲ့ HoverJet လေယာဉ် အယူအဆ ဒီဇိုင်းကို အကောင်အထည်ဖော်တော့မှာပါ။

ဒီလို အကောင်အထည် ဖော်နိုင်ဖို့ကို အမေရိကန် လေတပ်က ခွင့်ပြုခဲ့တာဖြစ်ပြီး အဆိုပါ လေယာဉ်ဟာ လျှပ်စစ်စွမ်းအင်ဖြင့် ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်ပြီး ဂျက်အင်ဂျင်ဖြင့် မြန်နှုန်းမြှင့် မောင်းနှင်နိုင်မှာပါ။

လေယာဉ်ဟာ ရေပြင်နှင့် ဝေဟင် နှစ်မျိုး စလုံးမှာ လှုပ်ရှား နိုင်စွမ်း ရှိပြီး ရှပ်ပြေးယာဉ် hovercraft များကဲ့သို့လည်း စွမ်းဆောင် နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် လေတပဟ်ဟာ ၎င်း၏ AFWERX မြန်နှုန်းမြင့် ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်သည့် လေယာဉ် (HSVTOL) လေယာဉ်သစ်များကို ထုတ်လုပ်ဖို့ ရည်မှန်းနေတာပါ။

V-22

ဒီလို မျိုးဆက်သစ် လေယာဉ်များကို လက်ရှိ အမေရိကန် မရင်းတပ်ဖွဲ့တွင် တွင်ကျယ်စွာ အသုံးပြုနေတဲ့ V-22 Osprey တွေ ကို အစားထိုးဖို့လည်း ဖြစ်နိုင်ပြီး V-22 ထက်လည်း များစွာ မြန်ဆန်မှာပါ။

Valkyrie ရဲ့ Hoverjet လေယာဉ် အယူအဆဟာ အမေရိကန် လေတပ်၏ လိုအပ်ချက်နှင့် တထပ်တည်း ဖြစ်နေပြီး အထူး သဖြင့် ၎င်းဟာ လျှပ်စစ်စွမ်းအင်ဖြင့် ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်ကာ ဂျက်အင်ဂျင်သုံးပြီး ပျံသန်းနိုင်ခြင်းက အားသာချက်တခု ဖြစ်စေပါတယ်။

ဒေါင်လိုက် အတက်အဆင်း လုပ်ရန်အတွက် ပန်ကာ ၄ လုံးပါဝင်သည့် quadcopter ဒီဇိုင်းပုံစံ (အပေါ်အောက် ပန်ကာ ၁ လုံးစီဆိုပါက ၈ လုံးဖြစ်နိုင်) ကို တွဲဖက်ထားပြီး Pratt & Whitney 545c turbofan ဖြင့် ဝေဟင်တွင် ပေါင် ၈,၂၀၀ လောက်ရှိတဲ့ နောက်ထပ်တွန်းကန်အားကို ဖြည့်ဆည်းပေးမှာပါ။

Image: Courtesy of Valkyrie Systems Aerospace

ရလဒ်အနေဖြင့် Valkyrie ရဲ့ Guardian Hoverjet ဟာ ပုံမှန် ပျံသန်းနှုန်း တနာရီလျှင် ၃၄၀ မိုင်နှုန်းမှသည့် အသံအောက် transonic အမြန်နှုန်း တနာရီ မိုင် ၇၀၀ နှုန်းဖြင့် အမြင့်ဆုံး ပျံသန်းနိုင်မှာပါ။

ဒါ့အပြင် လေယာဉ်ကို ၁၅ နာရီလောက် မရပ်မနား ဆက်တိုက် ပျံသန်းနိုင်ပြီး အမြင့်ပေ ၄ သောင်း လောက်အထိ တက်ရောက်နိုင်မယ် ဆိုပါတယ်။

ဒီ Hoverjet ဟာ သေးသေးလေးတော့ မဟုတ်ပါဘူး။ အရွယ်အစားဟာ အလျား ၂၄ ပေ၊ အကျယ် ပေ ၃၀ နှင့် အမြင့် ၆ ပေလောက် ရှိပြီး အလေးချိန် ပေါင် ၄,၂၀၀ လောက် ရှိပါတယ်။

ယာဉ်ပေါ်တွင်‌ လေယာဉ်မှူး၊ လောင်စာဆီ အပါအဝင် ဝန်ချိန် ပေါင် ၂ ထောင်လောက် ထပ်မံ တင်ဆောင်နိုင်ပြီး စုစုပေါင်း အလေးချိန် ပေါင် ၁၂,၀၀၀ လောက်နှင့်တောင် ပျံတက်နိုင်ပါတယ်။

Image: Courtesy of Valkyrie Systems Aerospace

Valkyrie ဟာ ဒီ Guardian လေယာဉ် တစင်းသာ ထုတ်လုပ်ဖို့ လုပ်ဆောင်နေတာ မဟုတ်ပါဘူး။

နောက်ထပ် Guardian ထက် အနည်းငယ်သေးတဲ့ Eagle မောင်းသူမဲ့လေယာဉ် တစင်းကိုလည်း ထုတ်လုပ်ဖို့ ရှိနေပါတယ်။

၎င်းဟာလည်း ရှပ်ပြေးယာဉ်၊ လေယာဉ် နှင့် ကုန်းရေနှစ်သွယ်ယာဉ် စသည့် ပုံစံ ၃ မျိုးဖြင့် အလုပ်လုပ်နိုင်ပါတယ်။

ဒီလို မြေအနေအထား မျိုးစုံကို ဆင်းသက် ပျံသန်းနိုင်တဲ့ HSVTOL လေယာဉ်များကြောင့် စစ်ဘက်ဆိုင်ရာတွင် နည်းဗျူဟာအရ များစွာ အသာစီး ရရှိနိုင်စေမှာပါ။

Image: Courtesy of Valkyrie Systems Aerospace

ကုမ္ပဏီအနေဖြင့် ၎င်း၏ လေယာဉ်များ ထုတ်လုပ်ဖို့အတွက် အမေရိကန်လေတပ်မှ သုတေသန ရန်ပုံငွေမည်မျှ ပံ့ပိုးပေးသ လဲ ဆိုတာကိုတော့ ဖော်ပြခြင်း မရှိသေးပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *