လူသား သို့မဟုတ် စူပါ တိရိစ္ဆာန်

Article Science

တကယ်တော့ လူတွေဟာ တိရိစ္ဆာန်ပဲလားဆိုတာ သံသယ ဖြစ်စရာ အကြောင်းမရှိတဲ့ အပြင် ဒီလို ပြောနိုင်တဲ့ အချက် အ လက်တွေ အများကြီးရှိပါတယ်။

အချက်အလက်များကို အခြေခံထားတဲ့အတွက် သေချာမှု ရှိပေမယ့် လက်မခံနိုင်သူများအတွက်တော့ ဒီဆောင်းပါးကို ဆက် လက် ဖတ်ရှုနေစရာ မလိုပါဘူး။

လူတွေကို တိရိစ္ဆာန်နှင့် တူညီတယ်လို့ ပြောနိုင်တဲ့ အချက်များ

လူတွေဟာ အခြား တိရိစ္ဆာန်တွေ ကဲ့သို့ပင် ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဆဲလ်ပေါင်း ထရီလီယံပေါင်း များစွာနှင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ထိုဆဲလ်များဟာ တစ်သျှူးများနှင့် ကိုယ်လက် အင်္ဂါများကို ဖွဲ့စည်းပေးထားတဲ့ အတွက် ခန္ဓာကိုယ်ကြီးဟာ အလုပ်လုပ်နေတာ ဖြစ်တဲ့အပြင် ဒီလို လေ့လာမှုတွေကြောင့် အဆင့်မြင့် ဆေးပညာများ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လူနှင့် တိရိစ္ဆာန်များတွင် ပါဝင်သည့် ဆဲလ်များကို DNA က လုပ်ဆောင်ရမှာတွေကို ဖြစ်ပေါ်စေပြီး ဆဲလ်များဟာ စွမ်းအင်ကို သိုလှောင်နိုင် ထုတ်လုပ်နိုင်၊ ခန္ဓာကိုယ်ရှိ အခြား မော်လီကျူးများကို ပို့ဆောင်နိုင်ကာ ခန္ဓာကိုယ်ထဲမှာ DNA များကို ပုံတူကူးနိုင်ကြပါတယ်။

ဆဲလ် အဆင့်မှာ လူများကို Eukaryotic သက်ရှိများလို့ ခေါ်ပြီး ဆဲလ်တွေထဲမှာ nucleus တလုံး ပါဝင်ပါတယ်။ ဒါဟာ တိရိစ္ဆာန်များနှင့် တူညီနေတဲ့ အချက်ပါပဲ။

အလားတူ လူသားများပိုင်ဆိုင်ထားတဲ့ အာရုံခံနိုင်တဲ့ စနစ်များဖြစ်ကြတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်၊ အရေပြား စသည်တို့ကိုလည်း အခြား တိရိစ္ဆာန်များမှာ ရှိနေတာပါပဲ။

လူသားတွေဟာ ရှင်သန်နိုင်ဖို့ စွမ်းအင်ရရှိရန် အတွက် တိရိစ္ဆာန်များ ကဲ့သို့ပင် အစာ စားရပါတယ်။ ဒီစွမ်းအင်များကို အသုံး ပြုပြီး ရွေ့လျားခြင်း၊ အသက်ရှူခြင်း၊ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်ခြင်းနှင့် တွေးတော့ခြင်းတွေ လုပ်ဆောင်နိုင်တာပါ။

ချီတာ သို့မဟုတ် ခြင်္သေ့များနှင့် နှိုင်းယှဉ်ပါက တနာရီ ၃ မိုင်နှုန်းလောက်သာ လမ်းလျှောက်နိုင်တဲ့ လူတွေဟာ နှေးကွေးတယ် လို့ ထင်ရပေမယ့် အစာရှာမယ်၊ ရေသောက်မယ်၊ အကာအကွယ်မှု ခိုလှုံမယ် စတဲ့ လှုပ်ရှားမှုတွေ ကတော့ ၎င်းတို့နှင့် အတူ တူ ပါပဲ။

တိရိစ္ဆာန်တွေဟာ မျိုးပွားနည်း မျိုးစံကို အသုံးပြုကြပေမယ့် လူသားများဟာလည်း မျိုးပွားကြတာပါပဲ။ ဒါဟာ အခြေခံကျတဲ့ တူညီမှု တခုပါ။

ဒါ့အပြင် လူတွေဟာ တိရိစ္ဆာန်များ နည်းတူ ဆင့်ကဲ ပြောင်းလဲနေကြတုန်းပါ။ လူတွေကို လွန်ခဲ့တဲ့ နှစ် ၂ သန်းလောက်က စတင်ဆင့်ကဲ့ ဖြစ်ပေါ်လာတယ်လို့ သတ်မှတ်ထားပြီး ပထမဆုံး လူမျိုးနွယ်ဖြစ်တဲ့ homo sapien မျိုးနွယ်ကို လွန်ခဲ့တဲ့ နှစ် ၃ သိန်းလောက်က စတင်တွေ့ရှိလာတာပါ။

လူသားများလောက် အဆင့်မမြင့်ပေမယ့် တိရိစ္ဆာန်များမှာလည်း လူသားများ နည်းတူ အန္တရာယ်ကို ရှောင်နိုင်စွမ်းတွေ၊ ၎င်းတို့၏ ဘဝ ဖြတ်သန်းဖို့အတွက် လိုအပ်သည့် နေထိုင်မှုတွေကို လုပ်ဆောင်နိုင်တဲ့ အသိဥာဏ်တွေ ရှိနေပါသေးတယ်။

ဒါ့ကြောင့် လူတွေဟာ တိရစ္ဆာန်မဟုတ်ဘူးလို့ ပြောရလောက်အောင် လုံးဝ ၁၀၀ ရာခိုင်နှုန်း ကွဲပြားသွားတာတွေ ဘာမှမရှိတဲ့အတွက် လူတွေဟာ စူပါ တိရိစ္ဆာန် တကောင်သာ ဖြစ်တယ်လို့သာ ပြောနိုင်ပါတယ်။

လူတွေနဲ့ အခြား တိရိစ္ဆာန်တွေ ဘာတွေ ကွဲပြားလဲ

စိတ်ခံစားချက်

လူတွေကို သက်ရှိလောကရဲ့ ပြိုင်ဘက်ကင်း ဖြစ်စေတဲ့ အရာကတော့ ဝမ်းသာခြင်း၊ ချစ်ခြင်းတရား၊ အကြောက်တရား စတဲ့ စိတ်ခံစားမှုတွေပါပဲ။

ဒီလိုပြောလို့ တိရိစ္ဆာန်တွေမှာ ခံစားချက်မရှိဘူးလို့ မဆိုလိုပါဘူး။ လူတွေဟာ အခြား တိရိစ္ဆာန်တွေထက် ဒီခံစားချက်တွေနဲ့ ပတ်သက်ပြီး နက်နက်နဲနဲ ရှိပါတယ်။

ဥပမာအားဖြင့် လူတွေဟာ ခံစားချက်များကို ဘာသာစကား၊ အနုပညာ၊ ဂီတ စသည် နည်းလမ်း ပေါင်းစုံနှင့် ခံစားနိုင် ပြသနိုင်ကြပါတယ်။

ယဉ်ကျေးမှု နှင့် ဓလေ့

ယဉ်ကျေးမှုနှင့် ဓလေ့ဆိုတာ ယုံကြည်မှုတွေ၊ တန်ဖိုးထားမှုတွေ နှင့် လူ့အဖွဲ့အစည်းမှ သတ်မှတ်ထားတဲ့ အကောင်း နှင့် အ ဆိုး အရာတွေပဲ ဖြစ်ပါတယ်။

လူတွေ နေ့စဉ် အဝတ်အစား ဝတ်ဆင်ပုံတွေ၊ စားသောက်တဲ့ ပုံစံတွေ နှင့် အရာရာအားလုံးဟာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၏ လွှမ်းမိုးမှုအောက်မှာ ရှိနေပြီး ခြင်္သေ့လို တိရိစ္ဆာန်များ အတွက်တော့ အုပ်စုဖွဲ့နေ၊ အတူ အမဲလိုက်ပြီး သားပေါက်လေးတွေကို စောင့်ရှောက်တာကလွဲပြီး ထူးခြားတဲ့ ဓလေ့ မရှိပါဘူး။

ပိုပြီး အသိဥာဏ်ရှိ

လူတွေရဲ့ အစာကွင်းဆက်ရဲ့ ထိပ်ဆုံးရှိနေတာ၊ ကမ္ဘာကြီးကို ချယ်လှယ်ချုပ်ကိုင်နိုင်တာ စတဲ့ အင်အားကြီးမားမှု တွေဟာ ခွန် အားကြောင့်မဟုတ်ဘဲ အသိဥာဏ်ကြောင့် ဖြစ်ပါတယ်။

ချင်ပန်ဇီတွေဟာ တုတ်တွေ ခဲတွေသုံးပြီး လက်နက်အဖြစ် အသုံးပြုနိုင်ပြီး ငှက်တွေဟာ အသိုက်တွေကို ဆောက်နိုင်ပေမယ့် ၎င်းတို့ဟာ ရှုပ်ထွေးလွန်းလှတဲ့ သင်္ချာ ပြဿနာတွေကိုတော့ ဖြေရှင်းနိုင်စွမ်း မရှိပါဘူး။

ဆက်သွယ်ဖို့ ဘာသာစကားကို အသုံးပြု

လူသားတွေဟာ အချင်းချင်း ဆက်သွယ်ဖို့ ဘာသာ စကားတွေ၊ စာပေတွေကို အသုံးပြုတဲ့ တခုထဲသော သက်ရှိဖြစ်ပါတယ်။

အခြား တိရိစ္ဆာန်တွေဟာ ဘာသာစကားကို စာပေတွေ အနေဖြင့် အသုံးမပြုပေမယ့် Koko ဂေါ်ရီလာဟာ ဘဝ တလျှောက် လုံးမှာ လူ့ဘာသာစကား သင်္ကေတပေါင်း ၁ ထောင်လောက် လေ့လာနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပရိုင်းမိတ်များဟာလည်း သင်္ကေတ စကားလုံးပေါင်း ၂ ထောင်လောက်အထိ မှတ်သားနိုင်တဲ့အတွက် လူသားတွေဟာ မျောက်ဝံတွေနဲ့ နီးစပ်တယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။

အနာဂါတ်အတွက် အစီအစဉ်ဆွဲနိုင်

အနာဂါတ်အတွက် ဘာတွေလုပ်မယ် ဆိုတဲ့ စီစဉ်မှုတွေဟာ တွေးတောခြင်းကနေ ဖြစ်ပေါ်လာတာ ဖြစ်ပြီး မလိုလားအပ်တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ပါတယ်။

အခြား တိရိစ္ဆာန်များကတော့ အချိန်တွေကို သတိမမူနိုင်တဲ့အတွက် ၎င်းတို့ဟာ အခြေအနေကို ကြည့်ပြီးသာ လှုပ်ရှားလေ့ ရှိကြပါတယ်။

အရာဝတ္ထုများကို အသုံးပြုနိုင်

လူတွေဟာ သံရိုက်ဖို့ တူတချောင်းကို အသုံးပြုနိုင်သလို အစာစားဖို့ ဇွန်းကို အသုံးပြုနိုင်တဲ့အတွက် ပစ္စည်းတွေကို ကောင်း ကောင်း အသုံးချနိုင်စွမ်း ရှိပါတယ်။

မျောက်တွေဟာ အစေ့အဆန်တွေကို စားဖို့ ကျောက်ခဲနှင့် ထုတတ်ကြသလိုမျိုး အချို့ တိရိစ္ဆာန်များဟာ အရာဝတ္ထုတွေ အ သုံးပြုကြပေမယ့် လူတွေလောက်တော့ တွင်တွင်ကျယ်ကျယ် အသုံးမပြုတတ်ကြပါဘူး။

အခြား တိရိစ္ဆာန်များကို ထိန်းချုပ်နိုင်

လူတွေဟာ တိရိစ္ဆာန်တွေကို မွေးမြူ ထိန်းချုပ်ပြီး လိုသလို စေခိုင်းလာခဲ့တာ နှစ်ထောင်ပေါင်းများစွာ ရှိခဲ့ပြီး ဖြစ်ပါတယ်။

တိရိစ္ဆာန်များမှာတော့ ဒီလို လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။

ဒါဆို လူတွေဟာ ဘာလဲ

အထက်က ဖော်ပြခဲ့သလိုပဲ လူသားများဟာ ဆဲလ်များနှင့် ဖွဲ့စည်းထားပြီး လှုပ်ရှားပုံ စွမ်းအင်လိုအပ်ပုံ နှင့် အခြေခံ အချက် အလက် တော်တော်များများဟာ တိရိစ္ဆာန်များနှင့် အတူတူပဲ ဖြစ်ပါတယ်။

အဓိက လူသားများနှင့် တိရိစ္ဆာန်များ ကွဲပြားသွားသည့် အချက်က အသိဥာဏ် ပိုမိုကောင်းမွန်မှုသာ ဖြစ်တဲ့အတွက် ဒီတချက်လေးက အရာရာအားလုံးကို ပြောင်းလဲသွားစေတာပါ။

ဒါ့ကြောင့် အခြား သက်ရှိများနှင့် မတူ တမူထူးခြားတဲ့ လူသားများဟာ အကောင်းဆုံး တိရိစ္ဆာန်များ ဖြစ်တဲ့အတွက် စူပါ တိရိစ္ဆာန်များလို့ နာမည်တပ်ရင်တောင် မှားမယ် မထင်ပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.