ရေခဲခွဲ သင်္ဘောကြီးများ အကြောင်း

Article Tech

ကမ္ဘာပေါ်ရှိ ရေလမ်းကြောင်းများတွင် မြောက်ပိုင်းရှိ ရေခဲပြင်ကြီး ရှိတဲ့ ပင်လယ် ရေလမ်းကြောင်းဟာ အထူး ခက်ခဲပြီး ပုံမှန်အားဖြင့် သင်္ဘောများအနေနဲ့ သွားလာဖို့ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် သွားလာနိုင်တဲ့ နည်းလမ်း တခုတော့ ရှိပါတယ်။

အဲဒါကတော့ icebreaker လို့ခေါ်တဲ့ ကြီးမားတဲ့ နျူကလီးယား စွမ်းအင်သုံး ရေခဲခွဲ သင်္ဘောကြီးများနှင့် ပူးတွဲ သွား လာတဲ့ နည်းလမ်းဖြစ်ပါတယ်။

ရေခဲခွဲ သင်္ဘောကြီးများဟာ ရေခဲအထူ မီတာ တော်တော် များများ အထိ ခွဲပစ်နိုင်ပြီး မီတာ ဆယ်ဂဏန်းလောက် ရှိတဲ့ ရေ လမ်း ကြောင်းကို ဖန်တီးပေးနိုင်ပါတယ်။

ဒီလို ရေခဲတွေကို ခွဲပြီး သွားလာခြင်းဟာ အာရှမှ ဥရောပ လမ်းကြောင်းကို အဆပေါင်းများစွာ မြန်ဆန်စေပြီး လောင်စာဆီပမာဏကို ချွေတာနိုင်ပါတယ်။

သမားရိုးကျ စွမ်းအင်သုံး ရေခဲခွဲ သင်္ဘောကြီးများကိုတော့ နိုင်ငံ တော်တော်များများက ပိုင်ဆိုင်ကြပါတယ်။

နျူကလီးယား စွမ်းအင်သုံး ရေခဲခွဲ သင်္ဘောကြီးများ အားလုံးကိုတော့ ယခင် ဆိုဗီယက် ယခု ရုရှားက ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်တွင် အကြီးဆုံး ရေခဲခွဲသင်္ဘောများ

လက်ရှိ ကမ္ဘာပေါ်တွင် အကြီးဆုံး ရေခဲခွဲ သင်္ဘောများကတော့ (Project 22220) LK-60Я အတန်းအစား သင်္ဘောများပဲ ဖြစ်ပါတယ်။

၇ စီး အထိ တည်ဆောက်ဖို့ လျာထားတဲ့အနက် ၂၀၂၁ ခုနှစ်အထိ Arktika နှင့် Sibir တို့ဟာ တာဝန် ထမ်းဆောင် နေပြီ ဖြစ်ပြီး တတိယမြောက် Ural ကိုလည်း ပြီးစီးထားပါတယ်။

စတုတ္ထမြောက် သင်္ဘော Yakutiya နှင့် ပဥ္စမမြောက် Chukotka ကိုတော့ စိန့်ပီတာဘတ်မြို့ရှိ ဘော်တစ် သင်္ဘောကျင်းတွင် ရေချထားပါတယ်။

၎င်းတို့ဟာ အရှည် ၅၆၉ ပေရှိပြီး ၁၇၅ မဂ္ဂါဝပ် ထုတ်ပေးနိုင်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုမှ စွမ်းအင်ပေးထားတာ ဖြစ်ကာ အလေးချိန် တန်ချိန် ၃ သောင်း ၃ ထောင် ခန့် ရှိပါတယ်။

ရေယာဉ်တွင် အမှုထမ်း စုစုပေါင်း ၇၅ ယောက်လောက် လိုက်ပါနိုင်ပြီး တပ်ဆင် ထားသည့် နျူကလီးယား ဓာတ်ပေါင်းဖိုကြောင့် သင်္ဘောဟာ လောင်စာဆီ မဖြည့်တင်းဘဲ ၇ နှစ်ခန့် ဆက်တိုက် မောင်းနှင်နိုင်ပါတယ်။

သင်္ဘောဟာ ရေခဲ အထူ ၃ မီတာလောက်ကို ခွဲပစ်နိုင်ပြီး ယခင်မျိုးဆက် သင်္ဘောများဟာ ရေခဲ အထူ ၂.၃ မီတာလောက်သာ ခွဲနိုင်တာပါ။

ရေခဲခွဲ သင်္ဘောများဟာ ရေခဲတွေကို ခွဲပစ်နိုင်ဖို့ ၎င်းတို့၏ အလေးချိန်ကို မှီခိုပြီး အလုပ်လုပ်ရတာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ်ဟာ ရိုးရှင်းပေမယ့် အလေးချိန်များတဲ့ သာမန် သင်္ဘော တစင်းကတော့ ဒီလို လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

အထူ ၃ မီတာလောက်ရှိတဲ့ ရေခဲများကို ချိုးဖျက်ဖို့ဆိုတာ သင်္ဘောပေါ်မှာ အလွန် အားကောင်းတဲ့ စွမ်းအင် စနစ်နှင့် သင်္ဘောကိုယ်ထည်ကို ထိခိုက်မှုများမှ ကာကွယ်ပေးဖို့ ခိုင်ခံ့တဲ့ အကာအကွယ်တွေ လိုအပ်ပါတယ်။

ကိုယ်ထည်ကို နှစ်ထပ်ပုံစံ ဖွဲ့စည်းထားသည့်အတွက် သင်္ဘောကိုယ်ထည်ဟာ ကြံ့ခိုင် တောင့်တင်းမှုရှိပါတယ်။

အပြင်ဘက် ကိုယ်ထည်ကို အပိုဆောင်း သတ္တုများနှင့် ကိုယ်ထည်သုတ် ပိုလီမာ ဆေးများနှင့် အားဖြည့်ထားကာ ပွတ်တိုက်မှုဒဏ်မှာ ခံနိုင်အောင် တည်ဆောက်ထားပါတယ်။

နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို တပ်ဆင်ထားတာ ဖြစ်တဲ့အတွက် သင်္ဘောကို အနားပေးရာမှာလည်း နျူကလီးယား စွန့် ပစ် ပစ္စည်းများကို ကိုင်တွယ်ဖို့ လိုတဲ့အတွက် ကုန်ကျစရိတ် ကြီးမားပါတယ်။

ရေခဲခွဲသင်္ဘော၏ ဦးပိုင်းရဲ့ အောက်ခြေဟာ ရေခဲများကို ခွဲနိုင်ဖို့ရာ စည်ပိုင်းပုံစံ တည်ဆောက်ထားရပါတယ်။

ဒီလို ဒီဇိုင်းဟာ ရေခဲတွေကို ခွဲရာမှာ အသုံးဝင်ပေမယ့် ပုံမှန် ရေပြင်မှာ ခုတ်မောင်းရင်တော့ အတော်လေး အနှောင့်အယှက်များပါတယ်။

၎င်း၏ အောက်ခြေ ပုံသဏ္ဍာန်ကြောင့် သင်္ဘောကို မတည်ငြိမ် လှုပ်ရှားနေတတ်သလို ယိမ်းထိုး နေတတ်ပါတယ်။

ရေခဲခွဲ သင်္ဘောများဟာ ရေခဲပြင်ကြီးကို ဖြတ်ကျော်ရာမှာ အလွန်ကို အသုံးဝင်သည့် သင်္ဘောများ ဖြစ်ကာ နောက်ထပ်လည်း ရေခဲခွဲသင်္ဘော အသစ်တွေ ဆက်လက်မြင်တွေ့နေရဦးမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.