ခေတ်သစ် စစ်ပွဲများဟာ နျူကလီးယားလက်နက်များနှင့် မလွဲမသွေ ဆက်နွယ်နေသည့်အတွက် နိုင်ငံကြီးများဟာ ဖြစ်လာနိုင်သည့် အနာဂါတ် စစ်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားကြပါတယ်။
ဒီလိုကြိုတင် ပြင်ဆင်ရာမှာ နျူကလီးယား စစ်ပွဲများကို ရှောင်ရှားနိုင်ပြီး ထိပ်ပိုင်း အရာရှိများနှင့် ပျံသန်းကာ စစ်ဆင်ရေး နှင့် ကွပ်ကဲရေးများကို ဆောင်ရွက်နိုင်တဲ့ “doomsday plane” လေယာဉ်များဟာလည်း အရေးပါတဲ့ ကဏ္ဍက ပါဝင်နေပါတယ်။
ထိုကဲ့သို့ လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ဖို့ နျူကလီးယားလက်နက်ကို ရှောင်ရှားနိုင်သည့် လေယာဉ်ကြီးများကို ပိုင်ဆိုင်ထားသည့် နိုင်ငံမှာ ကမ္ဘာပေါ်တွင် ရုရှားနှင့် အမေရိကန် ၂ နိုင်ငံသာ ရှိပါတယ်။
အမေရိကန်ဟာ အဆိုပါ လေယာဉ်အဖြစ် Boeing 747 ခရီးသည်တင် လေယာဉ်ကြီးကို မွမ်းမံ အဆင့်မြှင့်ထားတဲ့ Boeing E-4B ကို အသုံးပြုပြီး ရုရှားကတော့ Ilyushin II-80 ဆိုတဲ့ လေယာဉ်ကြီးကို အသုံးပြုပါတယ်။
အမေရိကန်၏ doomdsday လေယာဉ်အကြောင်းကို “နျူကလီးယား စစ်ပွဲအတွက် အမေရိကန်၏ ကွပ်ကဲရေး လေယာဉ် “Doomsday Plane” များအကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ကာ အခုတော့ ရုရှားရဲ့ Ilyushin II-80 လေယာဉ်အကြောင်းကို ဖော်ပြပေးမှာပါ။
Ilyushin II-80 ၏ ဒီဇိုင်း
Ilyushin II-80 (Maxdome) လေယာဉ်ဟာ ၁၉၈၅ ခုနှစ်မှာ ပထမဆုံး စမ်းသပ်ပျံသန်းခဲ့ပြီး မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်မှာ တရားဝင်စတင် အသုံးပြုလာပါတယ်။

အနောက်နိုင်ငံ မီဒီယာများကတော့ ဒီလေယာဉ်ကြီးကို ၁၉၉၂ ခုနှစ်မှ စတင် တွေ့ရှိခဲ့ပြီး အဲဒီ့အချိန်မှာ အသုံးပြုနေပြီလို့ ယုံ ကြည်ရပါတယ်။
ဒီလေယာဉ်ကို Ilyushin II-86 အလတ်စား ခရီးသည်တင် လေယာဉ်ကို အသုံးပြုပြီး တည်ဆောက်ခဲ့တာဖြစ်ပေမယ့် II-80 များဟာ အရပ်ဘက်သုံးလေယာဉ်များနှင့် အများကြီး ကွဲပြားပါတယ်။
၎င်းကို Maxdome လို့ခေါ်ပြီး II-86 များအတွက် အရပ်ဘက်သုံး လေကြောင်း လမ်းညွှန် စနစ်မှသုံးသည့်အမည် ဖြစ်တဲ့ Camber လို့လည်း အချို့က ခေါ်ပါတယ်။
Maxdome တွင် အမေရိကန်တို့၏ doomsday လေယာဉ်များနည်းတူ အရပ်ဘက်သုံးလေယာဉ်များနှင့် မတူညီတဲ့ တည် ဆောက်ပုံ ရှိပြီး ပြတင်းပေါက်များ မပါဝင်ပါဘူး။
ဒါ့ကြောင့်လေယာဉ်အတွင်းမှ လူများဟာ EMP နှင့် နျူကလီးယား လက်နက်မှ ထွက်ပေါ်လာသည့် သက်ရောက်မှုများကို ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။
လေယာဉ်၏ အပေါ်ဘက် တံခါးများကိုလည်း အရေအတွက် လျှော့ချထားပြီး လှေကား တခုသာ ပါရှိပါတယ်။
လေယာဉ်၏ထိပ်ပိုင်း ခေါင်းပေါ်မှာတော့ ဂြိုဟ်တုဆက်သွယ်ရေး SATCOM အင်တာနာ စနစ်ကြီးကို တပ်ဆင်ထားပါတယ်။

အမြှီးပိုင်းမှာတော့ လေယာဉ်ကို ဆွဲနိုင်ဖို့ ချိတ်တချိတ်၊ ကြိမ်နှုန်းနိမ့် အင်တာနာ (VLF) နှင် နောက်ထပ် အာရုံခံ ကိရိယာများနှင့် ဆက်သွယ်ရေး အင်တာနာများအတွက် နေရာများ ပါဝင်ပါတယ်။
လေယာဉ်တွင် လျှပ်စစ်ဂျင်နရေတာ အကြီးစား ၂ လုံးကိုလည်း အင်ဂျင်များအတွင်းမှာ ထည့်သွင်းထားပြီး လေဝင်ပေါက်နှင့် လေထွက်ပေါက် ပါဝင်ပါတယ်။
လေယာဉ်မှူးခန်းအောက်နားမှာတော့ ဆန့်ထုတ်နိုင်တဲ့ ဝေဟင်လောင်စာ ဖြည့်တင်းသည့် အရာကို တပ်ဆင်ထားပါတယ်။
အမေရိကန် Doomsday လေယာဉ်များနှင့် နှိုင်းယှဉ်ခြင်း
Boeing 747 မှ ပုံစံ ပြောင်းလဲထားတဲ့ Nightwatch လို့ခေါ်တဲ့ E-4B လေယာဉ်များဟာ ရုရှား၏ Maxdome ထက် ဆယ်စုနှစ် ၁ ခုကျော်မက စောပြီး ရှိနေခဲ့တာပါ။
လေယာဉ်တွင် EMP ဒဏ်ကို ခံနိုင်ရန်အတွက် analog စနစ်များကိုသာ တပ်ဆင်ထားတာပါ။
ဒါ့အပြင် ၃ ထပ်ရှိတဲ့ E-4B တွင် SATCOM၊ VLF နှင့် ဆက်သွယ်ရေး ကွန်ယက် ၁၃ ခုကို ဆန့်ထုတ်လိုက်ပါက ၅ မိုင်လောက်အထိ ရှိတဲ့ ဝါယာကြိုးများနှင့် ချိတ်ဆက်ထားပါတယ်။

E-4 လေယာဉ်များဟာ လေပေါ်တွင် ၃၅ နာရီလောက် ပျံသန်းနိုင်ပြီး လောင်စာအပြည့်ဖြစ်အောင် ဖြည့်တင်းဖို့ KC-135 လောင်စာဆီတင်လေယာဉ် ၂ စင်းစာ လိုအပ်ကာ အများဆုံး ၂ ပတ်လောက်အထိ မြေပြင်ပေါ် မဆင်းဘဲ ပျံသန်းနေနိုင်ပါတယ်။
ဒီလေယာဉ်များ၏ ပထမမျိုးဆက်များဟာ အနားယူပြီးဖြစ်ကာ လက်ရှိတွင် ဒုတိယ မျိုးဆက် ၄ စင်း တာဝန်ထမ်းဆောင်နေပါတယ်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလောက်က ရုရှား၏ လေယာဉ်မှ ရေဒီယို ဆက်သွယ်ရေး စနစ် ၃၉ ခု ဟာ ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်နေစဉ် ပျောက်ဆုံးခဲ့ပြီး နောက်ပိုင်းမှာ မဟာဗျူဟာအရ အရေးပါသည့် ပစ္စည်းများ မဟုတ်ဟု ကြေငြာခဲ့ပါတယ်။
ယခုလို လေယာဉ်များ၏ တတိယမျိုးဆက်ကို ရုရှားမှ မကြာခင်မှာ ပြသမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုအချိန်အထိတော့ နောက်ထပ် ဘာမှ မသိရသေးပါဘူး။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။