ကမ္ဘာကြီးကို ပူနွေးလာစေပြီး ကမ္ဘာ့ရာသီဥတုကို ကြီးကြီးမားမား ထိခိုက်နိုင်စေတဲ့ ကာဗွန်ထုတ်လွှတ်မှုကို ကဏ္ဍ အသီးသီးမှ လျှော့ချဖို့ ကြိုးစားနေကြပါပြီ။
ဩစတေးလျ သတ္တုတွင်း ကုမ္ပဏီ Fortescue and Fortescue Future Industries မှ ဗြိတိန်အခြေစိုက် Williams Advanced Engineering ကုမ္ပဏီကို ဝယ်ယူလိုက်ပြီး ထူးခြားတဲ့ စီမံကိန်းတခုကို ဖန်တီးနေပါတယ်။
အဲဒါကတော့ ကမ္ဘာ့ ပထမဆုံး Infinity Train လို့ခေါ်တဲ့ သံသတ္တုရိုင်းများကို အားသွားစရာမလိုဘဲ အမြဲတမ်း မောင်းနှင်လို့ရတဲ့ လျှပ်စစ်စွမ်းအင်သုံး ရထားကို ထုတ်လုပ်ဖို့ ကြိုးစားနေတာပါ။
ဘယ်လို အလုပ်လုပ်သလဲ
ကမ္ဘာ့ပထမဆုံး ထုတ်လုပ်ဖို့ ကြိုးစားမှု တခုအဖြစ် ချီးမွှမ်းခံထားရတဲ့ ဒီ စီမံကိန်းတွင် ရထားဟာ လျှပ်စစ်စွမ်းအင် ပြန်လည် ဖြည့်တင်းနိုင်ဖို့ ကုန်းဆင်း နေရာများတွင် gravitational energy ကို ဖန်တီးပြီး လုပ်ဆောင်သွားမှာပါ။

Infinity Train ဟာ ကမ္ဘာပေါ်တွင် ကုန်ကျစရိတ် အသက်သာဆုံး ရထား စက်ခေါင်း ဖြစ်လာမှာပါ လို့ Fortescue ကုမ္ပဏီ၏ CEO ဖြစ်တဲ့ Elizabeth Gaines က ပြောပါတယ်။
ကုန်းဆင်းတွေမှာ လျှပ်စစ်ဓာတ်အား ပြန်သွင်းနိုင်အောင် လုပ်ဆောင်မှုဟာ ဒီဇယ် လောင်စာအသုံးပြုမှုကို ရပ်တန့်နိုင်စေမယ့် ဖြေရှင်းနည်းတခုဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုကို များစွာ လျော့ကျစေနိုင်တယ်လို့ ၎င်းက ရှင်းပြပါတယ်။
ဒါ့အပြင် ရထားအား လျှပ်စစ် ဓာတ်အား ဖြည့်တင်းဖို့ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှု လိုအပ်ချက်နှင့် အားသွင်းရန် အဆောက်အအုံနှင့် ပစ္စည်းများ လိုအပ်မှုတွေကိုပါ လျှော့ချနိုင်မှာပါ။
Gaines ၏ အဆိုအရ ဒါဟာ Fortescue ကုမ္ပဏီ၏ ရထားပြေးဆွဲမှုအတွက် ဒီဇယ် သုံးစွဲမှု ရပ်တန့်ခြင်းနှင့် လေထုညစ်ညမ်းခြင်းများကို ကာကွယ်ဖို့ အရင်းအနှီး အသက်သာဆုံး လုပ်ဆောင်မှုလို့ သိရပါတယ်။
ကာဗွန် သုည ဆီသို့
ကုမ္ပဏီ ၂ ခုဟာ စွမ်းဆောင်ရည်မြင့် ဘတ္တရီနှင့် လျှပ်စစ် စွမ်းအင်သုံးစနစ်သစ်များ အပေါ် အာရုံစိုက်ခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာပါ။

ယခုလို ပြေးဆွဲနိုင်ဖို့အတွက် စွမ်းဆောင်ရည်မြင့် ဘတ္တရီနှင့် လျှပ်စစ်စနစ်များက အလွန်ကို အရေးကြီးပါတယ်။
Fortescue ကုမ္ပဏီကတော့ ၎င်းအနေဖြင့် ၂၀၃၀ ခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှုကို သုညအထိ ရောက်အောင် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
၂၀၃၀ ဆိုတာ မဝေးတော့တဲ့ ကာလ တခုဖြစ်တဲ့အတွက် Infinity Train ကို တီထွင်ဖန်တီးနေတာ အတော်လေး အောင်မြင်မှု ရရှိနေတာ ဖြစ်နိုင်ပါတယ်။
Fortescue ကုမ္ပဏီကို တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ ဒေါက်တာ Andrew Forrest ကတော့ Infinity Train ရထားဟာ ကုမ္ပဏီကို ကာဗွန် ထုတ်လွှတ်မှု သုညအထိ ရောက်ဖို့ ကူညီပေးရုံသာမက လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေ၊ ပြုပြင်ထိန်းသိမ်းစရိတ်တွေ ကို သက်သာစေပြီး ကုန်ထုတ်စွမ်းအား အတွက် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မှာပါလို့ ပြောပါတယ်။
ကုမ္ပဏီဟာ လက်ရှိမှာ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သုံး ထရပ်ကားများ နှင့် အမိုးနီးယား လောင်စာသုံး ရထားများကိုလည်း ဖန်တီးနေပါတယ်။

ဒါ့အပြင် Mermaid Australia Limited (MMA Offshore) နှင့် ပူးပေါင်းပြီး ၂၄၆ ပေ ရှိသည့် MMA Leveque သင်္ဘောအား အမိုးနီးယား လောင်စာသုံး သင်္ဘောအဖြစ် ပြောင်းလဲပေးနေပါတယ်။
လက်ရှိအချိန်အထိတော့ Infinity Train ရထားနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ နည်းပါးနေပါသေးတယ်။
အနာဂါတ်မှာ ဒီလို လျှပ်စစ် စွမ်းအင်သုံး ရထားတွေ မြင်လာရပြီဆိုရင်တော့ အနည်းနှင့် အများ ကမ္ဘာကြီးကို ကောင်းကျိုးပြုမှာတော့ အသေအချာပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။