အစ္စရေးဟာ အဝေးထိန်းစနစ်နှင့် ထိန်းချုပ်နိုင်ရုံသာမက အလိုအလျောက် စနစ်များပါ ပါဝင်သည့် စက်ရုပ် သံချပ်ကာ ယာဉ်ကို ၂၀၂၁ ခုနှစ် နှစ်ကုန်လောက်က ပြသဖူးပါတယ်။
အဆိုပါ သံချပ်ကာယာဉ်ဟာ အလေးချိန် ၁.၃ တန် ရှိပြီး ၇.၆၂ စက်ကလေး နှင့် ၀.၅ ကာလီဘာ ရှိတဲ့ စက်အမြောက်ကို တပ်ဆင်နိုင်ပါတယ်။
REX MKII လို့ခေါ်တဲ့ ဒီသံချပ်ကာယာဉ်ဟာ ယခင် Jaguar မျိုးကွဲ သံချပ်ကာယာဉ်များထက် ပိုကြီးပြီး Jaguar များကိုတော့ ဂါဇာကမ်းမြောင် ဒေသတွင်း ကင်းလှည့်ယာဉ်အဖြစ် အသုံးပြုနေတာပါ။
အဆိုပါ သံချပ်ကာယာဉ်အကြောင်းကို “အစ္စရေးမှ နည်းပညာမြင့် အလိုအလျှောက်စနစ်သုံး စက်ရုပ် ကင်းလှည့်ယာဉ်ကို ပြသ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ပိုမို စွမ်းဆောင်ရည်မြင့်လာမည့် စက်ရုပ် သံချပ်ကာယာဉ်သစ်
၂၀၂၂ ခုနှစ် ဧပြီလမှာတော့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနဟာ Iron Beam လို့ ခေါ်တဲ့ လေဆာဖြင့် ဒုံးကျည်များကို တိုက်ခိုက်နိုင်သည့် လေကာစနစ်တခုကို စမ်းသပ် ခဲ့ပါတယ်။

အခုတော့ အစ္စရေးဟာ ၎င်း၏ မောင်းသူမဲ့ မြေပြင် တိုက်ခိုက်ရေး စက်ရုပ်ယာဉ်ကို မကြာခင်မှာဘဲ စမ်းသပ်မှုတွေ စတင်တော့မယ်လို့ တရားဝင် ထပ်မံ ကြေငြာခဲ့ပါတယ်။
အဆိုပါ မောင်းသူမဲ့ မြေပြင်တိုက်ခိုက်ရေး စက်ရုပ်ယာဉ်ကို အစ္စရေး လက်နက်ကုမ္ပဏီ တော်တော်များများနှင့် ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့ Times of Israel က ဖော်ပြခဲ့ပါတယ်။
ဒီယာဉ်ကို အလတ်စား တိုက်ခိုက်ရေး စက်ရုပ်ယာဉ် Medium Robotic Combat Vehicle (M-RCV) လို့ခေါ်ကြပါတယ်။
M-RCV ဟာ ရှေ့ပြေး ကင်းထောက်ခြင်း နှင့် မြေမျက်နှာ သွင်ပြင် အမျိုးမျိုး ရှိသည့် နယ်မြေများကို ထိန်းချုပ်နိုင်ဖို့အတွက် မြင့်မားတဲ့ အလိုအလျောက်စနစ်တွေ ပါဝင်တယ်လို့ အစ္စရေး ဝန်ကြီးဌာနက ပြောပါတယ်။
ယခု ယာဉ်တွင် ရာသီဥတုမရွေး အသုံးပြုနိုင်ပြီး စစ်ဆင်ရေး ထိရောက်မှုကို အဓိကထားကာ ရိုးရှင်းပြီး၊ ထိန်းချုပ်မောင်းနှင်မည့်သူ လိုအပ်မှု အနည်းဆုံး အနေအထားဖြင့် မောင်းသူမဲ့ယာဉ်တွေရဲ့ မတူညီတဲ့ အခင်းအကျင်း ပေါင်းစပ်မှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ခေတ်မှီ နည်းပညာ အများအပြား ထည့်သွင်းထားတဲ့ ဒီ M-RCV ကို ပဲရစ်မြို့မှာ ကျင်းပနေတဲ့ Eurosatory ကာကွယ်ရေး ပစ္စည်းပြပွဲမှာ ပထမဆုံး ပြသခဲ့တာ ဖြစ်ပါတယ်။
၎င်းတွင် တင့်ဖျက် ဒုံးပစ်လောင်ချာ နှင့် ဒရုန်းများကို ပို့ဆောင်နိုင် လက်ခံနိုင်သည့် စနစ်များ ပါဝင်ပါတယ်။
လေးလံသည့် ဝန်များကိုလည်း သယ်ဆောင်နိုင်သည့် အစွမ်း ရှိပြီး အဆင့်မြင့်မားသည့် မောင်းနှင် လှုပ်ရှားမှု များလည်း ပြု လုပ်နိုင်စွမ်း ရှိပါတယ်။
ယာဉ်ပေါ်တွင် ၁၂.၇ မီလီမီတာ စက်လေးတလက် နှင့် ၃၀ မီလီမီတာ ရှိတဲ့ အတွဲလိုက်ပစ် စက်ကြီး တလက်တို့ကို တပ်ဆင်ထားပါတယ်။
ယာဉ်ကို အဓိက တည်ဆောက်နေတဲ့ ကုမ္ပဏီဟာ BL Advanced Ground Support Systems ဖြစ်ပေမယ့် ၃၀ မီလီမီတာ စက်ကြီးနှင့် ဆုံလည်ကိုတော့ အစ္စရေး တင့်ကားနှင့် သံချပ်ကာ လူတင်ယာဉ် ဆိုင်ရာ ညွှန်ကြားရေးမှုရုံးမှ ဖန်တီး ထားတာ ဖြစ်ပါတယ်။

မြေမျက်နှာပြင် အမျိုးမျိုးတွင် ကောင်းမွန်စွာ သွားလာနိုင်ပြီး drive by wire နည်းပညာကို အသုံးပြုထားကာ ယာဉ်၏ လှုပ် ရှား သွားလာမှုများကို ကွန်ပျူတာ စနစ်မှ တဆင့် ထိန်းချုပ်နိုင်ပါတယ်။
ဒီနည်းပညာဟာ လေယာဉ်များ၏ Fly-by-wire နည်းပညာမှ ဆင်းသက်လာဖွယ်ရှိပြီး Fly-by-wire နည်းပညာဟာ လေ ယာဉ်မှူးမှ ကိုယ်တိုင် အရာရာကို ထိန်းချုပ် မောင်းနှင်ရခြင်းကို ကျော်လွှားနိုင်ပြီး ကွန်ပျူတာစနစ်ဖြင့် လေယာဉ်အား တည် ငြိမ်စေရန် ထိန်းချုပ် ပျံသန်း နိုင်စေပါတယ်။
6×6 ၆ ဘီးတပ် စနစ်ဖြင့် ယာဉ်ကို မောင်းနှင်စေပြီး အရည်ဖိအားမှ လည်ပတ်စေသည့် hydro-static hub motor များကို တပ်ဆင်ထားသည့်အတွက် မမျှော်မှန်းနိုင်သည့် အတားအဆီးများကို ဖြတ်ကျော်နိုင်ပါတယ်။
ဒီစနစ်ကြောင့် မညီညာသည့် မြေမျက်နှာပြင် သို့မဟုတ် အတားအဆီးများ ကဲ့သို့သော အရာများဟာ အမြင့် ၁.၅ သို့မဟုတ် အနက် ၁ မီတာလောက် ရှိသည့်တိုင်အောင် ယာဉ်ကို အနှောင့်အယှက်မဖြစ်စေဘဲ ချောမွေ့စွာ မောင်းနှင်စေနိုင်မှာပါ။
၆၁၀ မီလီမီတာ ရှိတဲ့ Hydro-pneumatic suspension စနစ်များကိုလည်း တပ်ဆင်ထားသဖြင့် ဘီးအမြင့်များကို လိုသလို ပြောင်းလဲနိုင်ပါတယ်။

ဒီလို လက်နက်တပ်ဆင်ထားသည့် စက်ရုပ်ယာဉ်များနှင့် အတူ အစ္စရေးဟာ ဒရုန်းများ၊ ပဲ့ထိန်း ဒုံးကျည်များကိုလည်း အသုံး ပြု နေပြီး ၂၀၀၇ ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ခဲ့သည့် ဟားမက်စ် အဖွဲ့အပေါ် ကြီးမားတဲ့ နည်းဗျူဟာ အ သားစီး ရစေခဲ့တယ်လို့ CBS မှ ဆိုပါတယ်။
ဝင်ရောက်လာမည့် အန္တရာယ်များကို ကာကွယ်နိုင်မည့် active defense system ကိုတော့ Elbit Systems က ဖန်တီးပေးထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် တပ်ဆင်ထားသည့် ဒုံးပစ်လောင်ချာဟာ Rafael Advanced Defense Systems ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် နာမည်ကျော် Spike တင့်ဖျက် ဒုံးများကို ပစ်လွှတ်နိုင်ပါတယ်။
မောင်းသူမဲ့ စက်ရုပ်ယာဉ်တွင် ဒရုန်းများကို လွှတ်တင်နိုင် ဖမ်းယူနိုင်သည့် စက်ရုပ်လက်တခုလည်း ပါဝင်တာကို တွေ့ရသည့် အတွက် အခါသုံး loitering ဒရုန်းလက်နက်များကိုလည်း အသုံးပြုနိုင်ဖွယ် ရှိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။