ဆိုဗီယက်ခေတ်၏ Istra ဗို့အားမြင့် သုတေသန စင်တာ သို့မဟုတ် တက်စလာ လျှပ်စစ်ထုတ် သုတေသနစက်ကြီး ဟာ Istra မြို့ အပြင်ဘက် မော်စကိုမြို့၏ အနောက်ဖက် ကီလိုမီတာ ၄၀ အကွာမှာ တည်ရှိပါတယ်။
ဒီစက်ကြီးကို ၁၉၇၀ ခုနှစ် ကာလ ဆိုဗီယက်ခေတ်အတွင်းမှာ မော်စကို စွမ်းအင် အင်ဂျင်နီယာ အဖွဲ့အစည်းမှ လည်ပတ်စေတာ ဖြစ်ပြီး ဆောက်ခါစမှာ Allure လို့ခေါ်တဲ့ ဘဲဥပုံ အမိုးကြီးဖြင့် ဖုံးအုပ်ထားတာပါ။
၁၉၈၅ ခုနှစ် ဇန်နဝါရီလ အတွင်း ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် အဆိုပါ ဘဲဥပုံ အမိုးကြီး မပြိုကျခင်အထိ ထိုနေရာမှာ electro magnetic pulse (EMP) လက်နက်များ စမ်းသပ်ခဲ့ရာနေရာ ဖြစ်ခဲ့ပါတယ်။

ထိုကဲ့သို့ အမိုးပြိုကျမှုကြောင့် အဆိုပါ ဆောက်လုပ်ရေး ကြီးကြပ်ရေးမှူးအား အလုပ်မှ ထုတ်ပယ်ခဲ့ပြီး ၎င်း၏ နေရာတွင် ရုရှားနိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်လာမယ့် ဘောရစ်ယဲတ်ဆင် နှင့် အစား ထိုးခဲ့ပါတယ်။
၎င်း စက်ကြီးတွင် ဗို့အားနိမ့် DC မှ ဗို့အားမြင့် လျှပ်စစ်ကို ထုတ်လွှတ်ပေးနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး Marx generator များပါဝင်တယ်လို့ ယုံကြည်ရပါတယ်။
အဆိုပါ Marx generator များမှ မိုးကြိုးပစ်သကဲ့သို့ လျှပ်စီး ကြောင်းကြီးများ ထုတ်လွှတ်ပေးနိုင်ပြီး မူလက စစ်ဘက်ဆိုင်ရာ လေယာဉ်များ၏ မိုးကြိုး လျှပ်စီးဒဏ် ခံနိုင်ရည်ကို စမ်းသပ်ဖို့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီစက်ရုံကြီးတွင် ကြီးမားတဲ့ တက်စကာ ကွိုင်များ တပ်ဆင်ထားပြီး တချို့ဟာ အထပ် ၂၀ လောက်ရှိတဲ့ တိုက်လောက် ရှိပါတယ်။
ဒီလို မိုးကြိုး လျှပ်စီးသဖွယ် လျှပ်စီးကြောင်းများ ထုတ်လွှတ်ပေးနိုင်သောကြောင့် ဆိုဗီယက်တို့က ဒီစက်ကြီးကို “လျှပ်စီးထုတ်စက်” ဟုတ် အမည်ပေးထားကြပါတယ်။

စက်ရုံတခုလုံးမှာ ၃ မဂ္ဂါဝပ် စွမ်းအားရှိသည် ထရန်စဖော်မာ ကက်စကိတ်တခု၊ အမြင့် ၃၉.၃ မီတာ ရှိကာ မီတာ ၁၅၀ လောက်ရှိတဲ့ လျှပ်စီးကြောင်းအတု ဖန်တီးနိုင်သည့် ၉ မဂ္ဂါဝပ်ရှိတဲ့ Pulsed Voltage Generator (PVG) နှင့် ၂.၂၅ မဂ္ဂါဝပ်ရှိသည့် စဉ်ဆက်မပြတ် ဗို့အားယူနစ်စနစ် ပါဝင်ပါတယ်။
ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ဒီစက်ကြီးဟာ များသောအားဖြင့် ရပ်ဆိုင်းထားပြီး ၂၀၁၁ ခုနှစ်က Sukhoi Superjet 100 ခရီးသည်တင် လေယာဉ်အတွက် စမ်းသပ်သည့် ကာလ လောက်သာ အလုပ်လုပ်ခဲ့ပါတယ်။
လက်ရှိ Marx generator ကို အသုံးပြုမှုဟာ မရှိသလောက်ဖြစ်နေပြီး ဩဂုတ်လ ၂၀၁၄ ခုနှစ်က ၎င်း စက်ကြီးကို နောက်ဆုံး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ဒီစက်ကြီးကို ကြည့်ခြင်းအားဖြင့် ဆိုဗီယက်ခေတ်၏ နည်းပညာ ဖွံ့ဖြိုး တိုးတက်ခဲ့မှု များကို မြင်ယောင် လာစေပါတယ်။
Knowledgeworms Copyright © 2021