Marsupials မျိုးစိတ် အများအပြားဟာ ၎င်းတို့ သားငယ်များကို အိတ်ထဲတွင် မွေးမြူ ကြီးပြင်းကြသော်လည်း opossums၊ Tasmanian devils နှင့် koalas သားပိုက်ကောင်များမှာတော့ အထင်ရှားဆုံးဖြစ်ပါတယ်။
ဒါဆို သားပိုက်ကောင်အိတ်ထဲမှာ ဘယ်လိုပုံစံရှိသလဲ။
သားပိုက်ကောင်ရဲ့အိတ်ကို နောက်ပြန်ဝတ်ထားသော hoodie အင်္ကျီအဖြစ် မြင်ကြည့်နိုင်တယ် ဟု San Diego တိရစ္ဆာန်ရုံရှိ တိရစ္ဆာန်စောင့်ရှောက်ရေးမှူး Rick Schwartz က ဆိုပါတယ်။
အင်္ကျီရဲ့အဖုံးက အိတ်ဆောင်ဖြစ်ပြီး ရှုံ့ကြိုးများက အဖွင့်အပိတ် လုပ်ဖို့အတွက် မိခင် ရဲ့ကြွက်သားများ ဖြစ်ပါတယ်။ “သူမ လိုချင်ရင် နည်းနည်းတော့ ပွင့်လာမှာပါ” လို့ Schwartz က ပြောပါတယ်။
အိတ်အတွင်းပိုင်းက သားပိုက်ကောင်ရဲ့ အရေပြားပုံစံဖြစ်သော်လည်း အမွှေးမရှိပါဘူး။
၎င်းဟာ လူတစ်ဦးရဲ့ လက်ကောက်ဝတ်အတွင်းပိုင်းရှိ အရေပြားနှင့် နှိုင်းယှဥ်ကာ နူးညံ့တယ်ဟု Schwartz က ဆိုပါတယ်။

အိတ်အတွင်းပိုင်းက အလွန် နွေးထွေးပြီး မိခင်ရဲ့ ခန္ဓာကိုယ် အပူချိန်၁၀၅ ဒီဂရီ ဖာရင်ဟိုက် (၄၀.၅ ဒီဂရီ ဆဲလ်ဆီးယက် ခန့်) နှင့် အတူတူပဲ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ထိုနေရာမှာ ချွေးစေးများထွက်နိုင်ပါတယ်။
အိတ်ထဲတွင် နို့အုံလေးခု သို့မဟုတ် နို့ပြွန်လေးခု ပါရှိပါတယ်။ မေမေသားပိုက်ကောင်က ကိုယ်ဝန် ၃၂ ရက် သို့မဟုတ် ၃၃ ရက်အကြာတွင် သားပိုက်ကောင်ပေါက်ဖွားလာတဲ့အခါမှာ သူမရဲ့ကလေးက အလွန်ဖွံ့ဖြိုးခြင်းမရှိသေးပါဘူး။
ဂျယ်လီအရွယ်အစားနှင့် တစ်ဂရမ်အောက် အလေးချိန်ခန့် ရှိသော မွေးကင်းစလေးဟာ ၎င်းမိခင်ရဲ့ အိတ်ထဲသို့ တွားသွားစေဖို့ ၎င်းရဲ့ရှေ့ပိုင်းကို အသုံးပြုပါတယ်။
မိခင်သားပိုက်ကောင်က ရှည်လျားသော နို့သီးခေါင်းပေါ်တွင် ကပ်လျက် ကလေးရဲ့ခေါင်းကိုထားပြီး သုံးလခွဲမှ လေးလခန့် ထိုနေရာမှာ ထားတယ် ဟု Schwartz က ဆိုပါတယ်။
သားပိုက်ကောင်ပေါက်လေးဟာ လေးလခွဲမှ ငါးလခန့် အိတ်အတွင်းတွင် ရှိနေခဲ့ပြီး မိခင်နှင့် အမြဲနီးကပ်နေကာ အိတ်ဆောင်အပြင် စူးစမ်းမှုတွေ စတင်ကြောင်း Schwartz က ဆိုပါတယ်။

နောက်လများစွာကြတဲ့အခါမှ အဝေးကို ကြာရှည်စွာ စူးစမ်းရှာဖွေလာပြီး ၈ လသားအရွယ်မှာတော့ အမှန်တကယ် စွန့်စားမှုတွေ စတင်ရပါတယ်။
၎င်းတို့ဟာ ၁၀ လမှ ၁၂ လအတွင်း နို့ဖြတ်ပြီး ထိုအချိန်မှာတော့ အိတ်ထဲသို့ ပြန်မဝင်တော့ပါဘူး။
သားပိုက်ကောင်လေး မထွက်လာခင် အိတ်ထဲမှာ လနဲ့ချီ ကြာနေခဲ့တာကြောင့် အတွင်းထဲမှာ ဝမ်းသွားတတ်ပါတယ်။
မေမေသားပိုက်ကောင်က အိတ်ကို သန့်ရှင်းရေးလုပ်ဖို့ သူမရဲ့ ဦးခေါင်းတစ်ခုလုံးကို အိတ်ထဲထည့်ကာ သားပိုက်ကောင်ငယ်လေးရဲ့တစ်ဝိုက်က အမှိုက်များကို ဖယ်ထုတ်ဖို့ သူမရဲ့လျှာကို အသုံးပြုပါတယ်။
သားပိုက်ကောင်တွေဟာ တစ်ကြိမ်လျှင် ကလေးတစ်ကောင်သာ မွေးပါတယ်။ ဒါပေမယ့် သူတို့ မိတ်လိုက်တဲ့အခါ ကလေးကို ပြုစုပျိုးထောင်ဖို့ သင့်တော်တဲ့ အခြေအနေမဟုတ်ရင် နောက်ပိုင်း အချိန်တန်တဲ့ အခါမှသာ မိခင်က ကိုယ်ဝန်စဆောင်နိုင်တယ်ဟု Schwartz က ဆိုပါတယ်။

ဆိုလိုတာကတော့ မိတ်လိုက်ပြီးနောက် အဖို၏ မျိုးအား ထိန်းထားကာ ကိုယ်ကြိုက်တဲ့အချိန်မှာ ကိုယ်ဝန်ဆောင်နိုင်တာပါ။
သားပိုက်ကောင် အမ တွေဟာ တစ်နှစ်အတွင်း ၄ ကောင် အထိ မွေးဖွားနိုင်ပြီး မိတ်လိုက်မှု တစ်ကြိမ်သာ ပြုလုပ်စရာ လိုတယ်ဟု ၎င်းက ဆက်လက်ပြောပါတယ်။
သားပိုက်ကောင်မေမေရဲ့ ခန္ဓာကိုယ်က ပထမ သားပိုက်ကောင်ငယ်လေး လအနည်းငယ် အရွယ်အထိ နောက်ထပ် သန္ဓေ သားလောင်း ထည့်သွင်းခြင်းကို စောင့်ဆိုင်းနိုင်ပါတယ်။
“သူမခန္ဓာကိုယ်က ၈လသားအတွက် မှန်ကန်တဲ့ နို့ အာဟာရကို ထုတ်လုပ် ပေးနိုင်ပြီး တခြား နို့သီးခေါင်းက မွေးကင်းစကလေးအတွက် သင့်လျော်တဲ့ အာဟာရတွေကို ဖန်တီးပေးနိုင်ပါတယ်” ဟု Schwartz က ဆိုပါတယိ။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။