မြန်မာနိုင်ငံမှာ ငန်းတော်ကျား နှင့် ငန်းပုပ်ခေါ် တောကြီးမြွေဟောက် မျိုးများဟာ နာမည်ကြီးပါတယ်။ နှစ်မျိုးလုံးဟာ အဆိပ်ပြင်းတဲ့မြွေမျိုးစိတ်များဖြစ်ပြီး ဒီ မြွေ ၂ မျိုးမှာ ဘယ်မြွေက အဆိပ်ပိုပြင်းပြီး ဘယ်လို အလေ့အထ ရှိတယ်ဆိုတာကို ဖော် ပြ သွားမှာဖြစ်ပါတယ်။
ငန်းတော်ကြား
ငန်းတော်ကြား (Bungarus fasciatus) များဟာ အရှေ့တောင် အာရှ၊ အိန္ဒိယတိုက်ငယ်နှင့် တရုတ် တောင်ပိုင်း ဒေသများတွင် ကျင်လည် ကျက်စားကြပြီး အရှည်အားဖြင့် ၂ .၇ မီတာ (၈ ပေ ၁၀ လက်မခန့်) အထိ ရှိကြပါတယ်။
ခန္ဓာကိုယ်တွင် ကွင်းပတ်ဖြတ်ပိုင်းများ ရှိပြီး ကိုယ်ထည်ဟာ တြိဂံပုံ ဖြစ်ပြီး ငန်းတော်ကြားဟာ Krait မျိုးစုထဲမှာ အကြီးဆုံးသော မျိုးစိတ်ဖြစ်ပါတယ်။
ငန်းတော်ကြားမြွေဟာ လူတွေကို ရှောင်ရှားလေ့ ရှိပြီး ညတွင် ကျက်စားလေ့ရှိပါတယ်။ လူကို အန္တရာယ် ပေးခဲပြီး နှောင့် ယှက်ခံရသည့်အခါတွင် ခန္ဓာကိုယ်ကို ခွေထားပြီး ခေါင်းကို အောက်မှာ ဝှက်ထားလေ့ ရှိပါတယ်။
နေ့အချိန်မှာတော့ မြက်ပင်တွေ၊ တွင်းတွေ၊ ရေမြောင်းတွေထဲမှာ ခိုအောင်းနေတတ်ပြီး မိုးရာသီတွင် အတွေ့များ တတ်ပါတယ်။
ငန်းတော်ကြားဟာ အဓိကအားဖြင့် အခြား မြွေများကို စားသုံးပေမယ့် ငါး၊ ဖား၊ ကင်းလိပ်လျှော နှင့် မြွေဥများကိုလည်း စားသုံးတတ်ပါသေးတယ်။

ငန်းတော်ကြား
တောကြီးမြွေဟောက်
တောကြီးမြွေဟောက် ခေါ် ငန်းပုတ်၊ အင်္ဂလိပ်အခေါ် King Cobra၊ သိပ္ပံအမည် Ophiophagus hannah ဟာ ကမ္ဘာ့ပေါ်တွင် အဆိပ်အပြင်းဆုံး မြွေအမျိုးစားထဲမှ တမျိုးဖြစ်ပါတယ်။
တောကြီးမြွေဟောက်ကို Naja မျိုးစိတ်မှ အခြားမြွေဟောက်များကဲ့သို့ မြွေဟောက် မျိုးစိတ်လို့ သတ်မှတ်မထားဘဲ ၎င်းတွင် ကိုယ်ပိုင် မျိုးရင်း Ophiophagus ဆိုပြီး ပိုင်ဆိုင်ထားပါတယ်။
ဒီ မျိုးရင်းအမည်ဟာ အခြား မြွေများကို စားသောက်တတ်ခြင်းအပေါ် အခြေခံပြီး ဂရိဘာသာစကားမှ ဆင်းသက်လာတာဖြစ်ပြီး စပါးအုံး အပါအဝင် အခြား မြွေကြီးများကိုပါ တိုက်ခိုက်တတ်တယ်လို့ သိရှိရပါတယ်။

တောကြီးမြွေဟောက် ခေါ် ငန်းပုပ်
တောကြီးမြွေဟောက်များဟာ ကမ္ဘာ့ပေါ်တွင် ဥဥရန် အသိုက်ဆောက်တတ်ပြီး ၎င်း၏ ဥများပေါက်သည့်အထိ စောင့်ရှောက် ကာကွယ်တတ်သည့် တမျိုးထဲသော မြွေအမျိုးအစား ဖြစ်ပါတယ်။
၎င်းတို့ဟာ အသိုက်ကို ကာကွယ်နေစဉ်မှာ အလွန် ပြင်းထန်စွာ တုံ့ပြန်တတ်ကြပါတယ်။
အဆိပ်များကို နှိုင်းယှဉ်ခြင်း
တောကြီးမြွေဟောက်အဆိပ် ဟာ အဆိပ်ပြင်းတဲ့ မြွေတွေကြားမှာ အစွမ်းအထက်ဆုံး မဟုတ်ပေမယ့် တခါကိုက်လျှင် neurotoxic အမျိုးအစား အဆိပ် ပမာဏ ၅၀၀ မီလီဂရမ် လောက်အထိ ထွက်လာနိုင်ပါတယ်။
ဒီပမာဏဟာ လူ ၂၀ လောက်ကို အသာလေး ဇီဝိန် ခြွေနိုင်တဲ့ ပမာဏဖြစ်ပြီး ဆင်တကောင် အတွက်တောင် လုံလောက်ပါတယ်။
အဆိပ်ကြောင့် ဦးနှောက်တွင်ရှိသည့် အသက်ရှူစနစ်ကို ထိခိုက်စေပြီး အသက်ရှူလမ်းကြောင်း ပိတ်ခြင်းနှင့် နှလုံး ရပ်တန့်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
အဆိပ်ပမာဏ ပိုမို များပြားစွာ ထုတ်နိုင်ပြီး ဦးနှောက်အာရုံကြောကို ထိခိုက်စေသည့် လက္ခဏာများ မြန်ဆန်စွာ ဖြစ်စေတဲ့အတွက် အခြား မြွေဟောက်မျိုးစိတ်များထက် ပိုမို ပြင်းထန်တယ်လို့ ယူဆနိုင်ပါတယ်။
ငန်းတော်ကြား၏အဆိပ် ဟာ ဦးနှောက်အာရုံကြောကို တိုက်ခိုက်သည့် neurotoxin ဖြစ်ပြီး ကိုက်သည့်အခါ ပျမ်းမျှ အဆိပ် ပမာဏ ၂၀ မီလီဂရမ်မှ ၁၁၄ မီလီဂရမ်အထိ ထုတ်နိုင်ပါတယ်။
အဆိပ်ကြောင့် အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း နှင့် ခေါင်းမူးခြင်းတို့ ဖြစ်စေပါတယ်။ ပြင်းထန်စွာ အဆိပ်တက်ပါက အသက်ရှူ လမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်ပေါ်စေကာ အသက်အန္တရာယ်ကို ထိခိုက်စေပါတယ်။
အဆိပ်ထိုးသွင်းခံရပါက ငန်းတော်ကြား၏ အဆိပ်ဟာ ကျောက်ကပ်ကိုလည်း ပျက်စီးစေနိုင်ပါတယ်။
မြွေ ၂ မျိုး၏ အဆိပ်ပမာဏကို နှိုင်းယှဉ်ပါက neurotoxic အမျိုးအစားများ ဖြစ်ကြပြီး တောကြီးမြွေဟောက် ဟာ ၅၀၀ မီလီဂရမ်အထိ ထုတ်နိုင်ပြီး ငန်းတော်ကြားဟာ ၁၁၄ မီလီဂရမ် ခန့်သာ ထုတ်နိုင်ပါတယ်။
ငန်းတော်ကြားကိုက်မှု ဖြစ်စဉ်များမှ ကုသမှုမရှိသဖြင့် သေဆုံးမှုမှာ ၁-၁၀% လောက်သာရှိပြီး University of Adelaide ရဲ့ အချက်အလက်များအရ တောကြီးမြွေဟောက်ကိုက်မှု ဖြစ်စဉ်များကတော့ ကုသမှုမရှိလျှင် သေဆုံးနိုင်ချေ ၅၀ မှ ၆၀ ရာခိုင် နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် တောကြီးမြွေဟောက်ဟာ ပိုပြီး အဆိပ်ပမာဏ ပိုများတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
မည်သို့ပင် ဆိုစေကာမူ မြွေ ၂ မျိုးလုံးဟာ လူများကို ရှောင်ရှားတတ်ကြပါတယ်။ ဒီမြွေ ၂ မျိုးကြောင့် အသက် အန္တရာယ် ထိခိုက်တဲ့ အထိ ဖြစ်တာမျိုး အလွန် ရှားပါတယ်။
ဒါ့အပြင် တောကြီး မြွေဟောက်မှာလည်း မျိုးသုဉ်းနိုင်သည့် မြွေမျိုးစိတ်တွင် ပါဝင်နေပြီ ဖြစ်တဲ့အတွက် ထိုမြွေများနှင့် တွေ့ပါက အတတ်နိုင်ဆုံး မသုတ်သင်ဘဲ ရှောင်ရှားကြပါလို့ တိုက်တွန်းအပ်ပါတယ်။
တောကြီးမြွေဟောက်နှင့် ပတ်သက်သည့် အသေးစိတ်ကို “တောကြီးမြွေဟောက် ခေါ် ငန်းပုတ် အကြောင်း သိကောင်းစရာ အချို့” တွင် ဖော်ပြပြီး ဖြစ်ပါတယ်။
*This article is completely rewritten and replaced with the data from the following reliable sources.*
Reference: National Geographic, Reptilesmagazine, Britannica, Wikipedia
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 30/1/2021