ကလေးနှင့် ခွေး အတူရှိနေစဉ် ဆောင်ရန် ရှောင်ရန်များ

Article Nature

ကလေးနှင့် အိမ်မွေး ခွေးများဟာ အလွန်ချစ်ခင်ကြပြီး ဘဝ၏ အချစ်ဆုံး အဖော်မွန် အဖြစ် အတူတကွ ကြီးပြင်းလာတတ်တာတွေ လူမှုကွန်ယက်ပေါ်မှာ တွေ့မြင်ကြဖူးမှာပါ။

တကယ်လည်း ကလေးများနှင့် အိမ်မွေးခွေးများဟာ အချင်းချင်း နက်နဲစွာ သံယောဇဉ် ချဉ်နှောင်နိုင်ကြပေမယ့် ကလေးများဟာ မိမိအိမ်မှ ခွေးများ အကိုက်ခံရခြင်း သို့မဟုတ် အခြား မိသားစုခွေးများ အကိုက်ခံရခြင်းမျိုး ကြုံတွေ့ဖို့ အလားအလာ အများကြီး ရှိပါတယ်။

ဒါ့ကြောင့် ကလေးတွေကို အိမ်မွေးခွေးများနှင့် မျက်ကွယ်တွင် ပစ်ထားတတ်တာဟာ အန္တရာယ် အလွန် ရှိပြီး အားမပေးသင့်ပါဘူး။

မြန်မာနိုင်ငံတွင် ရရှိနိုင်တဲ့ ခွေးများအနက် Golden Retriever၊ Labrador Retriever၊ Poodle၊ Beagle နှင့် Bulldog များဟာ ကလေးများနှင့် အသင့်တော်ဆုံး ဖြစ်ကြပါတယ်။

သို့ပေမဲ့ စိတ်ချမှု အပြည့်အဝ ရှိစေရန် ဆောင်ရန် ရှောင်ရန်များကို ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။

အိမ်မွေးခွေးများနှင့် ကလေးများ ထိတွေ့ရာတွင် ဆောင်ရန်များ

၁။ ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်းနှင့် ကစားခြင်းများကို အတင်းအကြပ် မစေခိုင်းစေဘဲ ၎င်းတို့ ဆန္ဒမရှိပါက ထွက်သွားရန် အခွင့် အလမ်း ပေးဖို့ ကလေးများကို သင်ကြားထားရပါတယ်။

၂။ တခါတရံ ကလေးများဟာ ဆူညံသည့် အသံများ ပြုတတ်ခြင်း၊ ရုတ်တရက် လှုပ်ရှားမှုများ ပြုလုပ်ခြင်းများ ပြုလုပ်သည့် အခါ ခွေးများဟာ စိတ်အနှောင့်အယှက် ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် အိမ်မွေး ခွေးများနှင့် အတန်ငယ် လှမ်းသည့် နေရာတွင်သာ ဆူညံမှုများ ပြုလုပ်သင့်ကြောင်း ကလေးများကို သင် ကြားပေး ဖို့လိုပါတယ်။

၃။ အိမ်မွေးခွေးများဟာ ကလေးများဆီ လာပြီး ပွတ်သပ်ခြင်းများ ပြုလုပ်လျှင် ညင်သာစွာ ဆက်ဆံရန်နှင့် အခြား မရင်းနှီးသည့်‌ ခွေးများ အနီးရောက်ရှိပါက ကလေးမှ ပွတ်သပ်မပေးခင် ခွေး၏ မျက်နှာကို မကြည့်ဘဲ ရန်လိုခြင်း ရှိမရှိ စစ်ဆေးပြီးမှ ပွတ်သပ်ရန် သင်ကြားပေးရပါတယ်။

ခွေး၏ မျက်နှာကို မကြည့်ခိုင်းသည့် အကြောင်းကတော့ ခွေးတော်တော်များများဟာ ၎င်းတို့နှင့် မျက်နှာချင်းဆိုင်တာကို မနှစ်သက်ကြလို့ ဖြစ်ပါတယ်။

၄။ တခါတရံ ယဉ်ပါးသည့် အိမ်မွေးခွေးများမှ ကလေးပိုက်ထားသည့် အရုပ်များကို ကိုက်ရာတွင် ကလေးအား ထိခိုက်နိုင်သဖြင့် ကလေးနှင့် ခွေး အတူတူ ရှိနေတိုင်း မိသားစုဝင် တဦးဦးက အနားမှာ ရှိနေသင့်ပါတယ်။

အိမ်မွေးခွေးများနှင့် ကလေးများ ထိတွေ့ရာတွင် ရှောင်ရန်များ

၁။ ကလေးငယ်များကို အိပ်စက်နေတဲ့ သို့မဟုတ် အစာစားနေတဲ့ အိမ်မွေးခွေးတွေကို မနှောင့်ယှက်ဖို့ သင်ကြား ပေးထားဖို့ လိုပါတယ်။

အကြောင်းကတော့ အချို့ခွေးများဟာ အစာစားနေသည့် အချိန်တွင် ရန်လိုစိတ် ရှိတတ်ကြလို့ ဖြစ်ပါတယ်။၂။ အိမ်မွေး ခွေးများနှင့် ကလေးများ ကစားနေသည့် အချိန်မှာ ခွေးများ၏ နှုတ်ခမ်းမွှေး သို့မဟုတ် အမြှီးကို မဆွဲဖို့ လည်း သင်ကြားပေးထားဖို့ လိုအပ်ပါတယ်။

၃။ နောက်ထပ် အထူးသတိ ထားရမှာကတော့ အရုပ် တခုခု ဖြင့် ခွေးတွေ ဘယ်တော့မှ မမှီနိုင်တဲ့ နေရာ သို့မဟုတ် လုံးဝ ထိတွေ့ခွင့် မပေးတာမျိုးနှင့် မစနောက် မိဖို့ လိုအပ်ပါတယ်။

ခွေးများတွင် သဘာဝ အလျှောက် ၎င်းတို့၏ ပိုင်ဆိုင်မှု တခုခုကို ကာကွယ်သည့် protective manner ရှိသည့် အတွက် ရန် မူ တတ်ပါတယ်။

နောက်တချက်ကတော့ တခုခုနှင့် စနောက်ရင်း မောပန်းလာသည့် အိမ်မွေးခွေးဟာ ခံစားချက်တွေ ပြင်းထန်လာပြီး ရန်မူ တတ်တဲ့ အကြောင်းအရာလည်း ရှိပါသေးတယ်။

၄။ စားပွဲအောက် သို့မဟုတ် အခန်းငယ် တခုခု၏ ထောင့်အတွင်းမှာ ချောင်ပိတ်မိတဲ့ အဖြစ်မျိုး မရောက်အောင် သတိထားပေးရပါတယ်။

ချောင်ပိတ်မိသလို ခံစားရတဲ့ ခွေးများဟာ သဘာဝ အလျောက် မိမိကိုယ်ကိုယ် ကာကွယ်သည့် ရန်မူမှုမျိုး လုပ်ဆောင်တတ်သဖြင့် ၎င်းတို့ ထွက်သွားဖို့ ဆန္ဒရှိပါက လမ်းဖယ်ပေးရမှာ ဖြစ်ပါတယ်။

မဖြစ်ခင် ကြိုတင်ပြင်ဆင်

အထက်ပါ အကြောင်းအရာတွေဟာ ကလေးနှင့် အိမ်မွေးခွေး တခုခု ဖြစ်မလာခင် ကြိုတင် လုပ်ဆောင်သင့်တဲ့ အရာများ ဖြစ် ပြီး တခုခု ဖြစ်ပျက်ပါက အလွန် မြန်ဆန်တဲ့အတွက် အရေးကြီးပါတယ်။

ကလေးများနှင့် အိမ်မွေးခွေးများဟာ ခိုင်မာတဲ့ သံယောဇဉ်တွေ ရှိတယ်ဆိုရင်တောင် မိဘများ အနေဖြင့် ၎င်းတို့ အတူ ရှိနေ ချိန်မှာ မျက်ခြေမပြတ်တော့ စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။

မလိုလားအပ်သည့် အကြောင်းအရာများ မဖြစ်ပေါ်ဘဲ ကလေးများအတွက် အကောင်းဆုံး အဖော်ဖြစ်နိုင်သည့် အိမ်မွေးခွေး များနှင့် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *