၂၀၇၃ ခုနှစ်တွင် ဂြိုဟ်သိမ်တွေဆီနှင့် ၂၁၀၃ ခုနှစ်တွင် ဂျူပီတာဂြိုလ်သို့ လူသားများ သွားနိုင်မလား

Article Science

လူသားများကို ၂၀၃၈ ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ အခြေချနိုင်ဖို့ ကြိုးစားနေကြပြီ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ John F. Kennedy က လပေါ်သို့ လူသားတစ်ဦးစေလွှတ်ဖို့ အဆိုပြုပြီး နှစ် ၅၀ နီးပါးအကြာ ၂၀၁၀ ခုနှစ်တွင် သမ္မတအိုဘားမားက NASA အတွက် ၂၀၂၅ ရက်စွဲကို ဂြိုဟ်သိမ် ခါးပတ်ကွင်း တခုဆီသို့ လူသားမစ်ရှင်များ စေလွှတ်ဖို့ အကြံ ပြုခဲ့ပါတယ်။

၂၀၁၀ တုန်းကတော့ ဒါဟာ မဖြစ်နိုင်လောက်တဲ့ စွမ်းဆောင်ချက် တစ်ခုလိုပါပဲ။ အမှန်တော့၊ ဂြိုဟ်သိမ်တစ်ခုပေါ်မှ လူတစ်ဦးဆင်းသက်ဖို့ အချိန်ဇယားသတ်မှတ်ခြင်းဟာ အဓိပ္ပါယ်မဲ့ပုံပေါ်ပါတယ်။

ဆယ်နှစ်အကြာ၊ ၂၀၂၀ မှာတော့ NASA ရဲ့ (OSIRIS-REx) ဟာ ၂၀၂၃ တွင် ကမ္ဘာမြေပေါ်သို့ ပြန်လည် ပို့ဆောင်ဖို့ အတွက် Bennu ဟုသိကြတဲ့ ရှေးဟောင်းဂြိုဟ်သိမ်တစ်ခုရဲ့ မျက်နှာပြင်မှ ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများကို စုဆောင်းဖို့ စေလွှတ်ခဲ့ပါသေးတယ်။

ယခုအခါ စိတ်လှုပ်ရှားဖွယ်ရာ သတင်းများကြားသိရပြီး သိပ္ပံပညာရှင်တွေဟာ ဂြိုဟ်သိမ် ခါးပတ်ကွင်း တခု သို့ လူသားများစေလွှတ်မည့် အာကာသ ခရီးစဉ်များကို 2038 ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ ရောက်ရှိနိုင်စေခြင်းဖြင့် အနှစ် ၅၀ အတွင်း လုပ်ဆောင်နိုင်မည်ဟု ခန့်မှန်းထားကြပါတယ်။

လနှင့် အင်္ဂါဂြိုလ် ကျော်လွန်၍ အခြားသော ကောင်းကင်ရှိ အရာဝတ္တုများပေါ်သို့ လူသားများ ဆင်းသက်ခြင်းကို ယနေ့ သက်ရှိထင်ရှား ရှိနေသူ အများအပြားက သက်သေပြနိုင်တာကိုလည်း တွေ့မြင်ရပါတယ်။

Pasadena ရှိ JPL (Jet Propulsion Laboratory) မှ အဓိက သိပ္ပံပညာရှင် Jonathan Jiang နှင့် လုပ်ဖော်ကိုင်ဖက်တွေက ၎င်းတို့ရဲ့ တွေ့ရှိချက်များကို လေ့လာမှုတစ်ခုဖြစ်သည့် Impact of Economic Constraints ခေါင်းစဉ်ဖြင့် လေ့လာမှုတစ်ခုတွင် ထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂါဂြိုဟ်

ထုတ်ပြန်ချက်မှာ အာကာသ ဘတ်ဂျက်များ အချိန်နှင့်အမျှ တိုးလာသည့် နှုန်းနှင့် အာကာသခေတ် အစပိုင်း ကတည်းက နည်းပညာတိုးတက်မှုနှုန်းအပေါ် အခြေခံထားတာကို တွေ့ရပါတယ်။

အခြားကမ္ဘာများကိုရှာဖွေခြင်း

နက်ရှိုင်းတဲ့ အာကာသစူးစမ်းလေ့လာရေးနှင့် အခြားကမ္ဘာများသို့ အာကာသမစ်ရှင်များ လေ့လာဖို့ အစပျိုးသည့်အရာများထဲမှ တစ်ခုဟာဆိုရင် NASA ရဲ့ Curiosity Mars Rover မှ ရိုက်ကူးထားသော ကမ္ဘာမြေရဲ့ ဓာတ်ပုံဖြစ်ကြောင်း Jiang မှ ဆိုပါတယ်။

“ဒါဟာ အမှောင်ဝန်းရံထားတဲ့ အစက်သေးသေးလေးပါပဲ။ ပြီးတော့ ရူပဗေဒဆိုင်ရာ ကျွန်တော်တို့ရဲ့ လက်ရှိနားလည်မှုက အရင်းအမြစ်ကန့်သတ်ချက်နဲ့ ရာသီဥတုပြောင်းလဲမှုတွေရှိတဲ့ ဒီအစက် သေးသေးလေးမှာ ပိတ်မိနေတယ်ဆိုတာကို ပြောပြပါတယ်။ဂ

“မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ကျွန်တော်တို့လူသား​တွေအတွက် အန္တရာယ်ရှိလာနိုင်တယ်” ဟု Jiang က ဆိုပါတယ်။

ကျွန်ုပ်တို့ရဲ့နည်းပညာတိုးတက်မှု​တွေကြားမှာ လူသားတွေဟာ “ကလေးများကဲ့သို့ ပြုမူကြတယ်” ဟု Jiang ကဆိုပါတယ်။

အကယ်၍ အခြား သက်ရှိ အဖွဲ့အစည်း တစ်ခုက ကမ္ဘာမြေကို ရောက်လာပါက တိုက်ပွဲဝင်ဖို့၊ အချင်းချင်း တိုက်ခိုက်ဖို့ လက် နက်များ ကိုင်ဆောင်ထားတဲ့ လူသားများကို မြင်တွေ့ရမှာကို အံ့အားသင့်မိတယ်ဟု ၎င်းက ခန့်မှန်းပြောဆိုပါတယ်။

လူဦးရေ အလွန်အကျွံတိုးပွားလာမှု၊ အရင်းအမြစ်များအတွက် ဆုံးရှုံးမှု ဖြစ်နိုင်ခြေနှင့် နောက်ဆုံးတွင် မျိုးသုဉ်းပျောက်ကွယ်ခြင်းများအတွက် စိုးရိမ်ပူပန်မှုတွေဟာ အာကာသတွင် ကိုလိုနီများ ဖွံ့ဖြိုးတိုးတက်ဖို့နှင့် ကမ္ဘာပြင်ပရှိ နေအိမ်အသစ်များ ရှာဖွေဖို့ အချို့ကို တွန်းအားပေးသွားစေပါတယ်။

ဒီအရာကို ဖြေရှင်းချက်အဖြစ် အဆိုပြုသူများက အခြားကမ္ဘာပေါ်တွင် ကိုလိုနီများ ဖြစ်ထွန်းလာခြင်းဟာ မွေးရပ်ကမ္ဘာဂြိုဟ်သို့ ကျရောက်နိုင်သည့် ဘေးဆိုးအမျိုးမျိုးမှ လူသားများ ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် အာမခံချက်နီးပါးရရှိမည်ဟု ယူဆနေကြပါတယ်။

လူဦးရေ အလွန်အကျွံတိုးပွားလာမှု၊ လူသားတို့ရဲ့ ရန်လိုမှုနှင့် ရာသီဥတု ဖောက်ပြန်မှုများဟာ လူသားများကို မိမိဘာသာ ပျက်စီးစေနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောပါတယ်။

Hawking က လူသားတွေရဲ့ ကမ္ဘာတစ်ခုတည်းမှာ နေဖို့ အလွန်အန္တရာယ်များတယ်လို့ ယုံကြည်ပြီး အနာဂတ် မျိုးဆက်သစ်တွေဟာ အာကာသထဲမှာ ဘဝသစ်တစ်ခု ဖန်တီးဖို့ လိုအပ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။

သို့သော် ထိုကဲ့သို့သော မစ်ရှင်များကို အကောင်အထည်ဖော်ရာတွင် သြဇာလွှမ်းမိုးနိုင်သော အချက်များစွာပါရှိသည့် ထိရောက်သော အစီအစဉ်ဆွဲဖို့ လိုအပ်ပါတယ်။

“ကျွန်ုပ်တို့ရဲ့ယခင်လွှတ်တင်မှုတွေဟာ ကမ္ဘာမြေမှ လူသားများလိုက်ပါလုပ်ဆောင်သည့် ပထမဆုံးသောစကြာဝဋ္ဌာစနစ်သို့ လွှတ်တင်မည့်အချိန်ကာလကို ကြိုတင်ခန့်မှန်းခြင်းအတွက် ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ “

“ပထမဆယ်စုနှစ်များအတွင်း အာကာသစူးစမ်းလေ့လာမှုနှင့် တွက်ချက်မှုစွမ်းအားများရဲ့လမ်းကြောင်းပေါ်အခြေခံပြီး မော်ဒယ်အသစ်တွေကို တီထွင်လာခဲ့ကြပါတယ်။”

“ယခုဆိုရင် လူသားများလိုက်ပါ၀င်သော မစ်ရှင်များအတွက် အစောဆုံးဖြစ်နိုင်ချေရှိသော လွှတ်တင်မည့် ရက်များကို တွက် ချက်သည့် ခေတ် ဖြစ်လာပါပြီ” ဟု Jiang မှဆိုပါတယ်။

ဒါ့အပြင် အဖွဲ့ရဲ့ယခင်လေ့လာမှုနှင့် အမျိုးမျိုးကွဲပြားတဲ့ ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပြီး ပိုမိုတိကျတဲ့ ကောက်ချက်ချမှု လိုအပ်ပါတယ်။

ပထမအချက်က စီးပွားရေး

လက်ရှိလေ့လာမှုအရ 1958 ခုနှစ်တုန်းက စတင်ဖွဲ့စည်းပြီး ကတည်းက NASA ရဲ့ဘတ်ဂျက်တွင် ပထမဆုံး ထည့်သွင်းထားပါတယ်။

အသုံးစရိတ်များ သိသာထင်ရှားစွာ တိုးလာခြင်းနှင့် သက်ဆိုင်နေသည့် ကိစ္စဟာ ၃ ခါလောက် ဖြစ်ပေါ်ခဲ့ပါတယ်။

အမေရိကန်နှင့် ဆိုဗီယက်အဖွဲ့အစည်း​တို့ဟာ အာကာသပြိုင်ပွဲတွင် ကြီးကြီးမားမား ပါဝင်လာသောအခါ ပထမဆုံး အကြိမ် အမြင့်ဆုံး ပြိုင်ဆိုင်မှု အဖြစ် ရောက်ရှိခဲ့ပါတယ်။

ဒုတိယအချက်က ၁၉၉၀ ပြည့်လွန်နှစ်များတွင် တွေ့မြင်ရတဲ့ အာကာသလွန်းပျံယာဉ် အစားထိုး တီထွင်ဖို့အတွက် ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။

ဂျူပီတာဂြိုဟ်

1989 ခုနှစ်မှာ Bush Senior က Space Exploration Initiative ဟု လူသိများတဲ့ အရာကို ကြေငြာခဲ့ပါတယ်။

စီးပွားရေးဆိုင်ရာ အာကာသ မူဝါဒသစ်ကို လက်မှတ်ရေးထိုးဖို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။ ၁၉၉၁ တွင် ISS တွင် ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ နောက်ထပ် အမေရိကန် အစိုးရမှ လူသားများအား လသို့ ပြန်ပို့ဖို့နှင့် အင်္ဂါဂြိုဟ်သို့ စေလွှတ်မည့် Artemis အစီအစဉ်ကို ဖော်ပြထားသည့် National Space Exploration Activities Report” ရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

“စစ်တပ်အတွက် US အစိုးရမှ ခွဲဝေပေးသည့် ဘတ်ဂျက်မှာ ဒေါ်လာ 801 ဘီလီယံ ရှိပါတယ်။ ဆန့်ကျင်ဘက်အနေနှင့် NASA ရဲ့ ငြိမ်းချမ်းသော အာကာသ စူးစမ်းလေ့လာရေး ဘတ်ဂျက်မှာ $24 ဘီလီယံသာရှိပါတယ်။ “

“ဆိုလိုတာက ကျွန်ုပ်တို့ရဲ့ အရင်းအမြစ်များ၊ ထောက်လှမ်းရေး၊ နည်းပညာနှင့် ငွေကြေးအများစုကို လက်နက်များ တီထွင်ဖို့်အတွက် အသုံးပြုတယ်” ဟု Jiang က ဆိုပါတယ်။

နည်းပညာတိုးတက်မှု

ဒုတိယ ထည့်သွင်းစဉ်းစားရမည့် အချက်က နည်းပညာ တိုးတက်မှု ဖြစ်ပါတယ်။

အာကာသစူးစမ်းလေ့လာရေးနှင့်ပတ်သက်သည့် နည်းပညာတွေ လျင်မြန်စွာ အရှိန်အဟုန်ဖြင့် ဆက်လက် တိုးတက်နေမည်ဟု ယူဆရပြီး ဆက်လက် သုတေသနပြုကာ ဖွံ့ဖြိုးတိုးတက် လာမှာ ဖြစ်ပါတယ်။

လေ့လာမှုတွေအရ အမေရိကန်တွင် နှစ်စဉ်နှစ်တိုင်း နက်ရှိုင်းသော အာကာသ စူးစမ်း လေ့လာရေးဆိုင်ရာ သိပ္ပံ စာတမ်းများ ထုတ်ဝေသည့် အရေအတွက်ကို ရေတွက်ပြီး နည်းပညာတိုးတက်မှုကို တိုင်းတာပါတယ်။

နည်းပညာနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ကောင်းမွန်လာတာနှင့်အမျှ၊ လုပ်သားအင်အားသုံး ဆောက်လုပ်ရေး လုပ်ငန်းစဉ်များရဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ မျှော်လင့်ရပြီး အနာဂတ်လူသား အာကာသမစ်ရှင်များအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံ မှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

“အာကာသအတွင်း စူးစမ်းရှာဖွေမှုတွေဟာ နိုင်ငံတော် သို့မဟုတ် နိုင်ငံတကာ အတိုင်းအတာ ရင်းနှီးမြုပ်နှံမှုမှ လွှမ်းမိုးမှု ဖြစ်ပါတယ်။ ဆိုလိုတာက ဘတ်ဂျက်တွေဟာ အာကာသ ပျံသန်းရေး ပရိုဂရမ်များ အကောင်အထည်ဖော်ရာတွင် အမြဲတမ်းလွှမ်းမိုးနေပါတယ်။ “

“တစ်ချိန်တည်းမှာပဲ ​ကျွန်ုပ်တို့အတွက် အတားအဆီးများစွာကို ထဲ့သွင်းစဥ်းစားထားပြီး တိုးတက်မှုကို နှောင့်နှေးစေတဲ့ နျူက လီးယားစစ်ပွဲတွေ၊ ရာသီဥတုပြောင်းလဲမှုတွေ နှင့် ကပ်ရောဂါဖြစ်ပွားမှုတွေကို အမြဲစောင့်ကြည့်နေခဲ့တယ် ” ဟု Jiang မှပြောကြားခဲ့ပါတယ်။

နောက်ဆုံးအချက်က ကမ္ဘာမြေပြင်ဘက်ရှိ လူသားများရဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ လဟာ ကမ္ဘာနှင့် အနီးဆုံး ကောင်းကင်ဖြစ်ပြီး၊ အာကာသယာဉ်မှူးတွေက သက်သေပြထားသော အာကာသယာဉ်နည်းပညာဖြင့် ထိုအကွာအဝေးကို ခရီးနှင်ပြီးဖြစ်ပါတယ်။

နောက်တစ်ဆင့်က NASA ရဲ့ Artemis မစ်ရှင်နှင့် Lunar Exploration Program ဆိုပြီး လပေါ် အခြေစိုက် စခန်းတစ်ခု ဖြစ် လာမှာ ဖြစ်ပါတယ်။

လပေါ်တွင် အခြေစိုက်စခန်းတစ်ခု တည်ထောင်ခြင်းဟာ အင်္ဂါဂြိုဟ်သို့ လူသားများ သွားရောက်ဖို့ ပြင်ဆင်မှုတွင် ထင်ရှားတဲ့ အခန်းကဏ္ဍမှ ပါဝင်လာမှာ ဖြစ်ပါတယ်။

ထို့နောက် လူသားတွေဟာ 2037 ခုနှစ်လောက်ဆိုရင် အင်္ဂါဂြိုဟ်သို့ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ဒီမစ်ရှင် အောင်မြင်ပါက နေစကြာဝဋ္ဌာရှိ အခြားသော အာကာသအတွင်း အာကာသယာဉ်များ စူးစမ်းလေ့လာရေး ပရိုဂရမ်များကို ထောက်ပံ့ဖို့အတွက် အင်္ဂါဂြိုဟ်ပေါ်တွင် အခြေစိုက်စခန်းတစ်ခု တည်ထောင်နိုင်မှာပဲ ဖြစ်ပါတယ်။

​လေ့လာမှုစာတမ်းအရ အားလုံးအဆင်ပြေချောမွေ့ပါက လူသားတွေဟာ 2073 ခုနှစ်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ၊ 2103 ခုနှစ်တွင် Jupiter နှင့် 2132 တွင် Saturn တို့ကို သွားရောက် လေ့လာနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။

အဖွဲ့ရဲ့အဆိုအရ “ယခုအချိန်အထိ ရလဒ်တွေဟာ ကျွန်ုပ်တို့ နေအဖွဲ့အစည်းရဲ့ အသေးစိတ် အချက်အလက်မျှသာ ဖြစ်ပြီး မကြာမီ ကျွန်ုပ်တို့လက်ဆုပ် လက်ကိုင် ပြနိုင်လိမ့်မည်” ဟု ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *