လာအိုနိုင်ငံ၏ ကျည်ဆံရထား စီမံကိန်း အကြောင်း

National Interests News

တရုတ်ဟာ ၎င်း၏ ရထားလမ်း ချဲ့ထွင်မှုကို တောင်ပိုင်း အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ လာအို အထိ တရားဝင် လမ်းသစ် ဖွင့်လှစ်ခြင်းနှင့်အတူ သမိုင်း မှတ်တိုင်သစ်တခု စိုက်ထူနိုင်ခဲ့ပါတယ်။

အဆိုပါ ရထားလမ်းဟာ တရုတ်နိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ ရထားလမ်း ကွန်ယက်ဖြစ်ပြီး ၎င်း၏ ကျယ်ပြန့်သည့် Belt and Road Initiative ခေါ် ခေတ်သစ် ပိုးလမ်းမစီမံကိန်း၏ နောက်ဆုံးပြီးဆုံးထားတဲ့ စီမံကိန်း တခု ဖြစ်ပါတယ်။

ယခင်က “One Belt, One Road” လို့ခေါ်တဲ့ ရည်မှန်းချက်ကြီးမားသည့် မဟာဗျူဟာ စီမံကိန်းဟာ တရုတ်နိုင်ငံ၏ စီးပွားရေး စွမ်းအားဖြင့် အာရှနှင့် အာဖရိက နိုင်ငံ အများအပြားကို လမ်းကွန်ယက်များ ချိတ်ဆက်နိုင်ဖို့ ကြိုးစားမှု ဖြစ်ပါတယ်။

လာအိုနိုင်ငံ မြို့တော် ဗီယက်ကျင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တို့ကို ချိတ်ဆက်ထားသည့် ဒီ ရထားလမ်း ကွန်ယက်ဟာ ၂ နိုင်ငံအကြားရှိ ဘူတာပေါင်း ၄၅ ခုကို ချိတ်ဆက်ပေးမှာ ဖြစ်ပြီး အဲဒီ့အထဲက ဘူတာ ၂၀ ဟာ ခရီးသည် ပို့ဆောင်ရေး ဝန်ဆောင်မှု ပြုလုပ်နိုင်မှာပါ။

လာအို နိုင်ငံအတွင်း လမ်းပိုင်းဟာ မိုင် ၂၆၀ လောက်ရှိပြီး တနာရီ ၁၂၀ ကီလိုမီတာ အမြန်နှုန်းရှိ ကုန်တင်ရထားဖြင့် ကုန်စည်များကို အဓိက သယ်ယူ ပို့ဆောင် နိုင်မည့် အပြင် လူဦးရေ ၇၂၀ လောက် လိုက်ပါနိုင်သည့် တနာရီလျှင် ၁၆၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပြေးဆွဲ နိုင်သော ကျည်ဆံ ရထားများဖြင့်လည်း ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

China Railway Group ၏ ထုတ်ပြန် ကြေငြာချက်အရ တရုတ်-လာအို ရထားလမ်းဟာ လူဦးရေ ၇ သန်း လောက်သာ ရှိသည့် သေးငယ်သည့် နိုင်ငံအား “ကုန်းတွင်းပိတ် နိုင်ငံမှ ကုန်းလမ်း ချိတ်ဆက်ထားသည့် နိုင်ငံအဖြစ် ပြောင်းလဲ ပေးလိမ့်မယ်” လို့ ဆိုပါတယ်။

Photo: Courtesy of Citizen journalist

ကုန်တင် ရထား နှင့် ခရီးသည် ပို့ဆောင်နိုင်သည့် ရထား ၂ မျိုးစလုံးဟာ ၂ နိုင်ငံအကြား ၂၀၂၁ ခုနှစ် နှစ်ကုန်လောက်မှာ စတင် ပြေးဆွဲနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

လက်ရှိ အဆိုပါ ရထားလမ်း၏ စုစုပေါင်း အရှည်မှာ ၁ ထောင် ကီလိုမီတာ (၆၂၁ မိုင်) ကျော် ရှိပြီး ကူမင်းမြို့မှ တရုတ် နယ်စပ်မြို့ ကျင်ဟောင် သို့ သွားရောက်ရန် ၃ နာရီခန့်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။

တရုတ်ဟာ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ရထားလမ်း ဖောက်လုပ်ရာတွင် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့ပြီး စီမံကိန်းများဟာ ၂၀၀၈ ခုနှစ်မှ စတင်ကာ ရထားလမ်း ကီလိုမီတာ ၃၇,၉၀၀ (၂၃,၅၀၀ မိုင်ခန့်) အထိ ရှိပါတယ်။

ဒါ့အပြင် ကင်ညာနိုင်ငံရှိ အငြင်းပွားဖွယ်ရာ အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ တန်ကြေးရှိ ရထားလမ်းကွန်ယက်ကဲ့သို့ အခြား နိုင်ငံများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပါတယ်။

နိုင်ငံပိုင် မီဒီယာများ၏ အဆိုအရ တရုတ်-လာအို ရထားလမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ လာအို အမျိုးသားနေ့တွင် အပြည့်အဝ ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်ထားတယ် လို့ သိရပါတယ်။

အရှေ့တောင် အာရှ နိုင်ငံများဟာ တရုတ် ခရီးသွား အများအပြားအတွက် ရေပန်းစားနေသည့် နိုင်ငံများ ဖြစ်သော်လည်း လာအိုနိုင်ငံဟာ အဆိုပါ နိုင်ငံများစာရင်း၏ ထိပ်ပိုင်းတွင်တော့ မပါဝင်ပါဘူး။

ဒါပေမယ့် ဒီ ရထားလမ်း အသစ်ကြောင့် ဝင်ရောက်ရန် လွယ်ကူလာသည့်အတွက် အဆိုပါ အခြေအနေဟာ ပြောင်းလဲသွားနိုင်ပါတယ်။

နိုင်ငံတကာ လေကြောင်းဆိုင်ရာ စာရင်းအင်းနှင့် အချက်အလက်စုဆောင်းရေး အဖွဲ့ OAG ၏ အဆိုအရ ကပ်ရောဂါ မဖြစ်ပွားခင် တရုတ် ခရီးသွားများအတွက် အလျှင်မြန်ဆုံး ကြီးထွားနေသည့် ဈေးကွက်များမှာ ဗီယက်နမ်၊ ထိုင်းနှင့် ဂျပန်တို့ ဖြစ်တယ်လို့ သိရပါတယ်။

လာအိုနှင့် တရုတ်နိုင်ငံ ၂ နိုင်ငံလုံးမှ ခရီးသွားများသည် အခြားနိုင်ငံသို့ သွားရောက်ရန် ဗီဇာလိုအပ်မှု ရှိပါတယ်။

Photo: Courtesy of Citizen journalist

တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန လက်အောက်ရှိ China Tourism Academy ၏ အဆိုအရ ၂၀၁၉ ခုနှစ်တွင် နိုင်ငံ တကာသို့ တရုတ်ခရီးသွား ၁၅၅ သန်းကျော် သွားရောက် လည်ပတ်ခဲ့ကြကြောင်း သိရှိရပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ လာအိုနိုင်ငံသို့ တရုတ်ခရီးသွား ၇၆၀,၀၀၀ ခန့် လာရောက် လည်ပတ်ခဲ့ပြီး တနှစ်ထက် တနှစ် ၂၆ ရာခိုင်နှုန်း တိုးလာကြောင်း လာအိုနိုင်ငံ လွမ်ပရာဘန်းမြို့ရှိ ကောင်စစ်ဝန်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရုတ်-လာအို ရထားလမ်း ကို တည်ဆောက်ရာတွင် တရုတ် BRI စီမံကိန်း၏ ပထမဆုံး စီမံကိန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဘီလျံလောက်ကို သုံးစွဲကာ ၂၀၁၆ ခုနှစ်က စတင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်-လာအို ရထားလမ်း ကြောင့် တရုတ်နိုင်ငံအပေါ် လာအိုဘက်မှ ပြန်လည် ပေးဆပ်ရမယ့် ကြွေးမြီများနဲ့ ပတ်သတ်ပြီးလည်း စိုးရိမ်မှုများကို မြင့်တက်လာစေပါတယ်။

အဆိုပါ စီမံကိန်း လုပ်ဆောင်ခဲ့သည့် လာအိုနိုင်ငံ Hatxayphong ရှိ ရွာသားများဟာ ရထားလမ်းအတွက် မြေယာများ ဖယ်ရှားပေးခဲ့ရပြီး အခုချိန်အထိ လျော်ကြေးမရရှိသေးဘူး လို့ သိရပါတယ်။

၎င်း ဒေသတွင် နေထိုင်သည့် မိသားစု ၁၀၀ လောက်ဟာ ၎င်းတို့ ရပိုင်ခွင့် လျော်ကြေးကို ယခုနှစ် စက်တင်ဘာလ လောက်တွင် ရရှိမယ့်လို့ လွန်ခဲ့သည့် ၂ နှစ်က ဒေသတွင်း အာဏာပိုင်များက ကတိပေးခဲ့ပေမယ့် အခုထိ မရရှိကြသေးတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းခံ Dong Phosy နှင့် Dong Phonhae ရွာများမှ နေထိုင်သူများအဆိုအရ အဆိုပါ မြေနေရာများကို ကာလ ပေါက်ဈေးထက် နည်းသည့် ၁ စတုရန်းမီတာကို အမေရိကန် ဒေါ်လာ ၁၁ ဒေါ်လာ ခန့်ဖြင့်သာ တန်ဖိုး ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

Reference: CNN, RFA, SCMP

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *