စကြဝဠာဟာ ကျယ်ပြန့်လှတဲ့အတွက် ကမ္ဘာပေါ်ရှိ အတိုင်းအတာများနှင့် တိုင်းတာပါက ဂဏန်းတွေ အများကြီး ဖြစ်နေမှာ ဖြစ်ပါတယ်။
အထူးသဖြင့် အလင်း နှစ် ဆိုသည်မှာ အကွာအဝေး အတွက် အတိုင်းအတာ တခုဖြစ်ပြီး အချိန် အတွက် ရည်ရွယ်တာ မဟုတ်ပေမယ့် အလင်း နှစ် တ နှစ်ကြာ ခရီးဟာ ကမ္ဘာပေါ်တွင် တနှစ်ကြာတဲ့ အချိန်နှင့် ညီမျှပါတယ်။
ရိုးရိုးရှင်းရှင်း ပြောရရင်တော့ အလင်း၏ အလျှင်ဖြင့် သွားလာရာတွင် ကမ္ဘာပေါ်မှာ တနှစ်ကြာချိန်နှင့် ညီမျှတဲ့ အကွာအဝေးကို ရောက်ရှိခြင်းဟာ အလင်းနှစ် တနှစ် အကွာအဝေးကို ရောက်ရှိခြင်းလို့ ဆိုနိုင်ပါတယ်။
ကမ္ဘာပေါ်မှ အကွာအဝေး အတိုင်းအတာအရဆိုလျှင် အလင်းနှစ် တ နှစ်ဟာ ၆ ထရီလီယံ မိုင် (၉ ထရီလီယံ ကီလိုမီတာ) လောက်ရှိပါတယ်။ ၆ ထရီလီယံ မိုင်ဆိုတာ ၆ ရဲ့နောက်မှ သုည ၁၂ လုံးရှိတဲ့ အရေအတွက်ပါ။
အလင်းဟာ တစက္ကန့်လျှင် ၁၈၆,၀၀၀ မိုင်နှုန်း (၃၀၀,၀၀၀ ကီလိုမီတာ) ဖြင့် သွားလာပါတယ်။

ဒါဟာ အလွန့်အလွန်ကို မြန်တယ် ထင်ရပေမယ့် ဟင်းလင်းပြင်ထဲရှိ အရာဝတ္ထုများဟာ အလွန်ဝေးကွာတဲ့အတွက် ၎င်းတို့၏ အလင်း ကျွန်တော်တို့ဆီ ရောက်ရှိဖို့ရာ အချိန်တွေအများကြီး လိုအပ်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နေ ဟာ အနီးဆုံး ကြယ်တလုံးဖြစ်ပြီး ကမ္ဘာနှင့် မိုင်ပေါင်း ၉၃ သန်းလောက် အကွာအဝေးမှာ ရှိပါတယ်။
ဒါ့ကြောင့် နေရောင်ခြည်ဟာ ကမ္ဘာကိုရောက်ဖို့ ၈.၃ မိနစ် အချိန်ကြာမြင့်ပြီးတော့ ကျွန်တော်တို့ မြင်နေရတဲ့ နေဟာ လွန်ခဲ့တဲ့ ၈.၃ မိနစ်က ပုံစံပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ၈.၃ မိနစ် အမြဲနောက်ကျပြီး မြင်နေရတယ်လို့ ပြောတာပါ။
ဥပမာအားဖြင့် ဂိမ်းကစားနေသူတွေ အင်တာနက် လိုင်းမကောင်းလို့ 1000 ms လောက်အထိ lag နေတဲ့အခါမှာ ခလုပ် နှိပ်ပြီးပေမယ့် မြင်ရတဲ့ ရုပ်က တစက္ကန့်ကြာမှ ပြောင်းသွားတာမျိုးကို မြင်ယောင်ကြည့်လို့ရပါတယ်။
နောက်ထပ် ကမ္ဘာကနေ အနီးဆုံး ကြယ်တလုံးကတော့ Proxima Centauri ဖြစ်ပြီး ကျွန်တော် တို့နှင့် အလင်းနှစ် ၄.၃ သန်းလောက် အကွာအဝေးမှာ ရှိနေပါတယ်။ ဒါ့ကြောင့် အဲဒီ့ ကြယ်ကို ကျွန်တော်တို့ မြင်နေရတဲ့ ပုံစံဟာ လွန်ခဲ့သည့် နှစ်ပေါင်း ၄.၃ သန်းက အနေအထား ဖြစ်ပါတယ်။
ကြယ်များကို ဂလက်ဆီဟုခေါ်သည့် ကြယ်အစုအဝေးကြီးများတွင် တွေ့ရှိရပြီး ၎င်း ဂလက်ဆီများတွင် ကြယ် သန်းပေါင်းများစွာ သို့မ ဟုတ် ဘီလီယံပေါင်း များစွာ ပါဝင်နိုင်ပါတယ်။
ကျွန်ုပ်တို့ Milky Way ဂလက်ဆီ နှင့် အနီးဆုံး ကြီးမားတဲ့ ဂလက်ဆီ တခု ဖြစ်သည့် Andromeda ဟာအလင်းနှစ် ၂.၅ သန်း အကွာအဝေးမှာ တည်ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မြင်ရတဲ့ အနေအထားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၅ သန်းက အနေအထားဖြစ်ပါတယ်။

စကြာဝဠာကြီးတွင် ဒီထက် ဝေးကွာသည့် ဂလက်ဆီ သန်းထောင်ပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး အားလုံးဟာ ဒီ ဂလက်ဆီကြီးထက် အများကြီး ပိုဝေးကွာပါတယ်။
၂၀၁၆ ခုနှစ်တွင် NASA ၏ Hubble အာကာသကြည့် တယ်လီစကုပ် ဟာ GN-z11 လို့ခေါ်တဲ့ အဝေးကွာဆုံးသော ဂလက်ဆီတခုကို ကြည့် ရှုခဲ့ပါတယ်။
ကမ္ဘာမှ အလင်းနှစ်ပေါင်း ၁၃.၄ ဘီလီယံ အကွာအဝေးမှာ တည်ရှိနေတာဖြစ်တဲ့ ဒီဂလက်ဆီကို ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၄ ဘီလီယံက အနေအထားအတိုင်း မြင်ရတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃. ၈ ဘီလီယံက ဖြစ်ပွားခဲ့တဲ့ မဟာ စကြဝဠာ ပေါက်ကွဲမှုကြီး အပြီး နှစ်ပေါင်း သန်း ၄၀၀ လောက်က အနေအထားကို တွေ့ရှိရတာဖြစ်လို့ အဆိုပါ ဂလက်ဆီဟာ စကြာဝဠာတွင် ပထမဆုံး ပေါ်ပေါက်လာခဲ့သည့် ဂလက်ဆီ များထဲမှ တစ်ခုဖြစ်ပါတယ်။
ထိုကဲ့သို့ ကြီးမားသော မဟာ စကြဝဠာ ပေါက်ကွဲမှုကြီး နောက်ပိုင်း ဖြစ်ပေါ်လာသော ပထမဆုံး ဂလက်ဆီများအကြောင်းကို လေ့လာခြင်းဟာ ကျွန်တော်တို့ကို အစောပိုင်း စကြဝဠာ ၏ ပုံစံကို နားလည်လာစေရန် ကူညီပေးပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။