MBT-3000 ဟု စက်ရုံထုတ်အမည် ဖြင့်လည်း လူသိများသော VT–4 ပင်မ တိုက်ပွဲဝင် တင့်ကားသည် ပြည်တွင်းသုံး သက်သက် အတွက် ရည်ရွယ် ထုတ်လုပ်ထားသော Type 99 အမျိုးအစား ပင်မ တိုက်ပွဲဝင် တင့်ကားများ နှင့် မတူပဲ ပြည်ပသို့ တင်ပို့ရောင်းချ ရန်သာ ရည် ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။
၎င်းသည် ပုံစံဟောင်း VT-1 ( MBT-2000 )အပေါ်တွင် အခြေခံထားခြင်း ဖြစ်ပြီး VT-1 ကိုယ်တိုင်မှာလည်း ဆိုဗီယက်လုပ် T-72 တင့်ကားအား ၁၉၈၀ နှစ်များအတွင်း တရုတ်တို့မှ ပြန်လည် ဆန်းသစ် (Reverse Engineered) ထားခြင်းသာ ဖြစ်ပါသည်။
အကြမ်းဖျဉ်း ဆိုရလျင် ၎င်းသည် Type 99 နှင့် စွမ်းဆောင်ရည်ခြင်း ထပ်တူကျသည်ဟု ဆိုကြသော်လည်း တရုတ်လုပ် စစ်လက်နက် ပစ္စည်းများ နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များမှာ ရရှိရန် အလွန် ခက်ခဲပြီး
၎င်း တင့်ကားသည်လည်း စစ်ပွဲများတွင် ပါဝင်ခဲ့ဖူးခြင်း မရှိသည့် အတွက် လက်တွေ့ စွမ်းဆောင်ရည်အား အကဲဖြတ်နိုင်ရန် မလွယ်ကူချေ။
NORINCO ဟု လူသိများသော China North Industries Corporation ကမူ ၎င်းသည် ရုရှားလုပ် T-14 Armata ထက် ပိုမို ကောင်းမွန်သည်ဟု ၂၀၁၅ ခုနှစ်က ရဲဝံ့စွာ ကြော်ငြာခဲ့ဖူးသည်။ ၎င်းတင့်ကား အကြောင်းအား ၂၀၁၂ ခုနှစ်တွင် စတင် ဖော်ပြခဲ့ပြီး ၂၀၁၄ ခုနှစ်၊
ဩဂုတ်လတွင် အတွင်းပိုင်း မွန်ဂိုလီးယား ဒေသ၌ သတင်းစာဆရာများနှင့် အကြီးတန်း အရာရှိကြီးများ မျက်မှောက်တွင် စမ်းသပ် မောင်းနှင် ပြသခဲ့ပါသည်။

၂၀၁၄ ခုနစ်၊ နိုဝင်ဘာလ တွင် ကျင်းပခဲ့သော 10th China International Aviation and Aerospace Exhibition တွင်မူ ပထမဆုံးအကြိမ် အဖြစ် အများပြည်သူရှေ့တွင် တရားဝင် ထုတ်ဖော် ပြသခဲ့ပါသည်။
ထိပ်တန်း နည်းပညာသစ်များကို ထည့်သွင်းထားခြင်း မရှိပဲ ရှိပြီးသား ပစ္စည်းများနှင့်ပင် တပ်ဆင်ထားသော ၎င်းသည် ရုရှားမှ ပြည်ပသို့ တင်ပို့ ရောင်းချသော T-90S ကဲ့သို့ တင့်ကားမျိုးအစား စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနိုင်ရန်နှင့် ဖောက်သည် နိုင်ငံများအပေါ် တရုတ်တို့၏ စစ်ဖက် နည်းပညာ လွှမ်းမိုး ချဲ့ထွင်ပေးနိုင်ရန်သာ ရည်ရွယ်ထားပုံ ရှိပါသည်။
အလေးချိန် ၅၂ တန် ရှိသဖြင့် ပေါ့ပါးသည်ဟု မဆိုနိုင်သော ၎င်းတင့်ကား သည် အတန်ငယ် နိမ့်ပြီး အရှေ့အုပ်စုဝင် တင့်ကားများ၏ ပုံစံအတိုင်း ယာဉ်အဖွဲ့သား သုံးဦးသာ လိုအပ်ပါသည်။
သံချပ်ကာ အထူ နှင့် နည်းပညာ ပိုင်းအား အတိအကျ မသိရနိုင်သေးသော်လည်း Type 99 တင့်ကားနှင့် ဆင်တူသော ဆုံလည်ပိုင်း သံချပ်ကာ တပ်ဆင်ပုံကြောင့် ပြည်ပပို့ ရုရှား တင့်ကားများ နည်းတူပင် RHAe 1000mm မှ 1200mm ခန့် ရှိနိုင်မည်ဟု မှန်းဆထားကြပါသည်။
ဘေးနှစ်ဖက်တွင် တုံ့ပြန် ပေါက်ကွဲ သံချပ်ကာ ERA များအား အပို တပ်ဆင် နိုင်ပြီး ၎င်းတွင် အနုမြူ၊ ဓာတု၊ ပိုးမွှားရန် အကာအကွယ်များလည်း ပါရှိပါသည်။
ထို့ပြင် အလိုအလျောက် မီးငြိမ်းသတ်ရေး စနစ်၊ ပေါက်ကွဲမှု ထိန်းချုပ်ရေး စနစ်၊ လေဆာ ရောင်ခြည် သတိပေး စနစ်၊ မီးခိုးဗုံး ပစ်လွှတ်ရေး စနစ် နှင့် ရန်သူ၊ မိတ်ဆွေ ခွဲခြားသော စနစ် စသည့် ခေတ်မီ နည်းပညာသုံး စနစ်များလည်း တပ်ဆင်ထားပါသည်။
တစ်ချို့ သတင်းဌာနများကမူ GL-5 ဟု အမည်ထွင်သော Active Potection System တပ်ဆင်ထားသည်ဟု ဆိုသည်။ သို့ရာတွင် JD-3 လေဆာ ရောင်ခြည် နှှောက်ယှက် ဟန့်တား ကိရိယာကိုမူ သာမန် အားဖြင့် တပ်ဆင်ထားပေးခြင်း မရှိပါ။

အလိုအလျောက် ကျည်ထိုး စနစ်နှင့် အလုံးစုံ တည်ငြိမ်မူထိန်း စနစ် ပါဝင်သော ၁၂၅ မမ ပြောင်းချော အမြောက်သည် ရုရှားလုပ် T-72 တင့်ကား များတွင်
တပ်ဆင် အသုံးပြုသော 2A46M2 အမြောက်အား ဆင့်ပွား တီထွင်ထားဟန် ရှိပြီး ၎င်းသည် ၁၂၅ မမ အမြောက်ကျည် အမျိုး အစား အစုံ အပြင် ပဲ့ထိန်း ဒုံးကျည်များကိုပါ ပစ်ခတ်နိုင်ပါသည်။
သို့ရာတွင် ၎င်း ဒုံးကျည် ပစ်ခတ်နိုင်သည့် GP125 စနစ်သည် နောက်ဆုံးပေါ် နည်းပညာသစ် တစ်ရပ်တော့ မဟုတ်ချေ။
ပစ်ခတ်မှုနှုန်းထားမှာ တစ်မိနစ်လျင် ၈ တောင့် ဖြစ်ပြီး တူရကီ ကုမ္ပဏီ ASELSAN နှင့် ပူးပေါင်းတီထွင်ထားသည့် ပစ်ခတ်မှု ထိန်းသိမ်းရေး စနစ်ကိုလည်း တပ်ဆင်ထားပါသည်။
အမြောက်ပစ်သမားမှ ယာဉ်အဖွဲ့မှူး သတ်မှတ်ပေးသော ပစ်မှတ်အား ချိန်ရွယ် ပစ်ခတ်နေစဉ်တွင် ယာဉ်အဖွဲ့မှူး သည် အခြား ပစ်မှတ်များကို ရှာဖွေ မှတ်ပုံတင်နိုင်သည့် Hunter-Killer စွမ်းရည် လည်း ပါဝင်သည်ဟု ဆိုပါသည်။
အမြောက်ကျည် ၃၈ တောင့် သယ်ဆောင် နိုင်ပြီး ၎င်းတို့ အနက် ၂၂ တောင့်အား အသင့် ပစ်ခတ်နိုင်ရန် အတွက် အလိုအလျောက် ကျည်ထိုး စနစ်၏ ကျည်အိမ်များ အတွင်း ထည့်သွင်းထားနိုင်ပါသည်။
သာမန်အားဖြင့် မြင်းကောင်ရေ ၁၃၀၀ အားရှိ တာဘိုဒီဇယ် အင်ဂျင် တပ်ဆင် ထား သော်လည်း မြင်းကောင်ရေ ၁၅၀၀ အားရှိ အင်ဂျင် အားလည်း ပြောင်းလဲ တပ်ဆင် နိုင်သည်ဟု ဆိုသည်။
အလိုအလျောက် ပြောင်းသော ဂီယာ စနစ် ဖြစ်ပြီး တစ်နာရီလျင် ၇၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်သည်ဟု ဆိုထားသည်။
ကီလိုမီတာ ၅၀၀ အထိ တောက်လျောက် စစ်ဆင်နိုင်ပြီး ၆၀% အစောင်းနင့် အတူ ၁.၂ မီတာ အမြင့် အတားအဆီးကိုလည်း ကျော်ဖြတ်နိုင်ပါသည်။
လက်တွေ့တွင် ဤသို့ စွမ်းဆောင်နိုင်ပါမူ VT-4 သည် ၎င်းနှင့် ခေတ်ပြိုင် ဖြစ်သော Type 99 နှင့် T-90S တို့နှင့် အရည်အသွေးခြင်း ထပ်တူကျသည် ဟု ဆိုရပေမည်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။