MiG-31 ကြားဖြတ် တိုက်လေယာဉ် အကြောင်း

Article Military

MiG-25 Foxbat တိုက်လေယာဉ်ကို အဆင့်မြှင့်တင်ပြီး ထုတ်လုပ်ထားတဲ့ MiG-31 တိုက်လေယာဉ်များဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက်မှာတောင် အနောက်နိုင်ငံများအတွက် လျှို့ဝှက်ချက်များ ရှိနေသေးတဲ့ လေယာဉ် တစင်း ဖြစ်ပါတယ်။

Foxhound လို့ခေါ်တဲ့ MiG-31 တိုက်လေယာဉ်များဟာ ၁၉၇၀ ခုနှစ်များက ဆိုဗီယက်ပြည်ထောင်စုက ထုတ်လုပ်ခဲ့သည့် ကြားဖြတ် တိုက်လေယာဉ်များ ဖြစ်ကြပါတယ်။

၎င်းတို့ဟာ လက်ရှိ ရုရှားလေတပ်မှာ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အမြန်ဆုံး တိုက်လေယာဉ်များထဲက တစင်းအဖြစ် ရပ်တည်နေပါတယ်။

လက်ရှိ အချိန်အထိ MiG-31 များဟာ ဆိုဗီယက်/ရုရှားတို့၏ ပြည်တွင်းသုံး သီးသန့် တိုက်လေယာဉ်တစင်း ဖြစ်ပြီး ပြည်ပသို့ တင်ပို့ ရောင်းချခြင်း လုံးဝမရှိပါဘူး။

MiG-31 ၅၀၀ လောက်အထိ ထုတ်လုပ်ခဲ့ပြီး အဲဒီ့အထဲမှ ၂၅၀ လောက်ဟာ ရုရှား လေတပ်တွင် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။

သက်တမ်းအရ အဆိုပါ လေယာဉ်များကို ရုရှားလေတပ် အနေဖြင့် ၂၀၃၀ ခုနှစ်လောက်အထိ ဆက်လက် အသုံးပြုနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

MiG-31 ဟာ MiG-25 လေယာဉ်တွေကို အခြေခံထားတာ ဖြစ်တဲ့အတွက် ၎င်းတို့မရှိဘဲ ပေါ်ပေါက်လာစရာ အကြောင်းတော့ မရှိပါဘူး။

MiG-31 တစင်း ပျံသန်းနေစဉ်

MiG-25

၁၉၆၄ မှာ ပထမဆုံး ပျံသန်းစမ်းသပ်ပြီး ၁၉၇၀ မှာ တာဝန် ထမ်းဆောင်လာတဲ့ MiG-25 များဟာ အလွန်အမင်း မြင့်မားလှသည့် အမြင့်မှ ပျံသန်းနေသည့် အမေရိကန် ဗုံးကြဲလေယာဉ်များကို ကြားဖြတ်နိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်တို့၏ ထောက်လှမ်းရေး အချက်အလက်များ အရ အဆိုပါလေယာဉ်သစ်၏ ပုံရိပ်များကို တွေ့မြင်ခဲ့ရ ပြီးနောက် အနောက် နိုင်ငံများ၏ လေကြောင်းကဏ္ဍကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။

ထိုလေယာဉ်များဟာ ကြီးမားပြီး၊ တောင်ပံမှာ ဖြန့်နိုင် ကျုံ့နိုင်ကာ အလွန် လျှင်မြန်စွာနှင့် ပျံသန်း စစ်ကစားနိုင်မယ်လို့ အမေရိကန်တို့က ထင်ခဲ့ကြပါတယ်။

ဒါ့ကြောင့် အမေရိကန်တို့ဟာ မကြာမီအတွင်း အသစ်ထွက်ရှိ လာမည့် F-15 Eagle တိုက်လေယာဉ်၏ စွမ်းဆောင်ရည် လို အပ်ချက်များကို ထပ်မံ မွမ်းမံခဲ့ပါတယ်။

ထိုခဏတာ အချိန်အတွင်းမှာတော့ MiG-25 ဟာ ဒဏ္ဍာရီလိုလိုတောင် ကျော်ကြားခဲ့ပြီး ၎င်းကို အလွန် စွမ်းဆောင် နိုင်တဲ့ ပြိုင်စံရှား လေယာဉ်တစင်း အဖြစ် အနောက်နိုင်ငံများက ထင်မြင်ခဲ့ကြပါတယ်။

၁၉၇၆ ခုနှစ် ဆိုဗီယက်လေယာဉ်မှူးတယောက် ဘက်ပြောင်းပြီး ဂျပန်ကို MiG-25 နှင့် အတူ ရောက်ရှိလာတဲ့ အခါမှာတော့ အားလုံးဟာ ထင်ထားတဲ့ အတိုင်း မဟုတ်တာကို တွေ့ရှိခဲ့ရပါတယ်။

အမေရိကန်ဟာ လေယာဉ်ကို အသေးစိတ် လေ့လာခွင့် ရရှိခဲ့ပြီး ၎င်းတို့အနေဖြင့် MiG-25 ကို အလွန်အမင်း အထင်ကြီးပြီး ခန့်မှန်းမိတာကို သဘောပေါက်ခဲ့ပါတယ်။

MiG-25 Foxbat Image: Courtesy of Wiki Commons (BY CC)

သို့ပေမဲ့ MiG-25 ဟာ ကြားဖြတ် တိုက်လေယာဉ် တစင်းအဖြစ်တော့ ကောင်းကောင်း အလုပ်လုပ်ပြီး အသံထက် ၂.၈ ဆ အထိ ပျံနိုင်ကာ အမြင့် ပေ ၈ သောင်းလောက်အထိ တက်ရောက်နိုင်ပါတယ်။

Tumansky R-15 အင်ဂျင်ကြောင့် လေယာဉ်ဟာ အမြန်နှုန်း အသံထက် ၃.၂ ဆ အထိ ပျံသန်းနိုင်ပေမယ့် ထို အမြန်နှုန်းနှင့် ပျံသန်းပါက အင်ဂျင်ကို ပျက်စီးစေမှာ ဖြစ်ပါတယ်။

၁၉၇၆ ခုနှစ် မှာ ၎င်းတို့ လေယာဉ်၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားပြီ ဖြစ်တဲ့အတွက် ဆိုဗီယက်ဟာ MiG-25 ကို ပြည်ပနိုင်ငံများကို စတင်ရောင်းချပြီး ပိုကောင်းတဲ့ လေယာဉ်ကို ဖန်တီးဖို့ လုပ်ဆောင်လာပါတယ်။

MiG-31

လေယာဉ်သစ်ကို ဖန်တီးဖို့ ကြိုးစားနေချိန်မှာ ဆိုဗီယက်တို့ဟာ အမြင့်ပျံ ဗုံးကြဲလေယာဉ်ကြီးများရန်ကို သာမက အနိမ့်ပျံ သန်းနိုင်သည့် ခရုဇ်ဒုံးကျည်များ ရန်ကိုပါ စိုးရိမ်နေရပါတယ်။

ဒါ့ကြောင့် အသစ်ဖန်တီးနေသည့် လေယာဉ်ကို ပိုမို ကောင်းမွန်သည့် ရေဒါ၊ အင်ဂျင် နှင့် ဒုံးကျည်များကို တပ်ဆင်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ခဲ့ပါတယ်။

အဲဒီ့နောက်မှာ‌တော့ MiG-25 နှင့် အမြင်အားဖြင့် ဆင်တူသည့် MiG-31 တိုက်လေယာဉ်ကို မွေးဖွားလာခဲ့ပါတယ်။

အကြီးမားဆုံး အပြောင်းအလဲကတော့ MiG-31 မှာ အလွန်ကို အားကောင်း အစွမ်းထက်တဲ့ Zaslon S-800 PESA ရေဒါကို ပထမဆုံး တပ်ဆင်ထားတာ ဖြစ်ပါတယ်။

MiG-31 ပျံတက်နေစဉ်

အဆိုပါ ရေဒါဟာ ၁.၁ မီတာလောက် အကျယ်ရှိပြီး ၁၆ စတုရန်းမီတာလောက် ရှိသည့် ပျံသန်းနေသည့် အရာကို ၁၂၅ မိုင် အကွာအဝေးမှ တွေ့ရှိနိုင်ပါတယ်။

ဒါ့အပြင် အနိမ့်မှ ပျံသန်းနေသည့် လေယာဉ်များ၊ ခရုဇ် ဒုံးကျည်များကိုလည်း ချေမှုန်းနိုင်စွမ်း ရှိပါတယ်။

ရေဒါအသစ်နှင့် MiG-31 ကို ၁၉၉၁ ခုနှစ် ပဲရစ် လေကြောင်း ပြပွဲတွင် ပြသခဲ့ပြီး အမေရိကန်၏ F-117 Nighthawk လေ ယာဉ်များလည်း ပြပွဲမှာ ရှိနေခဲ့ပါတယ်။

ဆိုဗီယက်တို့ဟာ F-117 နှင့် MiG-31 တို့ကို ပြပွဲတွင် ပျံသန်းစေပြီး MiG-31 ရေဒါမှ F-117 ကို မြင်နိုင် မြင်နိုင် စမ်းသပ်ဖို့ ပြောပေမယ့် အမေရိကန်ဟာ ငြင်းဆန်ခဲ့ပါတယ်။

MiG-25 ဟာ လေယာဉ်ချင်း ကောင်းကင်တွင် dogfight လုပ်ဖို့ အတွင်းမှာ စက်အမြောက် တပ်ဆင်မထားပေမယ့် MiG-31 မှာတော့ တောင်ပံအခြေတွင် ၂၃ မီလီမီတာ စက်အမြောက်ကို တပ်ဆင်ထားပါတယ်။

လေယာဉ်ဟာ ၄ မီတာလောက် အရှည်ရှိတဲ့ R-33 ဒုံးကျည် ၄ လုံးလောက်အထိ ဝမ်းဗိုက်အောက်တွင် ချိတ်ဆွဲကာ စစ်ဆင်နိုင်ပါတယ်။

SR-71 နှင့် B-52 ကဲ့သို့ လေယာဉ်များကို တိုက်ခိုက်ဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်တဲ့အတွက် ထို ဒုံးကျည်များဟာ ၇၅ မိုင် အကွာအဝေးမှ ပစ်မှတ်ကို ချေမှုန်းနိုင်ပါတယ်။

Zaslon S-800 PESA ရေဒါ၏ အစွမ်းကြောင့် အဆိုပါ ဒုံးကျည် ၄ လုံးစလုံးကို တပြိုင်နက် ပစ်မှတ်ဆီ မရောက်မချင်း လမ်း ညွှန်ပေးနိုင်မှာ ဖြစ်ပါတယ်။

Kh-47M2 Kinzhal ဟိုက်ပါဆိုးနစ် ဒုံးကျည်ကို တင်ဆောင်ထားစဉ် Image: Courtesy of Wiki Commons/kremlin (BY CC 3.0 & 4.0)

ဆိုဗီယက်တို့၏ တန်ဝက်လောက် ရှိတဲ့ R-33 ဒုံးကျည်ဟာ အမေရိကန် လေတပ်မှ F-14 Tomcat များတွင် အသုံးပြုနေသည့် Phoenix AIM-54 များနှင့် တန်းတူလောက် ရှိပါတယ်။

လက်ရှိမှာတော့ MiG-31 ကို တာဝေးပစ် လက်နက် သယ်ယူနိုင်သည့် platform တခု အနေနဲ့ စမ်းသပ်နေပြီး အကွာအဝေး ၁,၂၀၀ မိုင်လောက် ရောက်နိုင်ကာ အသံထက် ၁၀ ဆ အမြန်နှုန်း ရှိတဲ့ Kh-47M2 Kinzhal ဒုံးကျည်များနှင့် တွဲဖက် အသုံးပြုတော့မှာ ဖြစ်ပါတယ်။

MiG-25 နှင့် MiG-31 နှစ်စင်းလုံးဟာ လေယာဉ်ချင်း ကောင်းကင်တွင် dogfight ပြူလုပ်ဖို့ရာအတွက် တန် ၅၀ လောက်ရှိပြီး ၇၅ ပေလောက် ရှည်တဲ့ လေယာဉ်တစင်းအတွက် မဖြစ်နိုင်ပါဘူး။

သို့ပေမဲ့ ၎င်းတို့ဟာ ကြီးမားသည့် အရှိန်နှင့် ပစ်မှတ်ကို ချဉ်းကပ် တိုက်ခိုက် နိုင်ဖို့ ဒီဇိုင်း ထုတ်ထားတဲ့ ကြားဖြတ် တိုက်လေ ယာဉ်များ ဖြစ်တဲ့အတွက် အနာဂါတ် တာဝေး ဒုံးကျည်များကို သယ်ဆောင်တိုက်ခိုက်ရာမှာလည်း အသုံးဝင်နေဦးမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.