လက်ဗွေလုံခြုံရေး စနစ်ပါရှိတဲ့ မိုဘိုင်းဖုန်းတွေ ကျွန်တော်တို့ရဲ့ လူမှုဘဝထဲကို ရောက်လာတာ နှစ်ပေါင်း အတော်ကြာနေပြီ ဖြစ်ပါတယ်။
သမိုင်းအကျဉ်းချုပ်
ပထမဆုံး လက်ဗွေ လုံခြုံရေး စနစ်ပါဝင်တဲ့ Pantech Gi100 ကို ၂၀၀၄ ခုနှစ် ပထမ နှစ်ဝက်အတွင်းမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ Toshiba နှင့် HTC တို့ဟာ ၎င်းတို့၏ ဖုန်းများတွင် လက်ဗွေလုံခြုံရေး စနစ်များ ထည့်သွင်း လာခဲ့ကြပါတယ်။

၂၀၁၅ လောက်ပိုင်းကစပြီး စမတ်ဖုန်းများတွင် လက်ဗွေလုံခြုံရေး စနစ်ဟာ မပါမရှိ ပုံစံမျိုးအထိ ခေတ်စားလာပြီး အဆင့်မြင့် စမတ်ဖုန်းများ၏ သာမန် feature တခု ဖြစ်လာပါတယ်။
Apple ရဲ့ ပထမဆုံး လက်ဗွေလုံခြုံရေး ပါဝင်တဲ့ ဖုန်းကတော့ iPhone 5S ဖြစ်ပြီး Samsung ကတော့ Galaxy Note4 ဖြစ်ပါတယ်။
အဲဒီ့နောက်မှာတော့ ဖုန်းမျက်နှာပြင်အတွင်း ထည့်သွင်းထားတဲ့ လက်ဗွေလုံခြုံရေး စနစ်များ ထွက်ပေါ်လာပြီး ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Vivo X20 Plus UD ဟာ ပထမဆုံး ဖုန်းမျက်နှာပြင်အတွင်း လက်ဗွေလုံခြုံရေး စနစ်ကို တပ်ဆင်ထားပါတယ်။
စမတ်ဖုန်းများတွင် ဘယ်လို အလုပ်လုပ်
စမတ်ဖုန်းများဟာ လက်ဗွေ လုံခြုံရေး စနစ်အတွက် အဓိကအားဖြင့် နည်းပညာ ၃ ခုကို အသုံးပြုခဲ့ပါတယ်။
Optical လက်ဗွေဖတ် စနစ်
ဒီနည်းပညာဟာ စမဖတ်ဖုန်းတွင် အသုံးပြုသည့် နည်းပညာများတွင် အစောဆုံး အသုံးပြုခဲ့တဲ့ နည်းပညာ ဖြစ်ပါတယ်။
လက်ဗွေများအား ဖတ်ရှုနိုင်ဖို့ ကင်မရာ အသေးစားလေးကို အသုံးပြုပြီး လက်ဗွေများကို ဓာတ်ပုံရိုက်တာဖြစ်ပြီး အတွင်းမှာ သုံးမြှောင့်ဖန်တုံးလေးကို တပ်ဆင်ထားပါတယ်။

ဖန်တုံး၏ တဖက်မှာ လက်ချောင်းများကိုထားရှိပြီး ကပ်လျက်ရှိတဲ့ တဖက်မှ အလင်းဖြင့် ထိုးကာ အခြားတဖက်မှ ထွက်သွားစေခြင်းဖြင့် အလင်းပေးကာ ပုံရိပ်ကို ဖမ်းယူပါတယ်။
၎င်းအလုပ်လုပ်ပုံဟာ ဒစ်ဂျစ်တယ် ကင်မရာနှင့် ဆင်တူပေမယ့် အားနည်းချက်ကတော့ ဓာတ်ပုံများကို အသုံးပြုပြီး လှည့် စားလို့ရပါတယ်။
Capacitive လက်ဗွေဖတ် စနစ်
Capacitive စနစ်ကတော့ ကမ္ဘာအနှံ့ စမတ်ဖုန်းများတွင် အသုံးပြုနေကျ စနစ်တခုဖြစ်ပြီး အလင်း လိုအပ်ခြင်း မရှိပါဘူး။
၎င်းဟာ touchscreen များတွင် အသုံးပြုသည့် နည်းပညာ နှင့် အတူတူဘဲ ဖြစ်ပြီး နောက်ကွယ်က နည်းပညာဟာ ရှင်းပြဖို့ အနည်းငယ် ခက်ပါတယ်။
အကြမ်းဖျင်းအားဖြင့် ပြောရရင် လက်ဗွေဖတ်သည့် နေရာတွင် capacitor များပါဝင်တဲ့ circuit ကို တပ်ဆင်ထားပြီး လက်နှင့်ထိသည့်အခါ ထိသည့်နေရာသို့သာ လျှပ်ကူးပြီး လက်ဗွေများကို ဖတ်ရှုတာဖြစ်ပါတယ်။

Ultrasonic လက်ဗွေဖတ် စနစ်
ဒီစနစ်ကတော့ ရှင်းပြဖို့ရာ အနည်းငယ် ပိုလွယ်ကူပါတယ်။
လက်ကို လက်ဗွေဖတ်သည့်အပေါ်သို့ ထားလိုက်သည့် အခါတွင် အသံလှိုင်းတခု ဖြစ်ပေါ်လာစေကာ အဆိုပါ အသံလှိုင်းများဟာ အာရုံခံကိရိယာဆီ လာရိုက်ခတ်ပြီး လက်ဗွေကို ဖတ်ရှုတာ ဖြစ်ပါတယ်။
လက်ဗွေ၏ ဘေးဘက်ကိုထိလို့ ထွက်လာတဲ့ လှိုင်းများဟာ အလယ်မှာထိတဲ့ လှိုင်းများထက် အာရုံခံ ကိရိယာဆီကို အရင်ရောက်ရှိပြီး ၎င်းမှ ခွဲခြမ်းစိတ်ဖြာကာ လက်ဗွေအဖြစ် မှတ်သားတာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။