နည်းပညာတွေ တိုးတက်လာသည်နှင့် အမျှ မော်တော်ယာဉ် လုပ်ငန်းဟာလည်း အလွန်းတိုးတက်လာပြီး ကျွန်တော်တို့မှာ “moon bike” လို့ခေါ်တဲ့ လပေါ်သွားနိုင်မယ့် ဆိုင်ကယ်တော့ ရှိနေပါပြီ။
ဒီ လသွား ဆိုင်ကယ်ဟာ အလေးချိန်အားဖြင့် သမားရိုးကျ ဆိုင်ကယ်များထက် အများကြီး ပေါ့ပါးမှာ ဖြစ်ပါတယ်။
အာကာသ အတွင်း သွားနိုင်ဖို့ အလေးချိန်အရ တွက်ချက်ကြည့်မယ်ဆိုရင် ၁ ကီလိုဂရမ်ကို ပျမ်းမျှအားဖြင့် ဒေါ်လာ ၂,၇၂၀ လောက်ကုန်ကျပါတယ်။
Hookie ကုမ္ပဏီက ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတဲ့ ဒီ လသွား မော်တော်ဆိုင်ကယ်ဟာ အလေးချိန် ၃၀၈ ပေါင် (၁၄၀ ကီလိုဂရမ်) လောက်ရှိပါတယ်။
NASA က အသုံးပြုနေတဲ့ လဆင်းယာဉ် ကတော့ ၄၆၃ ပေါင် (၂၁၀ ကီလိုဂရမ်) အလေးချိန် ရှိတဲ့အတွက် လသွား မော်တော်ဆိုင်ကယ်ဟာ ပိုမို ပေါ့ပါးတဲ့ သတ္တုတွေနဲ့ တည်ဆောက်ထားတာ အသေအချာပါပဲ။
ဒီ ဆိုင်ကယ်ကို Tardigrade လို့ အမည်ပေးထားပြီး အဲဒီ့ နာမည်ဟာ အာကာသအတွင်းမှာတောင် ရှင်သန်နိုင်စွမ်းရှိတဲ့ သက်ရှိတကောင်ရဲ့ အမည်ဖြစ်ပါတယ်။
အဲဒီ့ သက်ရှိရဲ့ အကြောင်းကိုတော့ “အသက်အပြင်းဆုံး သက်ရှိဖြစ်တဲ့ ရေဝက်ဝံ လို့ခေါ်တဲ့ Tardigrates အကြောင်း ၅ ချက်” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

လသွားဆိုင်ကယ်၏ ဒီဇိုင်းကို Hokkie ၏ လက်ထောက် တည်ထောင်သူများဖြစ်ကြတဲ့ Nico နှင့် Sylvia Muller တို့က ရုရှား အနုပညာရှင် Andrew Fabishevskiy ၂၀၂၀ ခုနှစ်က ဖန်တီးခဲ့တဲ့ ဒစ်ဂျစ်တယ် ဒီဇိုင်းကနေ ၎င်း၏ ခွင့်ပြုချက်ဖြင့် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါယာဉ်တွင် အလွန်ပေါ့ပါးသည့် သတ္တုနှင့် ပြုလုပ်ထားသည့် ဝင်ရိုးများနှင့် လေဆာဖြင့် ဖြတ်တောက်ထားသည့် အလူမီနီယံကို အသုံး ပြုထားသည့် ပါးလွှာသည့် ဘောင်တခု ပါရှိပါတယ်။
အပြင်ဘက် ကိုယ်ထည်ပိုင်းကို ပိုက်လိုင်းစနစ်ဖြင့် ပြုလုပ်ထားပြီး NASA ကို ထောက်ပံ့နေသည့် DuPont ကုမ္ပဏီက ထုတ်လုပ်သည့် အလူမီနီယံအုပ်ထားသည့် Kevlar အဖြင့် ဖုံးအုပ်ထားပါတယ်။
ဒါ့ကြောင့် မောင်းနှင်သည့် စနစ်ကို အာကာသ ဓာတ်ရောင်ခြည်၊ အသေးစား ထိခိုက်မှုများနှင့် အလွန်ပြင်းထန်သည့် လပေါ်မှ အအေးဒဏ်တို့၏ သက်ရောက်မှုမှ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
လျှပ်စစ် စွမ်းအင်သုံး မောင်းနှင်စနစ်ကို ဆွီဒင် ကုမ္ပဏီ တခုဖြစ်တဲ့ Cake မှ စီစဉ်ပေးထားဖြစ်ပြီး အဆိုပါ ကုမ္ပဏီဟာ ဈေးသက်သာသည့် လျှပ်စစ် စက်ဘီးများ ထုတ်လုပ်ရာတွင် ကျော်ကြားပါတယ်။
အခက်အခဲဆုံး အပိုင်းမှာ တာယာပိုင်းဖြစ်ပြီး လသွား မော်တော်ဆိုင်ကယ်တွင် လေမပါသည့် airless တာယာအမျိုးအစားကို 3D printer ဖြင့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

မော်တော် ဆိုင်ကယ်၏ အစိတ်အပိုင်များကို သီးခြားခွဲပြီး ဖြုတ်နိုင် တပ်နိုင်သည့် အပြင် လိုအပ်ပါက အစားထိုး လဲလှယ်နိုင်တယ်လို့ သိရပါတယ်။
“NASA ဟာ ကျွန်တော်တို့ရဲ့ Tardigrade စီမံကိန်းအကြောင်းကို သိရှိထားပြီး အနာဂါတ်မှာ ပူးပေါင်းဆောင်ရွက်မှုများ သို့မဟုတ် အကြံဥာဏ်များ နှင့် ပတ်သက်ပြီး စကားပြောဆိုဖြစ်မယ်ဆိုရင် အလွန် အံ့အားသင့်ဖွယ် ကောင်းမှာ ဖြစ်ပါတယ်။”
“ကျွန်တော်တို့ဟာ ဒီ့အတွက် လုံးဝ အဆင်သင့်ပါပဲ” လို့ Müller က ပြောကြားခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။