ကြွက်တွေ ဒိန်ခဲ တကယ် ကြိုက်မကြိုက်နှင့် ၎င်းတို့၏ အစား အစာများ

Knowledge Nature

ကျွန်တော်တို့ဟာ ငယ်ငယ်ကတည်းက Tom & Jerry ကာတွန်းကား တွေကစပြီး တခြား ဇာတ်ကားများအထိ ကြွက်တွေဟာ ဒိန်ခဲကြိုက်တဲ့ အကြောင်းကို မြင်တွေ့ ခဲ့ရပါတယ်။

ဒါပေမယ့် ဒီလို လူသိများတဲ့ ယုံကြည်မှုဟာ တကယ်တော့ မမှန်ပါဘူး။ ကြွက်တွေဟာ ဒိန်ခဲနှင့် ပတ်သက်ပြီး အဲဒီလောက် အရူးအမူး မဖြစ်ကြပါဘူး။

ဆာလောင်နေတဲ့ ကြွက်တွေဟာ ၎င်းတို့ အနီးအနားမှာ တခြား ဘာမှ စားစရာ မရှိရင်တော့ ရွေးချယ်စရာ မရှိတဲ့ အတွက် ဒိန်ခဲကို စားကြမှာပါ။

ဒါပေမယ့် ကြွက်တွေအတွက်တော့ ဒိန်ခဲဟာ အကြိုက်ဆုံး အစားအစာ ဖြစ်လာမှာတော့ မဟုတ်ပါဘူး။

ရှိတ်စပီးယား မှသည့် Tom & Jerry ကာတွန်းကားများအထိ ဒိန်ခဲနှင့် ပတ်သက်သည့် ယုံကြည်မှုဟာ ဘယ်က စတင်ခဲ့ သေချာမသိ ရပါဘူး။

ဖြစ်နိုင်တာကတော့ ရေခဲ သေတ္တာတွေ မတီထွင် နိုင်သေးသည့် အလယ်ခေတ် (၅ ရာစု မှ ၁၅ ရာစု အတွင်း -Wikipedia) လောက်က ယုံ ကြည် ခဲ့ကြတာ ဖြစ်နိုင်ပါတယ်။

အဲဒီအချိန်တုန်းက ရေခဲသေတ္တာထဲတွင် အစားအစာများကို ပစ်ထားလိုက်ရုံလောက် မရိုးရှင်းဘဲ အစားအစာ ထားသိုမှုဟာ ပိုမို ရှုပ်ထွေးခဲ့ပါတယ်။

အလယ်ခေတ်ကာလ မိသားစုများဟာ ၎င်းတို့၏ အသားများကို မျက်နှာကျက်ပေါ်တွင် ချိတ်ဆွဲထားလေ့ရှိပြီး၊ အစေ့အဆန်များကို အိတ်များ သို့မဟုတ် သစ်သားပုံးများတွင် ထည့်လေ့ရှိကာ၊ ဒိန်ခဲကြီးတွေကိုတော့ ဖယောင်း သို့မဟုတ် ဒိန်ခဲအုပ်သည့် အဝတ်ဖြင့် ကာကွယ်ထားလေ့ ရှိပါတယ်။

ဤကာလအတွင်းမှာ ဆာလောင်နေတဲ့ ကြွက်များဟာ ၎င်းတို့ ရရှိနိုင်တဲ့ မည်သည့် အစာကိုမဆို ရိုးရှင်းစွား တူးဆွ ရှာဖွေ စားသောက်နိုင်ပါတယ်။

မျက်နှာကျက်မှာ ချိတ်ဆွဲထားတဲ့ အသားများဆီ လက်လှမ်းမှီဖို့ ခက်ခဲပေမယ့် အစေ့များနှင့် ဒိန်ခဲများကိုတော့ ကြွက်များဟာ အလွယ်တကူ စားသုံးနိုင်ပါတယ်။

အဲဒီလို လာရောက်စားသောက်စဉ်မှာ အစေ့အဆံများကို စားသုံးတာဟာ မြင်ရဖို့ သိပ်မသိသာပေမယ့် ဒိန်ခဲကြီးတွေကို စားသုံးတာကတော့ ပိုမို သိသာတဲ့ သောကြောင့် ဒိန်ခဲကြိုက်တယ်ဆိုတဲ့ ပုံပြင် ဖြစ်လာပုံရပါတယ်။

နောက်ထပ် ကြွက်တွေ ဒိန်ခဲကြိုက်တယ်ဆိုတဲ့ အယူအဆ အမြစ်တွယ်လာတာဟာ ပုံတွေကြောင့်ပါ။ တြိဂံပုံစံ အပေါက်လေးများနှင့် ဒိန်ခဲ ကို ကြွက်နှင့် တွဲဖက် ရေးဆွဲရန် အလွန် အဆင်ပြေပါတယ်။

ဒါဟာ ကြွက်ကို ဆန်စေ့အချို့ သို့မဟုတ် မြေပဲထောက်ပတ်များနှင့် တွဲဖက် ဖော်ပြဖို့အတွက်ထက် အများကြီး ပိုမို မြင်သာပြီး စွဲဆောင်မှု ရှိပါတယ်။

ဒါ့ကြောင့် ကာတွန်းဆရာများနှင့် ကွန်ပျူတာ animator များဟာ ဒီ ဒဏ္ဍာရီကို နှစ်ပေါင်းများစွာ တည်တံ့အောင် ဆက်လက် ကူညီပေးနေသူများလို့ ဆိုနိုင်ပါတယ်။

ကြွက်တွေ ဒိန်ခဲမကြိုက်ဘူးဆိုရင် ဘာကြိုက်တာလဲ

ကြွက်များဟာ သစ်သီး၊ အစေ့အဆံ နှင့် ချောကလက်များ စတဲ့ ချိုမယ်ထင်ရတဲ့ အစားစာတွေကို ကြိုက်ကြပါတယ်။ (Royal Society for the Prevention of Cruelty to Animals တွင် ဖော်ပြပြီး)

တကယ်လို့ သင်ဟာ ကြွက်ဖမ်းဖို့ ထောင်ချောက်ဆင်မယ်ဆိုရင် ချိုတဲ့အစားအစာတွေကို အသုံးပြုတာဟာ အခြား အစားအစာတွေထက် အောင်မြင်မှုနှုန်း ပိုများပါတယ်။

သင့်တွင် အိမ်မွေးကြွက် ရှိပါက ဒိန်ခဲကို အစာအဖြစ် မကျွေးသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒိန်ခဲဟာ ကြွက်ရဲ့ သဘာဝအစားအစာ မဟုတ်သလို အန္တရာယ်လဲ ရှိနိုင်ပါတယ်။

ဒါ့ကြောင့် သင့် အိမ်မွေးကြွက်ကို လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ချိုတဲ့ အစေ့အဆံများကိုသာ ကျွေးဖို့ အကြံပြုလိုပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.