ဆွစ်ဇာလန်နိုင်ငံ ဖက်ဒရယ် သတ္တုဆိုင်ရာ သိပ္ပံနှင့် နည်းပညာ ဓာတ်ခွဲ သုတေသန ဌာန EMPA၊ Utrecht တက္ကသိုလ် နှင့် ဩစတီးယား အလယ်ပိုင်း မိုးလေဝသ နှင့် ဘူမိရူပဗေဒ တက္ကသိုလ် ပူးပေါင်းပြီး လေထုမှ သယ်ဆောင် လာသည့် ကြီးမားတဲ့ လေထုညစ်ညမ်းမှုကို လေ့လာခဲ့ပါတယ်။
လေ့လာမှုတွင် တန်ချိန် ၃ ထောင်လောက်ရှိတဲ့ နာနို အရွယ်အစား ပလတ်စတစ် အမှုန်လေးများဟာ ဆွစ်ဇာလန်နိုင်ငံတွင် စုပုံလျှက်ရှိပြီး အထူးသဖြင့် အေးခဲနေသည့် ဒေသများတွင် ပိုပြီး အတွေ့များတယ်လို့ သိရှိရပါတယ်။
ပလတ်စတစ် အမှုန် အများစုဟာ နိုင်ငံအတွင်းရှိ မြို့ကြီးများမှ ထုတ်လွှတ်လိုက်တာ ဖြစ်ပေမယ့် အချို့ကတော့ သမုဒ္ဒရာမှ အမှုန်အမွှားများဖြစ်ပြီး လေထုထဲသို့ လှိုင်းလုံးများမှ တဆင့် ရောက်ရှိလာတာပါ။
အတ္တလန္ထိတ် သမုဒ္ဒရာမှ အစပြုလိုက်တဲ့ ဒီအမှိုက်သရိုက်တွေ ထဲက တချို့ဟာ ကီလိုမီတာ ၂ ထောင်လောက် ဝေးတဲ့ နေရာအထိ လေမှ တဆင့် ရောက်ရှိလာတာ ဖြစ်တယ်လို့ အဖွဲ့က ရှင်းပြပါတယ်။

ဒီရလဒ်များဟာ နာနိုနှင့် မိုက်ခရို အရွယ်အစား ပလတ်စတစ် အမှုန်များ ပြန့်နှံ့ကာ ကမ္ဘာပေါ်တွင် ပလတ်စတစ် ညစ်ညမ်းမှုများ ဖြစ်ပေါ်စေတာကို ဖော်ပြခဲ့သည့် သုတေသနအပေါ် အခြေခံထားပါတယ်။
ပလတ်စတစ် နှင်းများ
ကမ္ဘာကြီးမှ ပလတ်စတစ် ပြဿနာဟာ အမှန်တကယ် ကြီးထွားလာတယ်ဆိုတာ ကျွန်တော်တို့ သိကြပေမယ့် နာနို အရွယ် အစား ပလတ်စတစ် များလေထဲသို့ ဘယ်လို သွားလာနေတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်များကိုတော့ မသိကြသေးပါဘူး။
လက်ရှိလေ့လာမှုဟာ ထိုကဲ့သို့ လေထုအတွင်း ပလတ်စတစ်ဆိုင်ရာ ညစ်ညမ်းမှုများကို အတိကျဆုံး မှတ်တမ်း ပေးစွမ်းနိုင်တယ်လို့ စာရေးသူများက ဆိုပါတယ်။
လေ့လာမှုတွင် သုတေသီများဟာ မတူညီသည့် နမူနာများမှ ပလတ်စတစ် ညစ်ညမ်းမှု အဆင့်ကို တိုင်းတာရန် ဆန်းသစ်သည့် ဓာတုဗေဒနည်လမ်းတခုဖြင့် ဒြပ်ထုရောင်စဉ်တိုင်း ကိရိယာကို ဖန်တီးခဲ့ပါတယ်။
အဆိုပါ နမူနာများကို ဩစတီးယားနိုင်ငံ Hohe Tauern အမျိုးသား ဘေးမဲ့တောရှိ Hoher Sonnenblick တောင်ပေါ် နေရာတခုမှ ရရှိခဲ့တာဖြစ်ပြီး ၎င်းဟာ ပင်လယ်ရေ မျက်နှာပြင် အထက် ၃,၁၀၀ မီတာတွင် တည်ရှိတာ ဖြစ်ပါတယ်။

အဲဒီ့နေရာဟာ ၁၈၈၆ ခုနှစ်ကတည်းက ဩစတီးယား အလယ်ပိုင်း မိုးလေဝသနှင့် ဘူမိရူပဗေဒ တက္ကသိုလ်မှ စောင့်ကြည့်လေ့လာရေး စခန်းအဖြစ် ရွေးချယ်ခဲ့တာပါ။
နှင်းထု အပေါ်ဆုံး နမူနာများကို သုတေသီများ၏ အဝတ်များနှင့် လေထုမှ နာနို ပလတ်စတစ်များနှင့် ထိတွေ့မှု မရှိအောင် ဂရုတစိုက်ဖြင့် နေ့စဉ် နံနက် ၈ နာရီတိုင်း ရာသီဥတု အမျိုးအစား အားလုံးအတွက် ကောက်ယူ စုဆောင်းခဲ့ပါတယ်။
တိုင်းတာမှုများအရ နှစ်စဉ် ပလတ်စတစ် အမှုန်းပေါင်း ၄၃ ထရီလီယံလောက် ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိပြီး ဒါဟာ တန်ချိန် ၃ ထောင်လောက်နှင့် ညီမျှတယ်လို့ သိရပါတယ်။
ဓာတ်ခွဲခန်းတွင် ဥရောပတဝှမ်းမှ လေနှင့် မိုးလေဝသ အချက်အလက်များကို အသုံးပြုပြီး နာနို ပလတ်စတစ်များ၏ ဇစ်မြစ်ကို တိုင်းတာခဲ့ပါတယ်။
အမှုန်အများစုဟာ လူနေထူထပ်သည့် မြို့ပြများမှ ထုတ်လွှတ်ဖွယ်ရှိပြီး ၃ ပုံ ၁ ပုံလောက်ကတော့ ကီလိုမီတာ ၂၀၀ လောက်အတွင်းက ထွက်လာတာကို တွေ့ရပါတယ်။
သို့ပေမယ့် ၁၀ ရာခိုင်နှုန်းလောက် ရှိတဲ့ ပလတ်စတစ် အမှုန်များကတော့ အံ့အားသင့်စရာ ကောင်းလောက်အောင် ကီလိုမီ တာ ၂ ထောင်ကျော်လောက် ဝေးတဲ့ အတ္တလန္တိတ် သမုဒ္ဒရာအတွင်းမှ ရောက်ရှိလာတာကို တွေ့ရပါတယ်။

နာနို ပလတ်စတစ် အမှုန်များဟာ ရာသီဥတုဒဏ်ကြောင့် နှင့် စက်များကြောင့် ပလတ်စတစ် အပိုင်းကြီးများမှ ထွက်ပေါ်လာတာဖြစ်ပြီး ၎င်းတို့ဟာ ဓာတ်ငွေ့များနှင့် နှိုင်ယှဉ်လောက်အောင် ပေါ့ပါးကြပါတယ်။
လူသားတွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုကို မသိရှိရသေးပေမယ့် ဒီအရွယ်အစားဟာ ကျွန်တော်တို့ အဆုတ်ထဲအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်တဲ့ အရွယ်အစားဖြစ်ပါတယ်။
ယခု လေ့လာမှုဟာ နာနို ပလတ်စတစ် တွေရဲ့ သက်ရောက်မှုကို မသိရှိ နိုင်ပေမယ့် အဆိုပါ ပလတ်စတစ်များ၏ ညစ်ညမ်းမှု အတိုင်း အတာကို ရှုထောင့်တွင် ထည့်သွင်းပေးထားပါတယ်။
ယခုစာတမ်းကို “Nanoplastics transport to the remote, high-altitude Alps” ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာ ဂျာနယ်တွင် ဖော်ပြခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။