ဩစတြေးလျနိုင်ငံ သတ္တုတွင်း ဒေသရှိ မိုင်းတွင်းတခုမှ နက်ရှိုင်းသော မြေအောက်တွင် သိပ္ပံပညာရှင်များဟာ ကမ္ဘာပေါ်တွင် ခြေထောက် အများဆုံး ပိုင်ဆိုင်ထားသည့် သက်ရှိ အမျိုးစားတမျိုးကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
၎င်းဟာ ခြေထောက်ပေါင်း ၁,၃၀၆ ချောင်းလောက် ပိုင်ဆိုင်ထားပြီး millipede ပိုးနသန်ကောင် မျိုးစိတ်မှ ဖြစ်ကာ ကမ္ဘာ့ပေါ်တွင် လက်ရှိအချိန်အထိ သိရှိထားသမျှ သက်ရှိများထဲတွင် ခြေထောက်အများဆုံး သက်ရှိ ဖြစ်လာပါတယ်။
ခန္ဓာကိုယ်ဟာ ချည်မျှင်နှင့်တူကာ အရောင်ဖျော့ဖျော့ရှိသည့် ဒီ ပိုးနသန်ကောင် ဟာ အရှည် ၉၅ မီလီမီတာ ခန့်လောက် (၃ လက်မခွဲခန့်) နှင့် အကျယ် ၀.၉၅ မီလီမတာလောက်ရှိကာ ကတော့ပုံ ဦးခေါင်း၊ ငှက်နှုတ်သီးပုံစံ ပါးစပ်နှင့် ကြီးမားသည့် ဦးမှင်များ ပါဝင်ပါတယ်။
၎င်းတွင် မျက်လုံးများ မပါဝင်တဲ့အတွက် ဦးမှင်များဟာ တခုတည်းသော အာရုံခံ အရင်းအမြစ် ဖြစ်နိုင်မယ်လို့ သုတေသီများက ဒီဇင်ဘာ လ ၁၆ ရက်နေ့က ပြောပြခဲ့ပါတယ်။
လူတွေက ပိုးနသန်ကောင်တွေမှာ ခြေထောက်ပေါင်း ထောင်ဂဏန်း ရှိတယ်လို့ ပြောခဲ့ကြပေမယ့် ယခင်က ခြေထောက် ၁ ထောင် လောက် တကယ်ရှိတဲ့ ပိုးနသန်ကောင်တွေကို မတွေ့ရှိဖူးပါဘူး လို့ Virginia Tech မှ ပိုးမွှားဗေဒ ပညာရှင်တယောက်ဖြစ်သည်အပြင် ယခုလေ့လာမှု၏ ဦးဆောင် ပြုစုသူ Paul Marek က ပြောပါတယ်။

ယခု အသစ်တွေ့ရှိခဲ့တဲ့ ပိုးနသန်ကောင်မျိုးကို Eumillipes persephone လို့ခေါ်ပြီး ၎င်းတို့ဟာ မြေအောက်အနက် ပေ ၂၀၀ လောက် နီး ပါးမှာ နေထိုင်တာဖြစ်ကာ အမများဟာ အထီးများထက် ခြေထောက်များ ပိုမို ပိုင်ဆိုင်ထားကြပါတယ်။
“ကျွန်တော့်အမြင်မှာတော့ ဒါဟာ အံ့ဩစရာကောင်းတဲ့ ဆင့်ကဲဖြစ်စဉ်မှ အံ့မခန်း သတ္တဝါကောင်ပဲ ဖြစ်ပါတယ်” လို့ ဩစတြေးလျနိုင်ငံ Perth မြို့ ရှိ Bennelongia Environmental Consultants မှ ဇီဝဗေဒ ပညာရှင် Bruno Buzatto က ပြောကြားခဲ့ပါတယ်။
ယခု မျိုးစိတ်အသစ် မတွေ့ခင်အထိ ခြေထောက် အများဆုံး ပိုင်ဆိုင်ထားတာကတော့ Illacme plenipes လို့ခေါ်တဲ့ ကယ်လီဖိုးနီးယား ပိုးနသန်ကောင် California millipede မျိုးစိတ်ဖြစ်ပြီး ခြေထောက်ပေါင်း ၇၅၀ လောက် ရှိပါတယ်။
မျိုးစိတ်သစ်ဟာ သံနှင့် မီးတောင်ကျောက်များ ထူထပ်သည့် လုံးဝ မှောင်မည်းနေသည့် မြေအောက်တွင်းများ အတွင်းမှာ နေထိုင် ကျက်စားကြတာ ဖြစ်ပါတယ်။

မျက်လုံးများ မပါရှိသောကြောင့် ၎င်းတို့ဟာ ပတ်ဝန်းကျင်ကို သိရှိစေရန် ထိတွေ့မှု နှင့် အနံ့ ကဲ့သို့ အခြား အာရုံခံ စနစ်များကို အသုံးပြုဖွယ် ရှိပါတယ်။
၎င်းတို့ဟာ မှိုစားသည့် ပိုးနသန်ကောင် မျိုးရင်းတွင် ပါဝင်နေသောကြောင်း ဒီမျိုးသစ်တွေ ဘာကို စားသောက်ကြသလဲဆိုတာကို သုတေသီများဟာ စိတ်ဝင်စားနေကြပါတယ်။
ဒီ မျိုးစိတ်ကို အနောက်ဩစတြေးလျရှိ ရွှေ၊ လစ်သီယံနှင့် ဗန်နေဒီယမ် အပါအဝင် အခြား သတ္တုများ တူးဖော်ထုတ်လုပ်ရာ Goldfields-Esperance ဒေသတွင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Eumillipes လေးကောင်ကို လေ့လာမှုတွင် ဖော်ပြခဲ့ပြီး နောက်ထပ် လေးကောင်လည်း ထပ်မံတွေ့ရှိခဲ့ပေမယ့် ရှင်လျက်တွေ့ရှိခဲ့တာတော့ မဟုတ်ပါဘူး။
အဲဒီ့အထဲမှ အရွယ်ရောက်ပြီး အမ တကောင်ဟာ ခြေထောက်ပေါင်း ၁,၃၀၆ ချောင်းအထိ ပါဝင်ပြီး အခြား တကောင်ကတော့ ၉၉၈ ချောင်းပါဝင် ပါတယ်။

အရွယ်ရောက်ပြီး အထီးများထဲမှ တကောင်ဟာ ခြေထောက်ပေါင်း ၈၁၈ ချောင်း အထိ ပါဝင်ပြီး အခြား တကောင်ကတော့ ၇၇၈ ချောင်း ပါဝင်ပါတယ်။
၎င်းတို့ဟာ ဘဝတလျှောက်လုံး မာကြောလာတဲ့ အပေါ်အရေခွံဟောင်းကို လဲတတ်ကာ နောက်ထက် ခြေချောင်း ၄ ချောင်းပါဝင်တဲ့ အပိုင်းတွေ ထပ်ထပ် ဖြစ်လာတတ်တဲ့အတွက် တကောင်နှင့်တကောင် ခြေချောင်းပါဝင်တဲ့ အရေအတွက်တော့ မတူကြပါဘူး။
ဒီလို အသက်ကြီးတဲ့ ပိုးနသန်ကောင်တွေဟာ အသက်ငယ်တဲ့ ပိုးနသန်ကောင်တွေထက် ခြေထောက်တွေ ပိုပြီး ရှိလေ့ရှိတာ ပုံမှန် ပါပဲလို့ Buzatto ကပြောပါတယ်။
ပုံမှန်အားဖြင့် ပိုးနသန်ကောင်များဟာ ခြေထောက်ပေါင်း ၁၀၀ မှ ၂၀၀ လောက်အထိ ရှိတတ်ပြီး ကင်းခြေများ တွေကတော့ ခြေထောက်အရေအတွက် အများဆုံးဖြစ်ကာ ခြေထောက်ပေါင်း ၃၈၂ ချောင်းလောက်အထိ ရှိတတ်ပါတယ်။
ကင်းခြေများတွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်း တခုလျှင် ခြေထောက် တစုံ ပါဝင်လေ့ရှိပြီး ပိုးနသန်ကောင်များကတော့ နှစ်စုံ အထိ ပါဝင်လေ့ ရှိပါတယ်။
အသစ် တွေ့ရှိခဲ့တဲ့ ပိုးနသန်ကောင် မျိုးစိတ်ရဲ့ သိပ္ပံ နာမည်ဟာ “ခြေတထောင်အစစ်အမှန်” လို့ အဓိပ္ပါယ်ရပြီး ဂရိ ဒဏ္ဍာရီလာ မြေအောက်ကမ္ဘာ ဘုရင်မ Persephone ကို ရည်ညွှန်းထားပါတယ်။

Millipedes လို့ခေါ်တဲ့ ကင်းခြေများ၊ အင်းဆက်များနှင့် အခွံမာ ရေနေသတ္တဝါများနှင့် ဆက်စပ်နေတဲ့ နှေးကွေးစွာ ရွေ့လျားတတ်တဲ့ ကျောရိုးမဲ့ အဆစ်ပါ arthropods များဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄၀၀ လောက်ကတည်းက ပထမဆုံး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ယနေ့ခေတ်အထိ မျိုးစိတ်ပေါင်း ၁၃,၀၀၀ ခန့် တွေ့ရှိထားပြီး ဆွေးမြေ့ သစ်ရွက်များနှင့် မှိုများကို စားသောက်ကာ ပတ်ဝန်းကျင် အမျိုးမျိုးတွင် နေထိုင်ကြတာ ဖြစ်ပါတယ်။
၎င်းတို့စားသောက်တဲ့ အရာများကို ဖြိုခွဲခြင်းအားဖြင့် ဂေဟစနစ်၏ အရေးကြီးသော အခန်း ကဏ္ဍမှာ ပါဝင်နေပြီး ကာဗွန်၊ နိုက်ထရိုဂျင် နှင့် သကြားအခြေခံ ပုံစံများ ကဲ့သို့ ၎င်းတို့၏ ပါဝင်သော အစိတ်အပိုင်းများကို ဖတ်ရှားပေးပါတယ်။
“ဒီ ဓာတ်သတ္တု အာဟာရတွေကို နောက်လာနောက်သားတွေရဲ့ တသက်တာမှာ အသုံးပြုနိုင်ပါတယ်” လို့ Marek က ဆိုပါတယ်။
ဒီ ဆောင်းပါး၏ မူရင်းကို Reuters သတင်းဌာနမှ တင်ဆက် ထားတာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။