အာကာသယာဉ်ပြင်ပသို့ ထွက်တာဖြစ်စေ၊ လ အပါအဝင် အခြား ဂြိုဟ်များသို့ ဆင်းကာ လမ်းလျှောက်တာ ဖြစ်စေ အာ ကာသ ဝတ်စုံဟာ မရှိမဖြစ် လိုအပ်ပါတယ်။
တိုးတက်လာသည့် နည်းပညာများကြောင့် အာကာသ ဝတ်စုံများဟာ ပိုမို ခေတ်မှီလာသည့်အပြင် စက်ရုပ်နည်းပညာများပါ ထည့်သွင်းဖို့ လုပ်ဆောင်လာပါတယ်။
တက္ကဆက် ပြည်နယ်ရှိ A&M အင်ဂျင်နီယာ ကောလိပ်မှ Ana Diaz Artiles ဦးဆောင်သည့် အဖွဲ့ဟာ ပျော့ပျောင်းသည့် စက်ရုပ်နည်းပညာကို အသုံးပြုပြီး စမတ်အာကာသ ဝတ်စုံကို ဖန်တီးနေပါတယ်။
ဒီဝတ်စုံဟာ အနာဂါတ် အာကာသတွင်းမှာ အသုံးပြုဖို့အတွက် အာကာသယာဉ်မှူးများ အတွက် ယခင် ဝတ်စုံများထက် ပိုမို စိတ်ချရပြီး၊ သက်သောင့်သက်သာရှိကာ စွမ်းအင်ကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။

၂၁ ရာစုမှာ အာကာသ ဝတ်စုံများဟာ အာကာသ ယာဉ်မှူးများအတွက်သာမက အာကာသအတွင်း အလည်အပတ် သွား ရောက်မည့် သူများအတွက်ပါ အသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။
ယနေ့ခေတ်မှာ အာကာသယာဉ်မှူးများအတွက် ဝတ်စုံ ၂ မျိုးကို အသုံးပြုနေတာပါ။
တမျိုးကတော့ ဒုံးပျံလွှတ်တင်သည့် အခါ နှင့် ကမ္ဘာ့ လေထုထဲသို့ ပြန်လည် ဝင်ရောက်သည့် အခါတွင် ဖိအားကို ထိန်းသိမ်းပေးသည့် ပျံသန်းရေး ဝတ်စုံဖြစ်ပါတယ်။
နောက်တမျိုးကတော့ ရုရှားနှင့် အမေရိကန်တို့ ၁၉၈၀ ခုနှစ် အစောပိုင်းလောက်ကတည်းက အသုံးပြုနေသည့် ဖိအား အ ပြည့် အဝပေးထားသည့် ExtraVehicular Activities (EVAs) လို့ခေါ်သည့် အာကာသယာဉ်နှင့်ဆိုင်သည့် လုပ်ဆောင်မှုများကို ပြုလုပ်ဖို့ ဒီဇိုင်းဆွဲထားတဲ့ ဝတ်စုံပါ။
လက်ရှိမှာ SpaceX နှင့် Boeing ကုမ္ပဏီများက တီထွင်ဖန်တီးထားသည့် အရေးပေါ် ဝတ်စုံသစ် အချို့ ရှိနေပြီ ဖြစ်သော် လည်း EVA အတွက် ဝတ်စုံနည်းပညာဟာ ၁၉၆၉ ခုနှစ်က လပေါ်တွင် ပထမဆုံး ခြေချခဲ့သည့် Armstrong နှင့် Aldrin တို့ ဝတ်ဆင်ခဲ့သည့် ဝတ်စုံများထက် အနည်းငယ်သာ သာလွန်ပါသေးတယ်။

အာကာသ ဝတ်စုံများဟာ ခေတ်နောက်ကျနေပေမယ့် အသစ်တွေ ထပ်မံဖန်တီးဖို့အတွက် လုံခြုံစိတ်ချရဖို့ အထူး လိုအပ်ပါတယ်။
အကြောင်းကတော့ ဝတ်စုံအတွင်းတွင် လုံလောက်သည့် ဖိအားနှင့် လေတို့ ပါဝင်ရမှာဖြစ်ပြီး အမှားအယွင်း လုံးဝရှိလို့ မရလို့ပါ။
ဒါ့ကြောင့် အာကာသဝတ်စုံများရှိ တံတောင်နှင့် ဒူးဆစ်နေရာရှိ အဆက်များကို ဖားဖိုကဲ့သို့ ကွင်းများဖြင့် ဆက်ထားပြီး လှုပ်ရှားသည့်အခါ လေကို တဖက်မှ တဖက်သို့ ရွေ့လျားစေပါတယ်။
ဒါပေမယ့် အဆိုပါ နေရာများဟာ အာကာသယာဉ်မှူးများအတွက် သက်တောင့်သက်သာ မရှိဘဲ ကွေးခြင်း ဆန့်ခြင်း မရှိသည့်အခါ မူလနေရာသို့ ပြန်လည် ကန်ထွက်စေသည့် ပြဿနာရှိပါတယ်။
A&M မှ အင်ဂျင်နီယာများဟာ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပျော့ပြောင်းသည့် စက်ရုပ်နည်းပညာကို အသုံးပြုကာ သက်တောင့်သက်သာ ရှိစေဖို့ ဒီဇိုင်းသစ်ကို ဖန်တီးလိုက်တာပါ။

လက်ရှိမှာ ဒူးဆစ် အကွေးအဆန့်အတွက် ရှေ့ပြေးပုံစံကို ထုတ်လုပ်ဖို့ ကြိုးစားနေပြီး ဒါဟာ အင်္ဂါဂြိုဟ်ကဲ့သို့ မစ်ရှင်များတွင် အာကာသယာဉ်မှူးများ အလုပ်လုပ်သည့်အခါမှာ ချွေးထွက်နှုန်းကို လျော့ချပေးမှာ ဖြစ်ပါတယ်။
ယခု ဝတ်စုံသစ်၏ နောက်ဆုံး ရည်ရွယ်ချက်ကတော့ အလိုအလျှောက်လုပ်ဆောင်နိုင်ပြီး အာရုံခံကိရိယာများနှင့် တွဲဖက် အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။
ဝတ်စုံသစ်ဟာ mechanical counterpressure (MCP) လို့ခေါ်တဲ့ စက်ပိုင်းဆိုင်ရာမှ တုန့်ပြန်ပေးတဲ့ တန်ပြန်ဖိအားကို ရရှိစေမှာ ဖြစ်ပြီး သမားရိုးကျ ဝတ်စုံအတွက် လိုအပ်သည့် ဖိအား၏ လေးပုံ တပုံသာ လိုအပ်မှာပါ။
၎င်း၏ သက်တောင့်သက်သာ ဖြစ်စေမှုအပြင် ဖိအားကြောင့် ခံစားရမည့် အန္တရာယ်ကိုပါ လျှော့ချနိုင်ပြီး ဝတ်စုံမဝတ်မီ သန့် စင် သည့် အောက်ဆီဂျင် ကြိုတင်ရှူရှိုက်ရန် လိုအပ်မှုကိုပါ လျှော့ချပေးပါတယ်။
ဒါ့ကြောင့် ဝတ်စုံဟာ ဓာတ်ငွေ့ဖိအားသာမက စက်ပိုင်းဆိုင်ရာ ဖိအား နှစ်မျိုးလုံးကိုပါ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။