VTOL လေယာဉ် နည်းပညာများဟာ တဖြည်းဖြည်းနှင့် အဆင့်မြင့် ရှုပ်ထွေးလာပြီး ဘက်စုံသုံးနိုင်သည့် ယာဉ်များ အ ဖြစ် ပါ ပြောင်းလဲလာပြီ ဖြစ်ပါတယ်။
Mayman Aerospace ကုမ္ပဏီဟာ ၎င်း၏ ပျံသန်းဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ P2 Speeder Air Utility Vehicle လို့ခေါ်တဲ့ လေယာဉ်၏ ရှေ့ပြေးပုံစံကို မကြာသေးမီက ပြသလိုက်ပါတယ်။
အဆိုပါ လေယာဉ်ကို ကယ်လီဖိုးနီးယား ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် Draper Venture Network CEO Summit တွင် ထုတ်ဖော် ပြသခဲ့တာ ဖြစ်ပါတယ်။
Jetpack Aviation ကော်ပိုရေးရှင်း၏ ကုမ္ပဏီသစ် တခုဖြစ်တဲ့ Mayman Aerospace ဟာ ၎င်း၏ ဒေါင်လိုက် အတက် အ ဆင်း ပြုလုပ်နိုင်တဲ့ VTOL (vertical take-off and landing) P2 Speeder ဒရုန်းများကို ဘက်စုံ အသုံးပြုနိုင်ရန် ဖန်တီးနေခဲ့တာပါ။

Jetpack ကို တည်ထောင်ခဲ့တာ ဆယ်စုနှစ် တခုလောက် ရှိပြီ ဖြစ်ပြီး ၎င်းတို့ အနေဖြင့် ဘက်စုံသုံး ဒရုန်းများကို ထုတ်လုပ်နိုင်ဖို့ အမှတ်တံဆိပ် အခွဲတခုကို ဖန်တီးနိုင်ရန် ကုမ္ပဏီသစ်ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ဂျက်အင်ဂျင် ၈ လုံးနှင့် စွမ်းအင်ပေးထား
ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်သည့် လျှပ်စစ် စွမ်းအင် အသုံးပြုသည့် EVTOL (electric vertical take-off and landing) လေယာဉ် ရာနဲ့ ချီပြီး ကုမ္ပဏီပေါင်းများစွာက ဖန်တီးနေကြလို့ P2 Speeder ကို မထူးခြားဘူးလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။
P2 Speeder ကို အခြား ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ ဒရုန်း သို့မဟုတ် လေယာဉ်များနှင့် ကွဲပြားစေတာ ကတော့ ဘတ္ထရီနှင့် လျှပ်စစ်အင်ဂျင်တွေ တပ်ဆင်ရမယ့် အစား ဂျက်အင်ဂျင် ၈ လုံးကို အသုံးပြုထားတာပါ။

အဆိုပါက ဂျက်အင်ဂျင်များဟာ ကာဗွန်ထုတ်လွှတ်မှု မရှိသည့် Zero Net Carbon or Sustainable Aviation Fuel (SAF) လောင်စာ အမျိုးအစားများကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်ထည်ကို ကာဗွန်ဖိုက်ဘာဖြင့် တည်ဆောက်ထားပြီး လောင်စာဆီ စားသုံးမှု အသက်သာဆုံး ဖြစ်အောင် ဒီဇိုင်းဆွဲထားကာ အရွယ်အစားမှာ ဆိုင်ကယ် တစီးခန့် အရွယ် ရှိပါတယ်။
၎င်းဟာ မော်ကျူလာ ဒီဇိုင်းဖြင့် တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် အလိုအလျှောက်စနစ် သို့မဟုတ် အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ် မောင်းနှင်နိုင်မှာပါ။
မော်ကျူလာ ဒီဇိုင်း၏ ကောင်းကျိုးကတော့ ၎င်းကို ရှာဖွေ ကယ်ဆယ်ရေး၊ ဥပဒေ စိုးမိုးရေး၊ စစ်ဘက် ဆိုင်ရာ စသည့် လုပ် ငန်း ဆောင်တာများအတွက် အလွယ်တကူ ပြောင်းလဲ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

VTOL ပျံသန်းမှု ကန့်သတ်ချက်များကို ကျော်လွှားနိုင်ရန် တွန်းအားပေးနိုင်ခြင်း
P2 Speeder ဟာ ပေါင် ၁ ထောင်လောက်ကို သယ်နိုင်ကာ တနာရီ မိုင် ၅၀၀ နှုန်းဖြင့် မိုင် ၄၀၀ အကွာအဝေးအထိ ပျံသန်းနိုင်သည့် မောင်းသူမဲ့ ကုန်တင်ဒရုန်း အနေဖြင့်လည်း စက်ရုံများအတွက် အသုံးပြုနိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။
“သင့်အနေဖြင့် လိုချင်တဲ့ ဝန်ကို တင်ဆောင်ချင်ပြီး လိုချင်တဲ့ အကွာအဝေး နဲ့ အမြန်နှုန်းကို ရောက်ဖို့ ဆိုရင်တော့ လက်ရှိ နည်းပညာအရ တာဘိုင်အင်ဂျင်များသာ လုပ်ဆောင်နိုင်တယ်” လို့ Mayman ကုမ္ပဏီမှ BBC နှင့် မတ်လက ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောပြခဲ့ပါတယ်။
P2 Speeder ဒရုန်းတွင် အင်ဂျင်များမှ တွန်းအားဟာ တခုခုကြောင့် ဟန်ချက်ပျက်သွားပါက ချက်ချင်း ပြန်ချိန်ညှိနိုင်သည့် အီလက်ထရွန်းနစ် ပျံသန်းမှု ထိန်းချုပ်စနစ်ကို တပ်ဆင်ပေးထားပါတယ်။
ဒီစနစ်ဟာ ထိရောက်စွာ လုပ်ဆောင်နိုင်တဲ့ ဥာဏ်ရည်တု AI စနစ် တခုဖြစ်ပြီး ယာဉ်မှ တခုခု မှားယွင်းသွားပါက ၎င်းမှ ထိန်း ချုပ်ပေးမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ကုမ္ပဏီဟာ VTOL လေယာဉ်များ၏ ကန့်သတ်ချက်များဘောင်ကို ကျော်လွန်အောင် ဆောင်ရွက်နေပြီး ဟိုက်ဒရိုဂျင် စွမ်း အင်သုံး တာဘိုင် အင်ဂျင်များ၊ လျှပ်စစ်ပန်ကာများ နှင့် တာဘိုဂျက်အင်ဂျင်များ ပါဝင်သည့် နည်းပညာသစ်များနှင့် ပေါင်း စပ်ရန် ကြိုးစားနေပါတယ်။
ဒါ့အပြင် ရှုပ်ထွေးသည့် “အာရုံခံခြင်းနှင့် ရှောင်ရှားခြင်း” များ ပြုလုပ်နိုင်သည့် အစုလိုက် အပြုံလိုက် အလိုအလျှောက် ပျံ သန်းခြင်း များနှင့် အသံထက်မြန် ပျံသန်းခြင်းများကိုတောင် လုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ကုမ္ပဏီမှ ဆိုပါတယ်။
Mayman Aerospace ဟာ လက်ရှိမှာတော့ ၎င်း၏ ပျံသန်းဖို့ အဆင်သင့် ဖြစ်နေတဲ့ လေယာဉ်ကို ပျံသန်းခွင့် လိုင်စင် ရရှိနိုင်ရန် FAA ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပါတယ်။
ကုမ္ပဏီ ကဏ္ဍ အသီးသီးမှ အလားအလာ ရှိသည့် ဝယ်ယူမည့် သူများနှင့်လည်း အဆင့်မြင့် ဆွေးနွေးမှုများ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

P2 Speeder ၏ အဝေးထိန်း ပျံသန်း စမ်းသပ်မှုများကို ယခုနှစ်၏ တတိယ သုံးလပတ်အတွင်း စတင် နိုင်ရန် စီစဉ်ထားပြီး နှစ်ကုန်မှာတော့ လေယာဉ်မှူး ပါဝင်တဲ့ စမ်းသပ်မှုတွေကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။