မြောက်ကိုရီးယားဟာ နျူကလီးယား စမ်းသပ်မှုတွေ မကြာခဏ လုပ်ဆောင်နေခဲ့တာ ဖြစ်ပေမယ့် ၎င်းတို့ စမ်းသပ်ခဲ့သည့် လက်နက်ဟာ ဘယ်လောက်စွမ်းအား ရှိသလဲဆိုတာ သိပ်မသိကြပါဘူး။
လေ့လာမှုများ အရကတော့ မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုဟာ တောင်တွေကို နေရာရွေ့သွားဖို့တောင် လုံလောက်တဲ့ စွမ်း အား ရှိတယ်လို့ သိရပါတယ်။
၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် လုပ်ဆောင်ခဲ့သည့် မြေအောက် နျူကလီးယား စမ်းသပ်မှုဟာ အလွန် အားကောင်း ခဲ့ပြီး Mantap တောင်ဟာ ပေ အတော်များများ ရွေ့သွားတယ်လို့ သိရပါတယ်။
သုတေသီများဟာ ရလဒ်ကို စစ်တမ်း ကောက်ယူဖို့အတွက် အဆိုပါ ဧရိယာမှ ဂြိုဟ်တု ရေဒါဟာ ပုံရိပ်ဖော်စနစ်နှင့် ငလျင် ဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု နည်းများဖြင့် လုပ်ဆောင်ခဲ့ပါတယ်။
မြောက်ကိုရီးယား အနေဖြင့် ဘယ်လောက်ပင် လျှို့ဝှက်ထားပါစေ ယခုလို တိုင်းတာမှုကို ၎င်းတို့ စမ်းသပ်အပြီး တနှစ် အကြာ ၂၀၁၈ ခုနှစ်မှာ Science ဂျာနယ်တွင် ဖော်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
နျူကလီးယား စမ်းသပ်မှုဟာ တောင်ကို ပေ အတော်များများ ရွေ့သွားစေသည့် အပြင် ငလျင်တိုင်းတာချက်အရ ပြင်းအား ၆.၃ ရှိတဲ့ ငလျင်တခု ဖြစ်ပေါ်စေခဲ့ပါတယ်။

Illustration
ဒီလိုတောင်၏ ရွေ့လျားမှုနှင့် ငလျင်ကြောင့် တောင်၏ ထိပ်ပိုင်းဟာ ၁.၆ ပေ လောက် အောက်ကို နိမ့်ကျ သွားခဲ့ပါတယ်။
စာတမ်းကို ပူးတွဲ ပြုစုခဲ့သူ စင်္ကာပူနိုင်ငံ Nanyang နည်းပညာ တက္ကသိုလ်မှ remote-sensing နှင့် ဘူမိဗေဒပညာရှင် Teng Wang ကတော့ ၎င်းအနေနှင့် ငလျင်တွေ၊ မီးတောင် ပေါက်ကွဲမှုတွေ၊ မြေပြိုမှုတွေ ကဲ့သို့သော
ဘူမိဗေဒဆိုင်ရာ ဖြစ်စဉ် များစွာကြောင့် မျက်နှာပြင် ရွေ့ပြောင်းမှုကို မြေပုံဖော် မှတ်သားဖူးပေမယ့် လူသားတွေကြောင့် ဖြစ်လာတဲ့ ကြီးမားတဲ့ ရွေ့ပြောင်းမှုကို တခါမှ မတွေ့ဖူးခဲ့ပါဘူးလို့ ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ၁၉၆၈ ခုနှစ် ကတည်းက နျူကလီးယား မပြန့်ပွားရေး သဘောတူစာချုပ်တွင် ပါဝင်ခဲ့ပေမယ့် ၂၀၀၃ ခုနှစ်မှာတော့ ပထမဆုံး နှုတ်ထွက်ခဲ့သည့် နိုင်ငံ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်မှာတော့ နိုင်ငံ အတွင်းမှာ နျူကလီးယား စမ်းသပ်မှုတွေ စတင် လုပ်ဆောင်လာခဲ့ပါတယ်။
ယခု လေ့လာမှုတွင် ဖော်ပြထားသည့် စမ်းသပ်မှုဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလက စမ်းသပ်မှုသာ ဖြစ်ပြီး ၎င်းတို့၏ ဆဌမမြောက် စမ်းသပ်မှု ဖြစ်ကာ အစွမ်း အထက်ဆုံး မဟုတ်သေးပါဘူး။

Illustration
အတည်မပြုနိုင်တဲ့ သတင်းများအရ ပြင်းထန်တဲ့ မြေအောက် စမ်းသပ်မှု အပြီးမှာ မြေအောက် လှိုင်ခေါင်း ပြိုကျခဲ့ပြီး ရာပေါင်းများစွာသော အလုပ်သမားတွေ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
သုတေသနတွင် ပါဝင်ခဲ့သည့် သုတေသီများဟာ ခွဲခြမ်းစိတ်ဖြာ လေ့လာဖို့အတွက် 3D နှင့် ပုံဖော်ထားသည့် မြေမျက်နှာပြင်ပြ မြေပုံများကို အသုံးပြုခဲ့ပါတယ်။
သို့ပေမဲ့ အဆိုပါ မြေပုံများအပြင် သမားရိုးကျ ငလျင် အချက်အလက်များကိုပါ ထည့်သွင်းကာ အနာဂါတ် နျူကလီးယား စမ်းသပ်မှုများကို စောင့်ကြည့်ရာတွင် အထောက်အကူ ဖြစ်စေမယ်လို့ ၎င်းတို့က မျှော်လင့်ထားပါတယ်။
လေ့လာမှုမှ တိုင်းတာထားသည့် အချက်အလက်များကို သုံးသပ်အပြီးမှာ စမ်းသပ်ခဲ့သည့် နျူကလီးယား လက်နက် ပြင်းအားဟာ ယမ်းဘီလူး ၁၉၀ ကီလိုတန်လောက်နှင့် ညီမျှတယ်လို့ သတ်မှတ်ခဲ့ပါတယ်။
ဒါဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားတွင် အသုံးပြုခဲ့သည့် လက်နက်ထက် ၁၃ ဆ ပိုမို အားကောင်းပါတယ်။
မြောက်ကိုရီးယား၏ စမ်းသပ်မှုနှင့် ပတ်သက်ပြီး တရုတ် သုတေသနအဖွဲ့မှ မတူညီတဲ့ လေ့လာမှု ၂ ခုလည်း ရှိခဲ့ပြီး ၎င်းတို့မှ စမ်းသပ်ခဲ့သည့်တောင်ဟာ တစိတ်တပိုင်း ပြိုကျခြင်း သို့မဟုတ် လုံးလုံး လျားလျား ပြိုကျ နိုင်ခြင်း ဖြစ်ပေါ်နိုင်ပြီး ဓာတ်ရောင်ခြည်တွေ ယိုစိမ့်နိုင်တယ်လို့ ပြောပါတယ်။

Illustration
ယခု လေ့လာမှုဟာ မြောက်ကိုရီးယားတို့ စမ်းသပ်ခဲ့သည့် နေရာဟောင်းကို ဆက်လက် အသုံးပြုလား မပြုလား မပြောနိုင်ပေမယ့် အနာဂါတ် နျူကလီးယား စမ်းသပ်မှုများကို ခြေရာခံမည့် ကမ္ဘာတဝှမ်းလုံးရှိ ဘူမိဗေဒ ပညာရှင်များကို နည်းပညာသစ်များ ပေးစွမ်းခဲ့ပါတယ်။
လေ့လာမှုတွင် ပါဝင်ခြင်းမရှိသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း တခုဖြစ်တဲ့ သိပ္ပံနှင့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အင်စတီကျုမှ ဥက္ကဌ David Albright ကတော့
“ရေဒါ အချက်အလက်များဟာ စမ်းသပ်တဲ့ နေရာက ဖြစ်ပျက်ခဲ့တာတွေကို ပိုမို တိကျတဲ့ ပုံရိပ်တွေ ရရှိအောင် အထောက် အကူ ဖြစ်ပုံ ရပါတယ်” လို့ The Verge သတင်းဌာနကို လေ့လာမှုနှင့် ပတ်သက်ပြီး ၎င်း၏ အမြင်ကို ပြောပြခဲ့ပါတယ်။
အနာဂါတ်မှာတော့ နျူကလီးယား စမ်းသပ်မှုများကို မြေပေါ်တွင် ဖြစ်စေ မြေအောက်တွင် ဖြစ်စေ ဖုံးကွယ်ဖို့ရာ ခက်ခဲမှာ အသေအချာပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 11/6/2022