လက်ရှိ ကမ္ဘာပေါ်မှာ နျူကလီးယား စွမ်းအင်သုံး သင်္ဘောများအနေဖြင့် ရေငုပ်သင်္ဘောများနှင့် လေယာဉ်တင်သင်္ဘောများကိုသာ တွေ့နေရပေမယ့် လောင်စာဆီ ဖြည့်တင်းစရာမလိုတဲ့ နျူကလီးယား စွမ်းအင်သုံး ဖျက်သင်္ဘောများနှင့် ခရူဇာ စစ်သင်္ဘောများလည်း ရှိခဲ့ဖူးပါတယ်။
ပထမဆုံး နျူကလီးယား စွမ်းအင်သုံး သင်္ဘောဟာ လေယာဉ်တင် သင်္ဘောတွေ မဟုတ်ပါဘူး။ အဲဒါကတော့ ၁၉၅၉ ခုနှစ်မှာ စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ USS Long Beach ခရူဇာစစ်သင်္ဘောပဲ ဖြစ်ပါတယ်။
USS Long Beach ပြီးနောက် Truxtun၊ California၊ South Carolina၊ Virginia၊ Texas၊ Mississippi နှင့် Arkansas ဆိုပြီး နောက်ထပ် အခြား ခရူဇာ စစ်သင်္ဘော ၈ စီးကို ထပ်မံ ထုတ်လုပ်ခဲ့ပါတယ်။
အဲဒီ့အထဲက ၁၉၈၀ ခုနှစ်မှာ တပ်တော်ဝင်ခဲ့တဲ့ Arkansas ခရူစစ်သင်္ဘောဟာ နျူကလီးယား စွမ်းအင်သုံး ခရူဇာစစ်သင်္ဘောများ၏ နောက် ဆုံး တစီးပဲ ဖြစ်ပါတယ်။
အဲဒီလို နျူကလီးယား စွမ်းအင်သုံး ခရူဇာတွေ အသုံးပြုနေချိန်မှာပဲ နျူကလီးယား စွမ်းအင်သုံး ဖျက်သင်္ဘော USS Bainbridge ဟာလဲ ပင် လယ်ပြင်အတွင်း အသုံးပြု နေပါပြီ။

ဒီဖျက်သင်္ဘောကို အစက ဖရီးဂိတ်သင်္ဘောအဖြစ် ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ပေမယ့် ခေါ်ဝေါ်ပုံ အပြောင်းအလဲများကြောင့် ဖျက်သင်္ဘောအဆင့် သင်္ဘောတစီး ဖြစ်လာကာ အနားယူသွားတဲ့ အချိန်မှာ ခရူဇာ စစ်သင်္ဘော အတန်းအစားထဲမှာ ပါဝင်သွားပါတယ်။
အဲဒီ့တုန်းက နျူကလီးယား စီမံကိန်းတွေရဲ့ အကြီးအကဲဟာ ရေတပ်ဗိုလ်ချုပ်ကြီး Hyman G.Rickover ဖြစ်ပြီး သူဟာ ဆယ်စုနှစ်တွေကြာအောင် ဦးဆောင်ခဲ့ကာ လေယာဉ်တင်သင်္ဘော အုပ်စု တခုလုံးကို နျူကလီးယား စွမ်းအင်သုံး သင်္ဘောများဖြင့် ဖွဲ့စည်းချင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို နျူကလီးယား ရေတပ်အုပ်စုကြီး ဖွဲ့စည်းနိုင်တဲ့ ကောင်းကျိုးကတော့ အမေရိကန်ရေတပ်ရဲ့ ပင်လယ်ပြင်အတွင်း စိုးမိုးနိုင်မှုကို ပိုမိုလာ စေပြီး ရိက္ခာ၊ အပိုပစ္စည်းနှင့် လူအလဲအလှယ် လုပ်ရုံမျှနှင့် ရေတပ်ကြီးတခုလုံး ပင်လယ်ထဲမှာ ထာဝရ ရှိနေနိုင်မှာ ဖြစ်ပါတယ်။
နောက်ပြီး နျူကလီးယား စွမ်းအင်သုံး သင်္ဘောများဟာ သမားရိုးကျ သင်္ဘောများထက် မြန်ဆန်ပါတယ်။ ဒါ့အပြင် လောင်စာဆီအတွက် ဆီတင် သင်္ဘောကြီးများကို အားကိုးနေရပါတယ်။ ဒါ့ကြောင့် စစ်ဆင်ရေး လုပ်ဆောင်နိုင်မှုကို အကန့်အသတ်ဖြစ်စေပါတယ်။
ဒါ့ကြောင့် ဗိုလ်ချုပ်ကြီး Rickover ဟာ နျူကလီးယား စွမ်းအင်အပြည့်အဝသုံးတဲ့ လေယာဉ်တင် သင်္ဘောအုပ်စုကြီးကို လိုချင်ခဲ့တာ ဖြစ်ပါတယ်။
တကယ်လည်း အဆိုပါ သင်္ဘောများ အသုံးပြုတဲ့အချိန်မှာ အရမ်းကို ခေတ်ရှေ့ပြးပြီး ပြိုင်ဘက်ကင်းပါတယ်။ အဲဒီ့ခေတ်က နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောဟာ တနာရီလျှင် ရေမိုင် ၃၃.၆ မိုင်နှုန်းကို ဝန်အပြည့်ဖြင့် ခုတ်မောင်းနိုင်ပါတယ်။
Bainbridge အပါအဝင် နျူကလီးယား စွမ်းအင်သုံး ခရူဇာ ၁၀ စီးဟာ ပဲ့ထိန်းဒုံးတင် ခရူဇာသင်္ဘောများ ဖြစ်ကြပါတယ်။
Virginia အတန်းအစား သင်္ဘော ၄ စီးဟာ လေကြောင်းကာကွယ်ရေးကို အဓိကထားပြီး လိုအပ်ပါက ရေငုပ်သင်္ဘောများ၊ သင်္ဘောများအပါအဝင် ကမ်းရိုးတန်များကိုပါ တိုက်ခိုက်နိုင်ဖို့ လက်နက်အချို့ တပ်ဆင်ထားပါတယ်။

တခြား ခရူဇာများမှ California အတန်းအစား ၃ စီးကတော့ တိုက်ခိုက်ရေးကို ဦးစားပေးပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
အဓိကအားဖြင့် ရန်သူသင်္ဘောများအား Harpoon ဒုံးများဖြင့် တိုက်ခိုက်ခြင်း၊ ရန်သူ ရေငုပ်သင်္ဘောများအား ရော့ကတ်များ၊ တော်ပီဒိုများနှင့် တိုက်ခိုက်ခြင်း အပြင် ကမ်းရိုးတန်းများအား စက်အမြောက်နှင့် ဒုံးများဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။
ဒါ့ပြင် လေယာဉ်တင် သင်္ဘောအုပ်စုနှင့် ၎င်းအတွက် ကာကွယ်ဖို့ ဝေဟင်ပစ် ဒုံးကျည်နှင့် အခြား လက်နက်များလည်း ပါဝင်ပါတယ်။
နျူကလီးယား ခရူဇာစစ်သင်္ဘောများ၏ နိဂုံး
ဒါပေမယ့် နျူကလီးယား စွမ်းအင်သုံး သင်္ဘောများမှာ ပြသနာ အကြီးကြီး တခုရှိပါတယ်။ အဲဒါကတော့ ကုန်ကျစရိတ် အလွန့်အလွန် များပြားလို့ပဲ ဖြစ်ပါတယ်။
နျူကလီးယားစွမ်းအင်သုံး ခရူဇာစစ်သင်္ဘာများတွင် ရေတပ်သား ၆၀၀ လောက်လိုအပ်ချိန်မှာ ၁၉၈၃ ခုနှစ်မှာ စတင် တပ်တော်ဝင်လာတဲ့ Ticonderoga အတန်းအစား ခရူဇာများမှာ ရေတပ်သား ၃၅၀ လောက်လာ လိုအပ်ပါတယ်။
Ticonderoga အတန်းအစား ခရူဇာသင်္ဘောများဟာ သမားရိုးကျ စွမ်းအင်သုံး သင်္ဘောများဖြစ်လို့ ရေတပ်သားများကို လေ့ကျင့်ရာမှာ နျူကလီးယားနှင့် ဆိုင်သည့် လေ့ကျင့်ရေးများ ပြုလုပ်စရာမလိုဘဲ ကုန်ကျစရိတ်သက်သာပြီး မြန်ဆန်ပါတယ်။

ဒါ့အပြင် နျူကလီးယား စွမ်းအင်သုံး သင်္ဘောများတွင် နျူကလီးယား ဓာတ်ပေါင်းဖို အတွက် နေရာပေးရသောကြောင့် စွမ်းဆောင်ရည်တူသည့် သမားရိုးကျ စွမ်းအင်သုံး သင်္ဘောများထက် ကိုယ်ထည်အတွင်း နေရာလွတ် ဆုံးရှုံးမှု ပိုများပါတယ်။
သမားရိုးကျ စွမ်းအင်သုံး သင်္ဘောများကို အနားယူသည့်အခါ မဟာမိတ်ရေတပ်များသို့ ရောင်းချလိုပါက ရောင်းချနိုင်ပါတယ်။ သို့မဟုတ်ပါက သာမန် သင်္ဘောဖျက်သည့်နေရာသို့ ပို့ဆောင်နိုင်ပါတယ်။
နျူကလီးယား စွမ်းအင်သုံး သင်္ဘောများကို အနားပေးသည့်အခါ ကုန်ကျစရိတ်ကြီးမားပြီး ဓာတ်ရောင်ခြည်သင့် သံမဏိများနှင့် နျူကလီး ယား ဓာတ်ပေါင်းဖိုများကို ကိုင်တွယ်ဖို့ရာ အထူလေ့ကျင့်ထားတဲ့ ကျွမ်းကျင် ပညာရှင်များ လိုအပ်ပါတယ်။
ဒါ့ကြောင့် နောက်ပိုင်းမှာ နျူကလီးယား စွမ်းအင်သုံး ခရူဇာစစ်သင်္ဘာများ၏ အခန်း ဂဟာ တဖြည်းဖြည်း မှေးမှိန်လာပြီး သမားရိုးကျ စွမ်းအင်သုံး Ticonderoga နှင့် Arleigh Burke အတန်းအစား ခရူဇာသင်္ဘောများနှင့် ဖျက်သင်္ဘောများက ၎င်းတို့၏နေရာသို့ အစားထိုး ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။