ယူကရိန်း-ရုရှား အရေး၏ မြင့်တက်လာနေဆဲ အခြေအနေများကြောင့် ပူတင်ရဲ့ ခြိမ်းခြောက်မှုတွေဟာ မြင့်မားနေဆဲ ဖြစ်နေပါတယ်။
လက်ရှိ သူ၏ အခြေအနေဟာ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်ကို အသုံးပြုမှာလား၊ ရုရှားတနိုင်ငံလုံးကို စည်း ရုံးနေတာလား စသည်ဖြင့် ပြောဖို့ခက်တဲ့ အခြေအနေတွေကို လုပ်ဆောင်နေပုံရပါတယ်။
မည်သို့ပင် ဆိုစေကာမူ သေချာတာကတော့ ပူတင့်ဟာ နျူကလီးယား ထိပ်ဖူးပေါင်း ၆,၄၀၀ လောက်ရှိသည့် ကမ္ဘာအကြီးဆုံး နျူကလီးယား လက်နက်တိုက်ကို ပိုင်ဆိုင်နေတာပါ။
ရုရှားဟာ ၎င်းတို့၏ နျူကလီးယား လက်နက်များကို အမေရိကန်တို့ကဲ့သိုပင် (the triad) လို့ခေါ်သည့် အမျိုးအစားကြီး ၃ ခု ခွဲခြားထားပါတယ်။
၁။ ဒုံးပျံတပ်ဖွဲ့များ
ရုရှား၏ နျူကလီးယား စွမ်းရည်ရဲ့ အခြေခံ အုတ်မြစ်ကတော့ နိုင်ငံ၏ နျူကလီးယား လက်နက်အား ထိန်းသိမ်း လည်ပတ်နေသည့် မဟာဗျူဟာမြောက် ဒုံးပျံ တပ်ဖွဲ့ ဖြစ်ပါတယ်။

SS-27 Topol-M တိုက်ချင်းပစ်ဒုံး
မဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ့ဟာ ဖျက်အားပြင်း တိုက်ချင်းပစ်ဒုံးကျည် (ICBM) များကို ကိုင်တွယ်သည့် တပ်ဖွဲ့ဖြစ်ပြီး မဟာဗျူဟာမြောက် နျူကလီးယား တိုက်ခိုက်မှုတွေ အတွက် တာဝန်ပေးထားပါတယ်။
ဥပမာအားဖြင့် ၎င်း၏ ပစ်မှတ်အား မြို့ကြီးများ ဖြစ်သည့် နယူးယော့ခ် နှင့် ဘေဂျင်းကဲ့သို့ နေရာများ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ရုရှား စစ်တပ်တွင် နျူကလီးယား ထိပ်ဖူးပေါင်း ၁,၁၈၉ လုံးအထိ သယ်ဆောင်နိုင်သည့် တိုက်ချင်းပစ် ဒုံးကျည် စုစုပေါင်း ၃၁၀ လောက် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
၂။ ရေတပ်
ပင်လယ်ပြင်မှာတော့ ရုရှားရေတပ်၏ Delta-၊ Kilo နှင့် Borei အတန်းအစား ရေငုပ် သင်္ဘောများဟာ နျူကလီးယား လက် နက်များ တင်ဆောင်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။

Borei အတန်းအစား ဒုံးတင် ရေငုပ်သင်္ဘော
ရေတပ်တွင် ပဲ့ထိန်း ဒုံးကျည် ၁၆ လုံးခန့် သယ်ဆောင်နိုင်သည့် ရေငုပ်သင်္ဘော ၁၀ စီးခန့် ရှိကာ ထိပ်ဖူးပေါင်း ၆၂၄ လုံးအထိ ပစ်လွှတ်နိုင်ပါတယ်။
၃။ လေတပ်
ဝေဟဟင်မှာတော့ သမားရိုးကျနှင့် နျူကလီးယား စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်သည့် Tu-160 Blackjack နှင့် Tu-142 Bear များကဲ့သို့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ပိုင်ဆိုင်ထားပါတယ်။
လေယာဉ် တစင်းစီဟာ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သည့် AS-15 ခရုဇ်ဒုံးကျည် ၁၂ စင်းမှ ၁၆ စင်းလောက် အထိ သယ်ဆောင်နိုင်ပါတယ်။

Tu-160
ရုရှားတွင် အဆိုပါ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ပေါင်း အစင်း ၅၀ မှ ၇၀ ကြား ရှိပေမယ့် ပဥ္စမမျိုးဆက် ဖြစ်သည့် PAK DA ရေဒါပျောက် ဗုံးကြဲလေယာဉ်များနှင့် အစားထိုးဖို့ လုပ်ဆောင်နေပါတယ်။
ယူကရိန်းနှင့် လက်ရှိ နျူကလီးယား ခြိမ်းခြောက်မှုများ
မဟာဗျူဟာမြောက်မဟုတ်သည့် စစ်ရေးပစ်မှတ်များကိုသာ ရည်ရွယ်သည့် နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များ အသုံးပြုခြင်းပင်လျှင် နောက်ဆက်တွဲ ကပ်ဘေးများကို ဆောင်ကြဉ်းလာလိမ့်မယ်လို့ အမေရိကန်က ရုရှားကို သတိ ပေးထားပါတယ်။
ABC သတင်းဌာနတွင် အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan နှင့် တွေ့ဆုံမေးမြန်းမှုတွင် ၎င်းက အိမ်ဖြူတော်အနေနှင့် ပူတင်နှင့် ၎င်း၏ ခြိမ်းခြောက်မှုတွေကို အလေးအနက်ထား လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

Tupolev Tu-142
၎င်းက “ကျွန်တော်တို့ဟာ ယူကရိန်းတွင် နျူလက်နက်တွေ သုံးမယ်ဆိုရင် ရုရှားမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်မယ်လို့ ရုရှားနိုင်ငံသားတွေကို တိုက်ရိုက်ရော၊ လျှို့ဝှက်စွာပါ မြင့်မားတဲ့ အဆင့်မှာ ဆက်သွယ်ပြောဆိုထားပါတယ်” လို့ ပြောပါတယ်။
ယူကရိန်းမှာ နည်းဗျူဟာမြောက် နျူလက်နက်တွေ သုံးဖို့ ပူတင်က ဆုံးဖြတ်မှာလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။
သေချာတာကတော့ သူ့မှာ လုပ်နိုင်စွမ်းရှိတဲ့ အတွက် လုပ်ဆောင်လာနိုင်ပြီး ဒါဟာ သူ့အတွက်တော့ ကောင်းတဲ့ ရွေးချယ်မှု ဖြစ်လာမှာ မဟုတ်ပါဘူး။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။