နော်ဝေ အခြေစိုက် အဏ္ဏဝါအဖွဲ့ Ulstein ဟာ Thor လို့အမည်ပေးထားတဲ့ 149-m (489-ft) အရှည်ရှိတဲ့ သင်္ဘောအတွက် အယူအဆ ဒီဇိုင်းကို မိတ်ဆက်ခဲ့ပါတယ်။
၎င်းကို သုတေသနနှင့် ကယ်ဆယ်ရေး (3R)အတွက် အသုံးပြုမှာဖြစ်ပြီး ပင်လယ်ပြင်တွင် ဘက်ထရီဖြင့် မောင်းနှင်သော အပျော်စီး သင်္ဘောများ ပြန်လည် အားသွင်းဖို့အတွက် thorium Molten Salt Reactor (MSR) ကို အသုံးပြုထားတယ်ဟု ဆိုပါတယ်။
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိဥာဏ်များ တိုးပွား လာတာနှင့်အမျှ ဂေဟစနစ် ခရီးသွား လုပ်ငန်းတွေဟာ အရှိန်အဟုန်ဖြင့် ထွန်းကားလာသော်လည်း ထူးခြား ဆန်းပြားတဲ့ ပတ်ဝန်းကျင်များကို လည်ပတ်လိုစိတ်ဖြင့် ခြိမ်းခြောက်မှု ခံနေရသော နေရာများကို ကာကွယ်ဖို့ကတော့ လိုအပ်လာပါတယ်။
အထူးသဖြင့် နာမည်ဆိုးနဲ့ ကျော်ကြားပြီး ပျက်စီးလွယ်တဲ့ ဝင်ရိုးစွန်းဒေသတွေကို အပျော်စီး သင်္ဘောတွေနဲ့ လည်ပတ် သွား လာဖို့ အထူးစိတ်ဝင်စားကြပါတယ်။

ဝင်ရိုးစွန်း အပျော်စီးသင်္ဘောများဟာ အာတိတ်နှင့် အန္တာတိက ကမ်းရိုးတန်းဒေသများကို ကာကွယ်ဖို့အတွက် ပင်ကိုယ်လို အပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရရုံသာမက၊ ပိုမိုတင်းကြပ်တဲ့ အစိုးရစည်းမျဉ်းများနှင့် သဘာဝပတ်ဝန်းကျင်အဖွဲ့များရဲ့ ဖိအားများကိုလည်း ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။
ဒါတွေအပြင် ရေခဲပြင် ပင်လယ်တွေအတွက် အနီးနားပတ်ဝန်းကျင်ကို ပျက်စီးစေရုံသာမက ဆိပ်ကမ်းမှ တဆင့် ဆီဖြည့်ဖို့ သင်္ဘောများကိုလည်း အခက်အခဲတွေ ဖြစ်ပေါ်စေပါတယ်။
ဒါကို ကျော်လွှားနိုင်ဖို့ Ulstein ဟာ သုတေသနနဲ့ ကယ်ဆယ်ရေး မစ်ရှင်တွေကို လောင်စာဆီ မပါဘဲ ဝင်ရိုးစွန်းပင်လယ်တွေမှာ လည်ပတ်လုပ်ဆောင်နိုင်ရုံသာမကဘဲ လျှပ်စစ်တွန်းကန်အားနဲ့ လည်ပတ်နေတဲ့ မျိုးဆက်သစ် အပျော်စီးသင်္ဘောတွေကိုပါ အားပြန်ဖြည့်ပေးနိုင်မယ့် ဘက်စုံသုံး Thor ကို ထုတ်ဖော်ပြလိုက်ပြီပဲ ဖြစ်ပါတယ်။
Thor ဟာ အနာဂတ် အပျော်စီးသင်္ဘောများကို အားပြန်သွင်းရန် ဒီဇိုင်းထုတ်ထားပြီး မီတာ 100 (330 ft)၊ ခရီးသည် 80 ယောက်၊ သင်္ဘောသား 80 ယောက်ပါ ဘက်ထရီစွမ်းအင်သုံး Ice Class 1C သင်္ဘောဖြစ်တဲ့ Sif ကဲ့သို့ လုပ်ဆောင်နိုင်ပါတယ်။

Thor ဟာ ယူရေနီယမ်ထက် သိုရီယမ် လောင်စာ ဖြစ်တဲ့ အတွက်ကြောင့် သယ်ဆောင်ရလွယ်ကူသော Generation IV MSR သိုရီယမ် ဓာတ်ပေါင်းဖိုကို အသုံးပြုမှာ ဖြစ်ပါတယ်။
MSR တစ်ခုတွင် သိုရီယမ်ကို 700°C (1,292°F) အထိ အပူပေးထားတဲ့ ဆားအရောအနှော အဖြစ် ပျော်ဝင်စေပါတယ်။
အဆိုပါအရောအနှောဟာ သိုရီယမ်အတွက် ကွန်တိန်နာနှင့် အအေးခံအဖြစ် လုပ်ဆောင်ပါတယ်။ ၎င်းဟာ လေထု ဖိအားအောက်တွင် ရှိပြီး အရေးပေါ် ပိတ်ချိန်တွင် လည်ပတ်နိုင်တဲ့ passive cooling စနစ်များကို အသုံးပြုထားပါတယ်။
Ulstein ရဲ့အဆိုအရ ၎င်းဟာ စူးစမ်းလေ့လာရေးအပျော်စီးသင်္ဘောလေးစင်းအတွက် တစ်ချိန်တည်းမှာပဲ လုံလောက်တဲ့စွမ်းအင်ကို ထုတ်ပေးနိုင်မှာဖြစ်ပြီး ၎င်းရဲ့နျူကလီးယား ဓာတ်ပေါင်းဖိုက သင်္ဘောရဲ့သက်တမ်းတစ်လျှောက် ဆီဖြည့်ဖို့ လုံးဝ မလိုအပ်ပါဘူး။
Thor နှင့် Sif နှစ်ခုစလုံးဟ Ulstein ရဲ့ X-BOW သင်္ဘောဒီဇိုင်းကို အခြေခံထားပြီး ၎င်းတို့ရဲ့ လျှပ်စစ် တွန်းကန်အားက အသံ ကို ငြိမ်သက်စေပါတယ်။

ဓာတ်ပေါင်းဖိုနှင့်အတူ Thor ရဲ့ ဒီဇိုင်းတွင် ရဟတ်ယာဉ်ငယ်၊ မီးသတ်ကိရိယာများ၊ ကယ်ဆယ်ရေး လှေငယ်များ၊ အလုပ်လှေများ၊ ဓာတ်ခွဲခန်းများနှင့် ဟောပြောပွဲ နားနေခန်းတို့လည်း ပါရှိပါတယ်။
“MSRs တွေဟာ သန့်ရှင်းတဲ့ ပို့ဆောင်မှုကို လုပ်ဆောင်နိုင်ဖို့ ကြီးမားတဲ့ အလားအလာ ရှိတယ်” ဟု Thorium နှင့် နျူကလီး ယား စွမ်းအင် ထုတ်လုပ်ရေး နယ်ပယ်မှ ကျွမ်းကျင်သူ ပါမောက္ခ Jan Emblemsvag က ဆိုပါတယ်။
“အနာဂတ်လောင်စာများအတွက် မသေချာမရေရာမှုများ များစွာရှိနေပါတယ်။ သို့သော်လည်း မှန်ကန်တဲ့ချဉ်းကပ်မှုတွေဟာ ရှိနှင့်ပြီးသား အခြားရွေးချယ်စရာများထက် ဘေးကင်းနိုင်သည့် စွမ်းအင်အရင်းအမြစ်တွေ ပေါများလှပါတယ်။ “
‘Thor’ ဟာ ပင်လယ်ပြင်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အောင်မြင်မှုအတွက် ကျွန်ုပ်တို့ လိုအပ်တဲ့ ဆန်းသစ်တီထွင်မှုမျိုးပဲ ဖြစ်တယ် ဟု ပါမောက္ခ Jan Emblemsvag ကဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။