ထူးခြားသည့် Anglerfish မျိုးနွယ်ဝင် ငါးတမျိုး အကြောင်း

Knowledge Nature

Anglerfish ဆိုတဲ့ ငါးတွေဟာ ၎င်း၏ ကြီးမားတဲ့ ပါးစပ်၊ ချွန်ထက်လှတဲ့ သွားတွေ နှင့် ခေါင်းပေါ်မှ သားကောင်ကို မျှားတဲ့ အလင်းရောင်ထွက်နေသည့် အရာကြောင့် လူတိုင်းအမြင်မှာ ထူးခြားနေပါတယ်။

၁၉ ရာစုအတွင်းမှာ သိပ္ပံပညာရှင်များက anglerfish ငါးမျိုးတမျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး ceratioid ဆိုပြီး အမျိုးအစား ခွဲခြားပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့အချိန်တုန်းက သုတေသီတွေ တွေ့ရှိခဲ့သည့် ceratioid ငါးများ အားလုံးဟာ အမများသာ ဖြစ်ပြီး အထီးဟာ ဘယ်လိုပုံစံ ရှိသလဲ ဆိုတာ မသိရှိခဲ့ရပါဘူး။

တခါတရံမှာတော့ သုတေသီများဟာ အဆိုပါ ငါး၏ ခန္ဓာကိုယ်နှင့် ဆက်နွယ်နေတဲ့ အခြားငါးများကိုတွေ့ရှိပေမယ့် ၆ မီလီ မီတာမှ ၇ မီလီမီတာအထိ သေးငယ်သည့်အတွက် မျိုးနွယ်မတူဟု သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် ပထမဆုံး သိပ္ပံမှတ်တမ်းဝင် ceratioid အကြောင်းကို ၁၉၂၀ ခုနှစ် အရောက်မှာတော့ ပိုမို ရှင်းရှင်း လင်းလင်း သိရှိလာကြပါတယ်။

ဇီဝဗေဒပညာရှင်ဖြစ်တဲ့ Bjarni Saemundsson ဟာ ceratioid ငါးအမ၏ ဗိုက်မှာ ၎င်းတို့၏ နှုတ်သီးများကို အသုံးပြုပြီး တွယ်ကပ်နေတဲ့ ငါး အသေးလေး ၂ ကောင်ကို တွေ့ ရှိခဲ့ပါတယ်။

MASAKI MIYA ET AL. “EVOLUTIONARY HISTORY OF ANGLERFISHES (TELEOSTEI: LOPHIIFORMES): A MITOGENOMIC PERSPECTIVE,” BMC EVOLUTIONARY BIOLOGY 10, ARTICLE NUMBER: 58 (2010), WIKIMEDIA COMMONS // CC BY 2.0

၎င်းမှ အဆိုပါ ငါးလေးများကို ငါးမကြီးမှ ပေါက်ဖွားသည့် ငါးငယ်လေးများအဖြစ် ယူဆခဲ့ပေမယ့် နောက်ပိုင်း အဖြစ်မှန်ကတော့ ဒီလိုမဟုတ်ပါဘူး။

“ဒီလိုသားလောင်း အရွယ်လေးတွေက ဒီလိုမိခင်နှင့် ဘယ်အချိန်မှာ ဘယ်လို ချိတ်ဆက်ထားတယ်ဆိုတာ ဘာကြောင့်လဲ စဉ်းစားလို့မရပါဘူး။

“ကျွန်တော့်အနေဖြင့် အထီးမှ အမနှင့် ချိတ်ထားတယ်ဆိုတာ မယုံပါဘူး။ ဒါဟာ အနာဂါတ် သုတေသီတွေ ဖြေရှင်းဖို့ ပဟေဋ္ဌိတစ်ခု ကျန်နေသေးတာပါ” လို့ ၎င်းက ပြောခဲ့ပါတယ်။

အထီးကို ရှာတွေ့ပြီ

၁၉၂၄ ခု အရောက်မှာတော့ ဗြိတိန် သဘာဝသမိုင်းပြတိုက်အတွင် အလုပ်လုပ်နေတဲ့ Charles Tate Regan ဆိုသူက ငါးငယ်တကောင် အမဆီမှာ ချိတ်နေတာကို တွေ့ပြန်ပါတယ်။

Regan မှ လေ့လာကြည့်တဲ့ အခါမှာတော့ ဒါဟာ ငါးပေါက်စ မဟုတ်ဘဲ သူမရဲ့ မိတ်လိုက်ဖော် အထီးဆိုတာ သိလိုက်ရပါတယ်။

နောက်ပိုင်းမှာ နော်ဝေ သတ္တဗေဒပညာရှင်ဖြစ်တဲ့ Albert Eide Parr မှ ceratioid အထီးတွေဟာ အမနှင့် ဘာလို့ အသွင် အ ပြင် ကွဲပြားသလဲဆိုတာ ရှင်းပြနိုင်ခဲ့ပါတယ်။

ကွဲပြားမှုများ

အထီးတွင် အမကဲ့သို့ သားကောင်များကို မျှားသည့် အရာမပါဝင်သည့်အပြင် ကြီးမားတဲ့ ပါးစပ်တွေ မပါဝင်တဲ့အတွက် သု တေသီများက ceratioid အထီးမှန်း မသိခဲ့ကြတာပါ။

၎င်းတို့ဟာ အဆိုပါ အစာရှာသည့် အရာများ မလိုအပ်တာကတော့ အမတွေ ရှိလို့ပါ။

ceratioid အထီးများဟာ အမများကို မှီခိုသူများသာဖြစ်ပြီး အာဟာရအားလုံးကို အမဆီမှ ရရှိပါတယ်လို့ Regan က ရေးခဲ့ပါတယ်။ တနည်းအားဖြင့် ပြောရရင်တော့ ကပ်ပါးကောင်လိုပါ။

၎င်းတို့ဟာ အချစ်ကိုရှာဖွေတဲ့အခါ မျိုးရိုးအလိုက် pheromone ခေါ် ဓာတုပစ္စည်းကို ထုတ်လွှတ်ပြီး အမတွေနောက်ကို လိုက်ကာ အမ၏ ဇီဝအလင်းဖြာထွက်မှုကို ကြည့်ပြီး ရှာဖွေကြပါတယ်။

Image: Courtesy of  Andrew Butko/Wiki Commons (CC BY-SA 3.0)

သင့်တော်သည့် မိတ်ဖော်ကိုတွေ့သည်နှင့် ဝမ်းဗိုက်အားကိုက်ကာ ခန္ဓာကိုယ်ချင်း ပေါင်းစပ်သွားသည်အထိ ချည်နှောင်လိုက် ပါတယ်။

အဲဒီ့နောက် ၎င်းတို့၏ အရေပြားဟာ ပေါင်းစည်းသွားကာ အမဆီမှ လိုအပ်သည့် အာဟာရအားလုံးကို ရရှိကာ သွေးကြောများကိုလည်း ပေါင်းစပ်သွားစေပြီး အမမှ သားပေါက်ဖို့ အဆင်သင့်ဖြစ်တိုင်း မျိုးပွားပစ္စည်း ထုတ်ပေးပါတယ်။

ဒါ့ကြောင့် ငါးနှစ်ကောင်ဟာ တကောင်ထဲ ဖြစ်သွားပါတယ်။

အထီး၏ ခန္ဓာကိုယ်ဟာ ရေးကူးခြင်း၊ အစာစားခြင်းတို့ မလိုအပ်တဲ့အတွက် မျက်လုံး၊ ရေယက်နှင့် အခြား အစိတ်အပိုင်များအားလုံး ညှိုးနွမ်းသွားကာ နောက်ပိုင်းတွင် အမ၏ အသားစ တစထက်မိုတဲ့ အနေအထား ဖြစ်သွားပါတယ်။

angelerfish တိုင်းမှာတော့ ဒီလိုအရွယ်အစားကွဲပြားတဲ့ သဘာဝ ရှိတာမဟုတ်ဘဲ အခြား မျိုးကွဲများတွင် အထီးဟာ လွတ် လပ် စွာနေထိုင်ပြီး ကိုယ်တိုင် ရှာဖွေစားသောက်တတ်ကြပါတယ်။

ယခုလို အထီးဟာ ငါးတကောင်အဖြစ်မှာ ငါးအမ၏ ခန္ဓာကိုယ် တစိတ်တပိုင်း အဖြစ်နေထိုင်သည့် သဘာဝဟာ သက်သေ အထောက်အထားများမှ မရှိရင် အတော်လေးကို ယုံကြည်နိုင်ဖွယ်ရာ မရှိတဲ့ကိစ္စတခုပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.