ငှက်ကုလားအုတ်များအကြောင်း သိကောင်းစရာအချို့

Knowledge Nature

သင့်အနေနဲ့ ဒိုင်နိုဆောတွေကနေ ဆင့်ကဲပြောင်းလဲလာတဲ့ ယနေ့ခေတ်က တိရစ္ဆာန် တကောင်ကို မြင်ချင်တယ် ဆိုရင် ငှက် ကုလားအုတ်တွေဟာ အနီးစပ်ဆုံးပါပဲ။

၎င်းတို့ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ငှက်မျိုးနွယ်တခု ဖြစ်သည်သာမက ကုန်းပေါ်ရှိ ခြေနှစ်ချောင်းနှင့် ပြေးလွှားရသည့် တိရိစ္ဆာန်များတွင် အမြန်ဆုံးလည်း ဖြစ်ပါတယ်။

လူတွေဟာ ၎င်းတို့အတွက် အဓိက ခြိမ်းခြောက်သူတွေ ဖြစ်မလာခင်မှာ အာရှ၊ အာဖရိက နှင့် အာရေဗျ ကျွန်းဆွယ်တို့တွင် ကျင်လည် ကျက်စား ခဲ့ကြပါတယ်။

ယနေ့ခေတ်မှာတော့ အာဖရိက ဆာဗားနား နှင့် သစ်တောများ တဝိုက်မှာသာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

၎င်းတို့ဟာ အလေးချိန် ပေါင် ၃၂၀ လောက်အထိ ရှိပြီး အမြင့် ၉ ပေလောက်အထိ ရှိသည့် ငှက်ကြီးများ ဖြစ်ပါတယ်။

ချစ်စရာ ငှက်ကုလားအုတ်ပုံစံ

မျက်လုံးများဟာလည်း ငှက်များထဲတွင် အကြီးဆုံး ဖြစ်ရုံသာမက မြေပြင်ပေါ်ရှိ မည်သည့် တိရစ္ဆာန်ထက် မဆို ပိုကြီးပါတယ်။

မျက်လုံး တလုံးစီဟာ ၂ လက်မလောက် ရှိပြီး ၎င်း၏ ဦးနှောက်ထက်တောင် ပိုကြီးကာ နေ့အခါတွင် ၃ ကီလိုမီတာလောက် မြင်နိုင်ပြီး ညတွင် မီတာ ၅၀ လောက်အထိ မြင်နိုင်ပါတယ်။

ကမ္ဘာပေါ်ရှိ ခြေ ၂ ချောင်း သတ္တဝါများတွင် အမြန်ဆုံးဖြစ်တဲ့ ငှက်ကုလားအုတ်များဟာ တနာရီလျှင် ၄၃ မိုင် အမြန်နှုန်းလောက်အထိ အမြင့်ဆုံး ပြေးလွှားနိုင်တယ်လို့ National Geographic အဆိုအရ သိရပါတယ်။

သက်လုံလည်း ကောင်းမွန်ပြီး တနာရီလျှင် မိုင် ၃၀ နှုန်းဖြင့် ၁၀ မိုင်လောက် ဆက်တိုက် ပြေးလွှားနိုင်သည့်အတွက် ကမ္ဘာပေါ်တွင် အဝေးကွာဆုံး လျှင်မြန်စွာ ပြေးနိုင်တဲ့ တိရိစ္ဆာန်ဖြစ် ဗိုလ်စွဲထားပါတယ်။

ငှက်ကုလားအုတ်၏ ခြေချောင်းများ

ထိုကဲ့သို့ ပြေးလွှားနိုင်စေရန် ၎င်းတို့တွင် ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ခဲ့ပုံပေါ်ပြီး သာမာန်ငှက်များတွင် ခြေချောင်း ၄ ချောင်း ပါဝင်ပေမယ့် ငှက်ကုလားအုတ်များမှာတော့ တဖက်လျှင် ၂ ချောင်းစီသာ ပါဝင်ပါတယ်။

ဒါဟာ ဒိုင်နိုဆော ခြေထောက်တွေနဲ့တောင် အတော်လေး တူညီစေပါတယ်။

ဒါ့အပြင် ပြေးလွှားရာတွင် ပိုမို မြန်ဆန်စေရန် တောင်ပံများကိုခတ်ကာ အရှိန်တင်နိုင်သည့်အပြင် ခန္ဓာကိုယ်ကိုလည်း အမြန်နှုန်းကို မူတည်ပြီး တည်ငြိမ် စေပါတယ်။

၎င်းတို့၏ မြန်ဆန်မှုနှင့် ကြီးမားမှုတို့ကြောင့် လူများဟာ တက်စီးကြသည့် အလေ့အထ ၁၉ ရာစုတွင် ရှိခဲ့ဖူးပြီး အလေးချိန်ပေါ့ပါးသည့် လူတဦးဟာ ဆင့် ၅၀ ဖြင့် ငှက်ကုလားအုတ်များကို ဖလော်ရီဒါတွင် စီးခွင့်ပြုခဲ့ပါတယ်။

ငှက်ကုလားအုတ်များ

အစာအနေဖြင့် အပင်များကို အဓိကထား စားသုံးပေမယ့် မကြာခဏ ဆိုသလို မြွေများ၊ ပုတ်သင်များ နှင့် ကြွက်များကိုတောင် စားသုံးတတ်ပါတယ်။

အစာကို ချေဖျက်နိုင်စေရန်နှင့် သဲနှင့် ကျောက်စရစ်ခဲများကို သွားများအဖြစ် အစာကို ကြိတ်ချေရာတွင် အသုံးပြုပါတယ်။

အရိုင်း ဘဝမှာတောင် သက်တမ်းဟာ နှစ် ၃၀ မှ ၄၀ ကြားမှာ ရှင်သန် နိုင်ပြီး မွေးမြူထားပါက လူ့သက်တမ်းနှင့် တန်းတူလောက်အထိ ရှင်သန်နိုင်စွမ်း ရှိပါတယ်။

၎င်းတို့ဟာ အသက် ၇၀ လောက်အထိ နေထိုင်နိုင်ပြီး အသက်ကြီးလာသည့်တိုင် သားပေါက်နိုင်စွမ်း ရှိပါတယ်။

ငှက်ကုလားအုတ်ဥ

ကမ္ဘာ့အကြီးဆုံး ငှက်များ ဖြစ်သည့် အညီ ၎င်းတို့၏ ဥများဟာလည်း အချင်း ၆ လက်မလောက်ရှိပြီး အလေးချိန် ၃ ပေါင်လောက် ရှိပါတယ်။

ငှက်ကုလားအုတ်ဥ တလုံးထဲတွင် ကယ်လိုရီ ၂ ထောင်လောက်အထိ ပါဝင်သည့်အတွက် ဒါဟာ အရွယ်ရောက်ပြီး အမျိုးသ မီး တဦး၏ တရက်လုံးစာ စားသုံးသင့်သည့် ပမာဏအတွက် လုံလောက်ပါတယ်။

ယနေ့ခေတ်မှာတော့ ငှက်ကုလားအုတ်များကို စီးပွားဖြစ်လည်း မွေးမြူကြပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 26/3/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published.