မရေရာသည့် ရုရှား၏ မဟာဗျူဟာမြောက် ရေဒါပျောက် ဗုံးကြဲလေယာဉ်သစ် စီမံကိန်း

Article Military

ရုရှားနိုင်ငံ၏ နောက်ဆုံးမျိုးဆက် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ဖြစ်မည့် PAK-DA နှင့် ပတ်သက်ပြီး မရေမတွက်နိုင်သည့် ဆောင်းပါးများနှင့် ယူဆချက်များ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။

သို့ပေမဲ့ ဒီလေယာဉ်ဟာ အမေရိကန်၏ လက်ရှိ B-2 Spirit၊ တည်ဆောက်နေဆဲ B-21 နှင့် တရုတ်၏ လေယာဉ်များကို တ ကယ်ပဲ တန်းတူ ယှဉ်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာပါ။

ရုရှားဟာ ၎င်း၏ ပထမဆုံး ရေဒါပျောက် ဗုံးကြဲလေယာဉ်၏ ရှေ့ပြေးပုံစံကို စတင် တည်ဆောက်နေပြီလို့ ရုရှား နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

PAK-DA လို့ အမည်ရတဲ့ ဒီလေယာဉ်ဟာ အမေရိကန်၏ B-2 Spirit နှင့် တရုတ်၏ ထုတ်လုပ်ဖို့ ကြိုးစားဆဲ Xian H-20 တို့ကို ယှဉ်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်မှာပါ။

ရုရှားဘက်ကတော့ PAK-DA ကို ၂၀၂၇ ခုနှစ်မှာ အရေအတွက် အများအပြား ထုတ်လုပ်မှု လုပ်ငန်းတွေ စတင်နိုင်မယ်လို့ အခိုင်အမာ ဆိုနေပါတယ်။

မည်သို့ပင် ဆိုစေကာမူ ရေဒါပျောက် လေယာဉ်ဖြစ်တဲ့ Lockheed Martin ထုတ် F-35 တိုက်လေယာဉ်များကို ရုရှားနှင့် တ ရုတ်ပိုင် ရေဒါပျောက် လေယာဉ် အရေအတွက်နှင့် နှိုင်းယှဉ်ရင်တောင် အရေအတွက်ဟာ ဆင်နဲ့ ဆိတ် သာသာပဲ ရှိပါသေးတယ်။

Wind Tunnel တွင် ပုံစံငယ်ဖြင့် စမ်းသပ်ထားသည့် တရုတ်၏ H-20 ဖြစ်လာနိုင်သည့် လေယာဉ်ပုံစံ

၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ Su-57 တိုက်လေယာဉ်တွေကို အများအပြား ထုတ်လုပ် နိုင်တော့မယ် လို့ အခိုင်အမာ ဆိုခဲ့တာတောင် လက်ရှိအချိန်အထိ တဒါဇင် လောက်သာ ထုတ်လုပ်နိုင်သေးတာကို တွေ့ရမှာပါ။

ဒါကို ကြည့်ခြင်းအားဖြင့် ရုရှားဟာ Su-57 များကို အမြောက်အများ ထုတ်လုပ်နိုင်တဲ့ ကုန်ကျစရိတ်ကို မတတ်နိုင်ဘူးဆိုတာ သိသာစေတဲ့အပြင် ၎င်း၏ ရေဒါပျောက် စွမ်းဆောင်ရည်ဟာလည်း မေးခွန်းထုတ်စရာတွေ ရှိနေပါသေးတယ်။

တကယ်တော့ ပဥ္စမ မျိုးဆက် တိုက်လေယာဉ်များ၏ သင်္ကေတမှ ရေဒါပျောက် နည်းပညာလို့ ဆိုပေမယ့် အရေးကြီးသည့် နည်းပညာများ၊ ထုတ်လုပ်မှု နည်းစနစ်များ နှင့် တိုက်ခိုက်ရေး ဗျူဟာများဟာ အလွန်ကို ကျယ်ပြန့်ပါတယ်။

သို့ပေမဲ့ ရုရှားဟာ ရေဒါလှိုင်းများကို အမှန်တကယ် လမ်းကြောင်းပြောင်းစေရန် နှင့် စုပ်ယူစေရန် ခံနိုင်ရည် ရှိသည့် လေ ယာဉ် ကိုယ်ထည်များနှင့် ဆေးများကို ထုတ်လုပ်နိုင်မှု နည်းစနစ် ကင်းမဲ့နေပုံရပါတယ်။

Su-57 ဟာ ရေဒါပျောက်မဟုတ်တဲ့ စတုတ္ထမျိုးဆက် တိုက်လေယာဉ်များထက် ရေဒါပျောက်နိုင်စွမ်း ပိုကောင်းပေမယ့် ၎င်း ၏ ပြိုင်ဘက် တရုတ်နှင့် အမေရိကန်တို့နှင့် ယှဉ်ပါက ရေဒါပျောက် အနည်းဆုံးအဖြစ် ကျယ်ပြန့်စွာ ယူဆထားပါတယ်။

ဒီလို ရေဒါပျောက်လေယာဉ်များကိုတောင် လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့် PAK-DA လို မဟာဗျူဟာမြောက် လေယာဉ်နှင့် ပတ်သက်ပြီး ထုတ်လုပ်နိုင်မလားဆိုတာ သံသယရှိတာ မဆန်းပါဘူး။

နာမည်ကျော် ကမ္ဘာ့ တမျိုးထဲသော ပျံသန်းနိုင်သည့် ရေဒါပျောက် ဗုံးကြဲလေယာဉ် B-2 Spirit

ဒါ့အပြင် ရုရှားဟာ စာနယ်ဇင်းများ၏ အာရုံစိုက်မှု အနည်းငယ် ရရှိပေမယ့် လက်တွေ့တွင် အလုပ်မဖြစ်နိုင်သည့် လက်နက်စနစ်များနှင့် နည်းပညာများကို တီထွင် ဖန်တီးဖို့ ကြိုးစားခဲ့သည့် ရှည်လျားတဲ့ သမိုင်းကြောင်းလည်း ရှိခဲ့ပါသေးတယ်။

ဥပမာအားဖြင့် Uran-9 အလိုအလျှောက် စနစ်ပါ သံချပ်ကာမောင်းသူမဲ့ယာဉ်ဟာ ဆီးရီးယားတွင် အရှက်ရစရာ ပြဿနာများ ကြုံတွေ့ခဲ့ရတာ ထောက်ပြစရာ တခု ဖြစ်ပါတယ်။

ဒါပေမယ့် ရုရှားအနေဖြင့် အလွန်ထိရောက်တဲ့ လက်နက်စနစ်တွေ နဲ့ နည်းပညာတွေကို တည်ဆောက်နိုင်စွမ်း လုံးဝ မရှိဘူးလို့တော့ မဆိုလိုပါဘူး။

Su-57 ဟာ အငြင်းပွားစရာ ရေဒါပျောက် နည်းပညာဆိုင်ရာ ကိစ္စတွေ ရှိပေမယ့် အမေရိကန်၏ စတုတ္ထမျိုးဆက် တိုက်လေ ယာဉ်တွေဖြစ်တဲ့ F-15၊ F-16 နှင့် F/A-18 ကဲ့သို့ တိုက်လေယာဉ် များကိုတော့ ခြိမ်းခြောက် နိုင်စွမ်း အပြည့်အဝ ရှိပုံရပါတယ်။

PAK-DA အကြောင်းကို ပြန်သွားရရင် ရုရှားမီဒီယာ တခုဖြစ်တဲ့ TASS တွင် ဖော်ပြထားချက်အရ လေယာဉ်ဟာ အမေရိကန် B-2 နှင့် B-21 တို့ကဲ့သို့ အတောင်ပံ ဒီဇိုင်းများ ရှိမယ်လို့ သိရပါတယ်။

၎င်းဟာ ခရုဇ်ဒုံးကျည်များ၊ တိကျစွာ တိုက်ခိုက်နိုင်သည့် ဗုံးများ နှင့် ဟိုက်ပါဆိုးနစ် လက်နက်များကို တင်ဆောင်နိုင်ပြီး အ သံ အလျှင်အောက် အမြန်နှုန်း ရှိမယ်ဆိုတာလည်း သိရပါတယ်။

PAK-DA သရုပ်ပြ BY CC

B-2 Spirit လို လေယာဉ်မျိုးကို တရုတ်က ပုံစံဆင်တူ ကူးယူခဲ့သည့် H-20 ထုတ်လုပ်နေပြီလို့ ကြေငြာခဲ့ပေမယ့် အမေရိကန်ကတော့ ၎င်းတို့၏ B-21 နှင့် ပတ်သက်ပြီး အသေးစိတ်ကို နှုတ်ဆိတ်နေပါသေးတယ်။

၂၀၁၄ ခုနှစ် ခရိုင်းမီးယား အရေး နှင့် ၂၀၁၈ ခုနှစ်တွင် ဗြိတိန် ဘက်ပြောင်း ရုရှား ထောက်လှမ်းရေး အရာရှိဟောင်းကို သုတ် သင်ဖို့ ကြိုးစားမှုတွေကြောင့် စီးပွားရေး ပိတ်ဆို့မှု ခံရပြီး ရုရှား၏ စီးပွားရေးဟာ အတော်လေး ယိုယွင်းနေပါတယ်။

ဒီလို အခြေအနေတွေကြောင့် စစ်သုံးစရိတ်အတွက် ရင်းနှီးမြှုပ်နှံရာတွင် နျူကလီးယားတပ် ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေကို ဦးစားပေးမလား Su-57 သို့မဟုတ် T-14 Armata ကဲ့သို့ ခေတ်မှီတင့်ကားများကို ပမာဏ ပိုမို မှာယူမလားဆိုတာ ရွေးချယ်ရတော့မှာပါ။

ရေဒါပျောက်နည်းပညာ အခက်အခဲများနှင့် ငွေကြေး အခက်အခဲများကြောင့် PAK-DA ကို ၂၀၂၇ နှစ်တွင် တကယ်ပဲ ထုတ် လုပ်နိုင်မလား ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဒါပေမယ့် စဉ်းစားစရာတခုကတော့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များဟာ စစ်ဆင်ရေးများတွင် အဓိက အခန်း က ဏ္ဍမှ ပါဝင်ဖို့အတွက် အရေအတွက်တော့ အများအပြား မလိုအပ်ပါဘူး။

PAK-DA သရုပ်ပြ BY CC

လက်ရှိ အချိန်မှာ အမေရိကန်၏ B-2 Spirit အစင်း ၂၀ လောက်တောင်မှ တကမ္ဘာလုံးကို စစ်ဆင်ရေး ဆင်နွဲဖို့ လုံလောက်တဲ့ အနေအထားမှာ ရှိနေပါတယ်။

တည်ဆောက်နေဆဲ B-21 များကိုတော့ လာမည့် နှစ်များမှာ အစင်းရေ ၁၀၀ လောက်အထိ ထုတ်လုပ်မှာ ဖြစ်တဲ့အတွက် အမေရိကန်အနေဖြင့် အနာဂါတ်တွင် ဖြစ်လာနိုင်မည့် စစ်ပွဲများကို ကြိုတင်ခန့်မှန်းထားပုံ ရပါတယ်။

ရုရှားဟာ ကြီးမားပြီး လျှို့ဝှက်တဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် တဒါဇင်လောက်ကိုသာ တည်ဆောက်နိုင်မယ်ဆိုရင်တော့ ၎င်း၏ ကမ္ဘာ့ စစ်ရေးစွမ်းအင်ဟာ သိသိသာသာတော့ ခုန်တက်သွားနိုင်ပါတယ်။

ဒီလို လုပ်နိုင်ဖို့ကတော့ ရေဒါပျောက်နည်းပညာမှာ တဖက်ကမ်းခပ် ဖြစ်နေရမှာ ဖြစ်ပြီး အခြား အီလက်ထရွန်းနစ် နည်းပညာ၊ လက်နက်နည်းပညာများမှာလည်း ထိပ်ဆုံးမှာ ရှိနေဖို့ လိုအပ်တဲ့အတွက် ဖြစ်လာမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *