အင်္ဂါဂြိုဟ်၏ လေထု အကြောင်းနှင့် လူတွေ ဂြိုဟ်ပေါ်မှာ ရှင်သန်ဖို့ လိုအပ်ချက်များ

Article Science

အင်္ဂါဂြိုဟ်ဟာ နေမှ စတုတ္ထမြောက် ဂြိုဟ်ဖြစ်ပြီး အာကာသအတွင်း ကျွန်ုပ်တို့ရဲ့ အနီးကပ်ဆုံး အိမ်နီးချင်းများထဲမှ တစ်ခုဖြစ်ပါတယ်။

အင်္ဂါဂြိုလ်(မားစ်ဂြိုလ်) ပေါ်ကို ဆင်းသက်မယ့် အာကာသ ယာဉ်မှူး တစ်ယောက်အနေနဲ့ ပထမဆုံး ရှင်သန်ဖို့ဆိုရင် ရေ၊ အစားအစာ၊ အကာအကွယ် နှင့် အောက်ဆီဂျင်တွေက မရှိမဖြစ်လိုအပ်ပါတယ်။

အောက်ဆီဂျင်က ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့ ရှူရှိုက်နေသော လေထဲမှာ ရှိပြီး အပင်​တွေ​နှင့် အချို့သော ဘက်တီးရီးယား​တွေက ကျွန်ုပ်တို့အတွက် ပေးစွမ်းပါတယ်။

သို့သော် အောက်ဆီဂျင်က ကမ္ဘာ့လေထုအတွင်းရှိ တစ်ခုတည်းသော ဓာတ်ငွေ့မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်တို့လေထုရဲ့ 21% က အောက်ဆီဂျင်နဲ့ ဖွဲ့စည်းထားပါတယ်။

ကျန်အားလုံးနီးပါးမှာ နိုက်ထရိုဂျင် 78% ခန့် ဖြစ်ပြီး အခြား ဓာတ်ငွေ့တွေကတော့ ရာခိုင်နှုန်း အလွန် နည်းပါတယ်။

ကျွန်ုပ်တို့ တွေးမိကောင်း တွေးမိနိုင်တာက လေထဲတွင် နိုက်ထရိုဂျင် ပိုရှိနေပြီး အဘယ်ကြောင့် အောက်ဆီဂျင်ကို ရှူနေရသလဲ ဆိုတာပါပဲ။

အင်္ဂါဂြိုဟ်ပေါ်မှ မြင်ကွင်းတခု

တကယ်တော့ လူတွေဟာ အသက်ရှုတဲ့အခါ လေထုထဲမှာရှိတဲ့ အရာအားလုံးကို ရှုသွင်းရယူပါတယ်။

ဒါပေမယ့် ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်က အောက်ဆီဂျင်ကိုသာ အသုံးပြုပြီး ရှူထုတ်လိုက်တဲ့ အခါမှသာ ကျန်တာတွေကို ဖယ် ထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

အင်္ဂါဂြိုလ်ပေါ်ရှိ လေထုအကြောင်း

အင်္ဂါဂြိုဟ်လေထုဟာ ပါးလွှာပြီး ၎င်းရဲ့ထုထည်က ကမ္ဘာ့လေထုရဲ့ ၁ ရာခိုင်နှုန်းသာရှိပါတယ်။ အခြားနည်းဖြင့်ပြောရလျှင် အင်္ဂါဂြိုလ်ပေါ်ရှိ လေထုဟာ ကမ္ဘာမြေထက် 99% ပိုနည်းပါတယ်။

အကြောင်းကတော့ အင်္ဂါဂြိုဟ်ဟာ ကမ္ဘာရဲ့ ထက်ဝက်လောက် အရွယ်အစားရှိလို့ပါပဲ။ ၎င်းရဲ့ဆွဲငင်အားက အာကာသထဲသို့ မထွက်အောင် လေထုရှိဓာတ်ငွေ့များကို ထိန်းထားဖို့ လုံလောက်စွာ အားမကောင်းပါဘူး။

ထိုလေထုထဲတွင် အပေါများဆုံး ဓာတ်ငွေ့မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိလူများအတွက်၊ ၎င်းဟာ ပြင်းအားမြင့်မားသော အဆိပ်ဓာတ်ငွေ့ ဖြစ်ပါတယ်။

ကံကောင်းထောက်မစွာ၊ ၎င်းဟာ ကျွန်ုပ်တို့လေထုရဲ့ 1% ထက် နည်းပါတယ်။ သို့သော် အင်္ဂါဂြိုဟ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ လေထုရဲ့ 96% အထိ ရှိပါတယ်။

အင်္ဂါဂြိုဟ်တွင် အောက်ဆီဂျင် မရှိသလောက် နည်းပါးပြီး လေထုဆယ်ပုံတစ်ပုံရဲ့ ၁ ရာခိုင်နှုန်း မျှသာရှိတဲ့ အတွက်ကြောင့် လူသားများ အသက်ရှင်နေထိုင်ဖို့ မလုံလောက်ပါဘူး။

အောက်ဆီဂျင်ကို ထောက်ပံ့ပေးတဲ့ အာကာသဝတ်စုံမပါဘဲ အင်္ဂါဂြိုလ်ရဲ့ မျက်နှာပြင်ပေါ်မှာ အသက်ရှုဖို့ ကြိုးစားခဲ့မယ်ဆိုရင် ချက်ချင်းဆိုသလိုပဲ အသက်ရှုကြပ်လာပြီး လေထုဖိအားနည်းတာကြောင့် ကျွန်ုပ်တို့ရဲ့ သွေးတွေရော တစ်ချိန်တည်းမှာပဲ ဆူပွက်လာကာ အသက်ဆုံးရှုံးမှာပဲ ဖြစ်ပါတယ်။

အောက်ဆီဂျင်မရှိတဲ့ ဘဝ

ယခုအချိန်အထိ သုတေသီများဟာ အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိများနေထိုင်နိုင်တဲ့ သက်သေအထောက်အထားကို မတွေ့ရှိရသေးပါဘူး။

ဒါပေမယ့် ရှာဖွေမှု​​တွေဟာ အခုစတင်နေပြီပဲ ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ဟာ အလွန်အမင်း ပြင်းထန်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။

ပြီးတော့ ဒါဟာ လေထုတင် မဟုတ်ပါဘူး။ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်တွင် အရည် အနည်းငယ်သာရှိပါတယ်။ အပူချိန်ကလည်း အလွန်အေးပြီး ညဘက်တွင် -100 ဒီဂရီဖာရင်ဟိုက် (-73 °C) ကျော်ရှိပါတယ်။

သို့သော် ကမ္ဘာမြေပေါ်ရှိ သက်ရှိ အများအပြားဟာ လွန်ကဲတဲ့ ပတ်ဝန်းကျင်တွေမှာ ရှင်သန်နေထိုင်နိုင်ကြပါတယ်။

NASA မှ ရိုက်ယူခဲ့သည့် အင်္ဂါဂြိုဟ် မျက်နှာပြင် ကောင်းကင်ဓာတ်ပုံ

အထူးသဖြင့် အန္တာတိကရေခဲပြင်၊ သမုဒ္ဒရာအောက်ခြေနှင့် ကမ္ဘာမြေမျက်နှာပြင်အောက်မှာ သက်ရှိတွေအရင်က နေထိုင်ခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ရပါတယ်။

ထိုနေရာအများစုဟာ အလွန်ပူသော သို့မဟုတ် အေးသော အပူချိန်ရှိပြီး ရေမရှိသလောက်နှင့် အောက်ဆီဂျင် အနည်းငယ်သာ ရှိပါတယ်။

NASA ရဲ့ Mars Perseverance Rover မစ်ရှင် ရည်မှန်းချက်များထဲမှ တစ်ခုဟာ ရှေးကျတဲ့ အင်္ဂါဂြိုဟ်သက်ရှိများရဲ့ လက္ခ ဏာများကို ရှာဖွေဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် တစ်ချိန်က နေထိုင်ခဲ့သည့် သက်ရှိများရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများကို အင်္ဂါဂြိုလ် အတွင်း ရှာဖွေ လေ့လာ နေကြပါတယ်။

Perseverance Rover ပေါ်တွင် လိုက်ပါလာသည့် MOXIE ဟာ အင်္ဂါဂြိုဟ်လေထုမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ယူပြီး အောက်ဆီဂျင် အဖြစ်သို့ ပြောင်းလဲပေးသည့် အံ့သြဖွယ်ကောင်းတဲ့ စက်ဖြစ်ပါတယ်။

MOXIE ဟာ သိပ္ပံပညာရှင်များမျှော်လင့်ထားသည့်အတိုင်း လုပ်ဆောင်ပါက အနာဂတ် အာကာသ ယာဉ်မှူးများ အတွက် ကိုယ်ပိုင် အောက်ဆီဂျင်ကို ဖန်တီးပေးရုံသာမက၊ ၎င်းတို့ကို ကမ္ဘာမြေသို့ ပြန်ပျံသန်းဖို့ လိုအပ်မည့် ဒုံးပျံလောင်စာတွင် အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Perseverance Rover အားတွေ့ရစဉ် Image: Courtesy of NASA/JPL-Caltech

အင်္ဂါဂြိုလ်ပေါ်မှာ လူတွေက အောက်ဆီဂျင်များများ ထုတ်နိုင်လေလေ၊ အခြေချ နေထိုင်မည့် အလားအလာ ကောင်းလေလေ ဖြစ်ပါတယ်။

သို့သော် အာကာသယာဉ်မှူးများ အနေနဲ့ အာကာသဝတ်စုံ လိုအပ်နေသေးပါတယ်။

ယခုအချိန်တွင် NASA ဟာ အင်္ဂါဂြိုဟ်သို့ လူသားများ စေလွှတ်ဖို့အတွက် လိုအပ်တဲ့ နည်းပညာသစ်များကို လုပ်ဆောင်နေပါတယ်။

၎င်းဟာ လာမည့် ဆယ်စုနှစ်များထဲမှာ အကောင်အထည် ဖော်နိုင်မှာဖြစ်ပြီး 2030 နှောင်းပိုင်းတွင် ဖြစ်နိုင်တယ်ဟု ခန့်မှန်းသိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *