ကလေးအရွယ်က အရာများကို မမှတ်မိရတဲ့ အကြောင်းအရင်း

Knowledge Science

လူတွေဟာ ငယ်စဉ် ကလေးဘဝက အမှတ်ရစရာတွေကို မှတ်မိတယ် ဆိုတာ အတော်လေးကို ရှားပါးပါတယ်။

ဒါဟာ ကလေးငယ် တယောက်ဖြစ်စဉ် အချိန်မှာ အချက်အလက်တွေကို မထိန်းသိမ်းထားနိုင်လို့တော့ မဟုတ်ပါဘူး။

အဲဒီ့အစား မှတ်ဥာဏ်လို့ သိထားတဲ့ ရှုပ်ထွေးတဲ့ အာရုံကြောစနစ်များတွင် အချက်အလက်များကို စုစည်းထားသည့် ပုံစံဖြင့် ဦးနှောက်က အဆိုပါ အသက်အရွယ်မှာ လုပ်ဆောင်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ကလေးငယ်များအနေဖြင့် ၎င်းတို့၏ မိဘကို မှတ်မိတာ သို့မဟုတ် တခုခု တောင်းဖို့အတွက် ပြောရမယ့်စကားကို မှတ်မိတာ သတိထားမိမှာပါ။

ဒီလို မှတ်ဥာဏ်ကို “semantic memory” ဝေါဟာရများ၏ အဓိပ္ပါယ် နှင့် အတွေးအခေါ်များကို နားလည်သည့် မှတ်ဥာဏ်လို့ ခေါ်ပါတယ်။

ကလေးငယ်များဟာ အသက် ၂ နှစ်မှ ၄ နှစ်လောက် အထိတောင် တခါတရံမှာ ဖြစ်ရပ်များကို နေရာ အချိန်နှင့် ဖြစ်ပျက်မှုများကို မှတ်သားနိုင်သည့် “episodic memory” လို့ခေါ်တဲ့ မှတ်ဥာဏ်မျိုး မရှိသေးတာကို တွေ့ရတတ်ပါတယ်။

အထက်ပါ မှတ်ဥာဏ်များကို ဦးနှောက် အပြင်လွှာ မျက်နှာပြင်ရှိ အစိတ်အပိုင်း အများအပြားတွင် သို့မဟုတ် cortex များ တွင် သိမ်းဆည်းထားပါတယ်။

ဥပမာအားဖြင့် အသံနှင့် ဆိုင်သည့် မှတ်ဥာဏ်ကို ဦးနှောက်၏ ဘေးဘက်တွင် ရှိသည့် အသံဆိုင်ရာ cortex များ မှတ်သားလေ့ ရှိပြီး မြင်ကွင်းနှင့်ဆိုင်သည့် မှတ်ဥာဏ်များကို ဦးနှောက်၏ အနောက်ဘက်တွင် ရှိသည့် အမြင်ဆိုင်ရာ cortex တွေ မှတ်သားပါတယ်။

ဦးနှောက်ရှိ hippocampus လို့ခေါ်သည့် နေရာကတော့ ပြန့်ကျဲနေသည့် အပိုင်းအစများ အားလုံးကို ချိတ်ဆက်ပေးသည့် နေရာ ဖြစ်ပါတယ်။

Cortex ကို ပန်းတွေ တင်ထားတဲ့‌ မွှေ့ယာလို့ တွေးကြည့်ရင် အဲဒီ့ပန်း (မှတ်ဥာဏ်) တွေ အကုန်လုံးက ဦးနှောက်ပေါ်မှာ ရှိနေတယ်လို့ ဆိုနိုင်တယ်လို့ အတ္တလန္ထာရှိ Emory တက္ကသိုလ်မှ Patricia Bauer က ပြောပါတယ်။

၎င်းက ဆက်ပြီး Hippocampus ဆိုတာ အဲဒီ့ ပန်းတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် စီထားတာကို ပန်းစည်းတခု ဖြစ်အောင် ဆွဲစုပေးတဲ့ တာဝန်ကို လုပ်ဆောင်တာပါလို့ ရှင်းပြပါတယ်။

အဲဒီလို ဆွဲစုလိုက်တာကနေ ပန်းစည်းတခုဖြစ်လာတာက မှတ်ဥာဏ်လို့ ခေါ်ပြီး အာရုံကြောတွေချိတ်ဆက်ရာ ဦးနှောက်ရဲ့ အစိတ်အပိုင်းများ ဖြစ်လာတယ်လို့ ပြောပါတယ်။

ဒါဆိုရင် ကလေးတွေ ၂ နှစ်ကနေ ၄ နှစ်အထိ ဖြစ်ရပ်တွေကို မှတ်သားနိုင်ဖို့ ဘာလို့ မလုပ်ဆောင်နိုင်သေးသလဲဆိုတာ သိချင်ပါလိမ့်မယ်။

ဒါကတော့ မဖွံ့ဖြိုးသေးတဲ့ hippocampus ကြောင့်ပါ။

ထိုအချိန်မှာ hippocampus ဟာ ပြန့်ကျဲနေတဲ့ အချက်အလက်အတွေကို စတင် ပေါင်းစည်းကာစ ဖြစ်လို့ ဖြစ်ပါတယ်လို့ Philadelphia ရှိ Temple တက္ကသိုလ်မှ စိတ်ပညာရှင် Nora Newcombe က ပြောပါတယ်။

အဲဒီ့အတွက်လည်း အကြောင်းပြချက် ရှိကောင်း ရှိပါလိမ့်မယ်လို ၎င်းက ပြောပါသေးတယ်။

ကလေးများဟာ ကမ္ဘာကြီးအကြောင်းကို သင်ယူနေချိန်မှာ Episodic memory လို့ခေါ်တဲ့ ဖြစ်စဉ်တွေကို မှတ်သားတဲ့ မှတ်ဥာဏ်ဟာ မလိုအပ်ဘဲ ၎င်းတို့ကို ရှုပ်ထွေးစေနိုင်လို့ ဖြစ်နိုင်ပါတယ်။

“ကလေးတွေရဲ့ ပထမ ၂ နှစ်တာ ကာလဟာ အတွေးအမြင်ဗဟုသုတတွေကို ဆည်းပူးဖို့ ဖြစ်ပြီး အဲဒီ့အမြင်အရ ဖြစ်ရပ်တွေကို မှတ်သားတဲ့ မှတ်ဥာဏ်ဟာ အာရုံပျံ့လွင့်မှုကို ဖြစ်စေနိုင်တယ်” လို့ Newcombe ကပြောပါတယ်။

ဒါဟာ အံ့အားသင့်စရာ ကောင်းတဲ့ သဘာဝတရားကြီးရဲ့ လိုက်လျောညီထွေမှု ရှိအောင် အဆင့်ဆင့် ဖြစ်ပေါ် လာစေခြင်းပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.