အင်ပါယာကြီးများရန်မှ နိုင်ငံကို ကာကွယ်ပေးနိုင်ခဲ့တဲ့ တောင်ပံတပ် မြင်းသည်တော်များ

History Knowledge

အင်ပါယာကြီးများဖြစ်တဲ့ ရုရှားအင်ပါယာ၊ အော်တိုမန် အင်ပါယာ နှင့် မွန်ဂို ခန်းနိတ် အင်ပါယာ သမိုင်းများမှာ ပိုလန်-လစ်သူယေးနီးယား ရဲ့ အခန်းဂဏ္ဍဟာ အမြဲပါဝင် ခဲ့ပါတယ်။

ဒီအင်ပါယာများဟာ ပိုလန်-လစ်သူယေးနီးယား နိုင်ငံရဲ့ မြေကို ကျူးကျော်ဖို့ ကြိုးစားခဲ့ကြပေမယ့် တောင်ပံတပ် ဟက်ဇား လို့ခေါ်တဲ့ မြင်းစစ်သည်တွေကြောင့် မအောင်မြင်ခဲ့ ကြပါဘူး။

ဟက်ဇား မြင်းသည်တော်တွေဟာ အော်တိုမန်တို့ကို ဗီယင်နာ မြို့သိမ်း ကျူးကျော်မှုမှာ အောင်မြင်စွာ တွန်းလှန် တိုက်ထုတ်နိုင်ခဲ့ပါတယ်။

ရုရှား ဘုရင် အိုင်ဗန် ၏ တပ်များကိုလည်း လစ်ဗိုနီယမ် စစ်ပွဲမှာ တိုက်ထုတ်နိုင်ခဲ့သလို မွန်ဂို ခန်းနိတ် တွေဟာလည်း ပိုလန်နိုင်ငံကို မဖြတ်ကျော်နိုင်ခဲ့ပါဘူး။

၁၅၇၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ဟက်ဇား မြင်းသည်တော်များဟာ များသောအားဖြင့် လှံရှည်များကို စွဲကိုင် တိုက်ခိုက်တတ်ကြပြီး ၎င်းတို့၏ အထူးခြားဆုံး သင်္ကေတမှာ ကျောတွင်တပ်ဆင်ထားသော တောင်ပံများ ဖြစ်ပါတယ်။

ဒီကြီးမားပြီး အရောင်စုံလင်တဲ့ တောင်ပံများကို သံချပ်ကာတွင် ကပ်လျှက် တပ်ဆင်ထားပြီး အရှိန်အဟုန်ဖြင့် ရန်သူကို ရှုပ်ထွေး ကြောက် ရွံ့ စေကာ တိုက်ခိုက်လေ့ ရှိပါတယ်။

ဗျူဟာအရ အဆိုပါ ကြီးမားတဲ့ တောင်ပံများမှ တဝေါဝေါဖြင့် အသံများထွက်လာစေပြီး ရန်သူ့မြင်းများကိုပါ ကြောက်လန့်စေအောင် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

ပိုလန် ဟက်ဇား မြင်းသည်တော်များဟာ ငယ်စဉ်ကတည်းက ၎င်းတို့၏ မြင်းများနှင့် အတူ တသားထဲ ဖြစ်အောင် လေ့ကျင့်လာရတာ ဖြစ်ပါတယ်။

များသောအားဖြင့် စစ်ဆင်ရာတွင် ကြီးမားပြီး ဖရိုဖရဲ ပုံစံဖြင့် ဝင်ရောက် တိုက်ခိုက်လေ့ ရှိသည့်အတွက် တန်ပြန်နိုင်ဖို့ ခက်ခဲပါတယ်။

အဲဒီ့ခေတ်က ကျည်ထိုးနှေးသော ရိုင်ဖယ်များကို အသုံးပြုတာကြောင့် ဟက်ဇားတို့၏ ဖရိုဖရဲ စုဖွဲ့ကာ အရှိန်အဟုန်ဖြင့် ဝင်ရောက် တိုက်ခိုက်မှုတွင် ရန်သူများ ကစဉ့်ကလျား ဖြစ်သွားလေ့ရှိပါတယ်။

ထို့ကြောင့် ရန်သူ့ တပ်ဖွဲ့ တခုလုံး၏ စိတ်ဓာတ်များကို ကျဆင်းစေပြီး ကျန်သည့် ပိုလန်တပ်များမှာ ရန်သူများကို အပြီးသတ် ထိုးနှက်လေ့ ရှိပါတယ်။

လှံရှည်များဖြင့် အစပြုခဲ့တဲ့ ဟက်ဇားများဟာ လက်နက်မျိုးစုံကိုလည်း တတ်ကျွမ်းပြီး နည်းဗျူဟာများကို ပြင်လွယ်ပြောင်းလွယ် နိုင်ကြပါသေးတယ်။

ဟက်ဇားများဟာ အလွန်ရဲရင့်ကြပြီး ရိုင်ဖယ် ကျည် ၁ ချက် ၂ ချက် အထိခံကာ နောက်ထပ် ကျည်မထိုးခင်ကို လျှပ်တပြတ် ဝင်ရောက် တိုက်ိခုက်လေ့ ရှိပါတယ်။

ပိုလန် ဟက်ဇားများ၏ အပြောင်မြောက်ဆုံး စစ်ပွဲကတော့ ၆၂ ဆ ၁ ဆ တိုက်ခဲ့ရတဲ့ ဟော့ဒေါ် စစ်ပွဲပဲ ဖြစ်ပါတယ်။

ဟက်ဇား မြင်းသည်တော် ၄၀၀ ဟာ အင်အား ၂၅,၀၀၀ ကျော်ရှိတဲ့ စစ်မျက်နှာပြင် ၂ ဖက်ဖွင့်လာတဲ့ ခရိုင်မင် ခန်းနိတ် တပ်ကြီးအား စားနပ် ရိက္ခာ နှင့် စစ်ကူမရှိဘဲ ဟော့ဒေါ်ရွာအား တညအတွင်း ခံတပ်အဖြစ်ပြောင်းကာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

၆ နာရီခန့် ကြံ့ကြံ့ခံ တိုက်ထုတ်အပြီးမှာ ခရိုင်မင် ခန်းနိတ် တပ်ကြီးဟာ ထောင်နှင့်ချီပြီး ဆုံးရှုံးကာ ဆုတ်ခွာ သွားခဲ့ရပြီး ဟက်ဇားတို့၏ အဆုံးအရှုံးမှာ တရာပင် မပြည့်ခဲ့ပါဘူး။

၁၇၇၀ ခုနှစ်များမှာတော့ တောင်ပံများနှင့် ဟက်ဇား မြင်းသည်တော်တပ်ကို ဖျက်သိမ်းခဲ့ပြီး ပထမ ကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် အစောပိုင်းအထိ ပိုလန်တွင် သံချပ်ကာဝတ် မြင်းတပ်များကို အသုံးပြုခဲ့ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *