ရွှေ့ပြောင်းရ လွယ်ကူသည့် ပုခုံးထမ်း လေကာစနစ်များဟာ စစ်မြေပြင်တွင် အလွန်ထိရောက်သည့်အတွက် အသုံးများသည့် စနစ်တခု ဖြစ်ပါတယ်။
အဆိုပါ စနစ်များကို ၁၉၅၀ ခုနှစ်များကတည်းက စတင် ထုတ်လုပ်ဖို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး သမားရိုးကျ လေကာစနစ်များထက် ကုန်ကျစရိတ်လည်း သက်သာပါတယ်။
အပူရှာစနစ်သုံး MANPADS မျိုးဆက်များ
ပထမမျိုးဆက်
၁၉၆၀ ခုနှစ်များတွင် စတင် အသုံးပြုခဲ့တဲ့ MANPADS များဟာ အစောပိုင်း ပထမမျိုးဆက် စနစ်များဖြစ်ပြီး ဆိုဗီယက် 9K32 Strela-2 နှင့် ၎င်း၏ ပုံတူ တရုတ်ထုတ် HN-5 များဟာ ထင်ရှားပါတယ်။
၎င်းတို့ကို အမြှီးနောက်လိုက်သည့် လက်နက်များလို့ ခေါ်ဆိုကြပြီး အဓိကအားဖြင့် အပူကို အာရုံခံကာ ဂျက်အင်ဂျင်ကဲ့သို့ အပူများသည့် အရာများကို လိုက်လံ တိုက်ခိုက်နိုင်ပါတယ်။
ဒုတိယမျိုးဆက်
ဒုတိယ မျိုးဆက်များကတော့ အမေရိကန်ထုတ် Stinger၊ ဆိုဗီယက်ထုတ် Strela-3 နှင့် တရုတ်ထုတ် FN-6 တို့ ဖြစ်ကြပါတယ်။

တတိယမျိုးဆက်
အဲဒီံနောက်မှာတော့ တတိယမျိုးဆက် များကတော့ ပြင်သစ်ထုတ် Mistral၊ ဆိုဗီယက်ထုတ် 9K38 IgIa၊ အမေရိကန်ထုတ် Stinger B တို့ဖြစ်ကြပါတယ်။
၎င်းတို့တွင် IR နှင့် UV တို့ကို သိရှိနိုင်သည့် စနစ်များကိုပါ တပ်ဆင်ထားသည့်အတွက် လေယာဉ်မှ အသုံးပြုသည့် လမ်းလွှဲစနစ်များ (Decoy) ဖြစ်သည့် မီးကျည် (Flare) များကို ရှောင်တိမ်းနိုင်စွမ်း ရှိလာပါတယ်။
စတုတ္ထမျိုးဆက်
နောက်ဆုံး မျိုးဆက် အနေဖြင့် အမေရိကန်မှ FIM-92 Stinger Block 2၊ ရုရှားမှ Verb၊ တရုတ်မှ QW-4 နှင့် ဂျပန်မှ Type 91 များကို ထုတ်လုပ်ထားပါတယ်။

အဆိုပါ မျိုးဆက်များတွင်တော့ အကွာအဝေးများစွာ တိုးတက်လာပြီး အဆင့်မြင့် အာရုံခံ ကိရိယာများ၊ ပိုမို ကောင်းမွန်သည့် အပူရှာစနစ်များကြောင့် တိကျမှု များစွာ မြင့်မားလာခဲ့ပါတယ်။
အခြား စနစ်သုံး MANPADS များ
အခြား ပစ်မှတ်ရှာစနစ်များမှာ Command line-of-sight (CLOS) လို့ခေါ်သည့် မြင်ကွင်းအတွင်း ဒုံးကျည်ကို ထိန်းချုပ်ကာ တိုက်ခိုက်နိုင်တဲ့ စနစ်နှင့် လေဆာ လမ်းညွှန် စနစ်တို့ ပါဝင်ပါတယ်။
CLOS စနစ်တွင် ဗြိတိန်လုပ် Javelin (အမေရိကန် တင့်ဖျက် နှင့်မတူ) ဟာ ထင်ရှားပြီး လေဆာ လမ်းညွှန်စနစ်တွင် ဆွီဒင်လုပ် RBS-70 နှင့် ဗြိတိန်လုပ် Starstreak တို့ဟာ ထင်ရှားပါတယ်။

တရုတ်၏ QW-12
တရုတ်ဟာ မကြာသေးခင်က ၎င်းတို့၏ MANPADS စနစ်သစ် တခုဖြစ်တဲ့ QW-12 ကို စမ်းသပ်ခဲ့ပြီး ဘယ်နိုင်ငံက ထုတ် လုပ်တဲ့ MANPADS စနစ်ထက် မဆို သာလွန်တယ်လို့ ဆိုပါတယ်။
၎င်းဟာ QW-2 ကို အဆင့်မြှင့်တင်ထားသည့် မျိုးကွဲဖြစ်ပြီး ပုခုံးထမ်းစနစ်တခု အဖြစ်သာမက ယာဉ်များတွင်လည်း တပ်ဆင် အသုံးပြုနိုင်ပါတယ်။
ဒီအကြောင်းကို တရုတ်နိုင်ငံပိုင် သတင်းစာဖြစ်တဲ့ Global Times က ဖော်ပြသွားခဲ့တာဖြစ်ပြီး ၎င်းဟာ လမ်းလွှဲ စနစ်များကို ရှောင်ရှားနိုင်တဲ့ အစွမ်း ရှိတယ်လို့ ပြောပါတယ်။

အဆိုပါစမ်းသပ်မှုတွင် QW-12 ဟာ ပစ်မှတ်အဖြစ် အထူးပြုလုပ်ထားတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အပူအာရုံခံ စနစ်ဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုကဲ့သို့ တိုက်ခိုက်စဉ်အတွင်း ရဟတ်ယာဉ်ဟာ လမ်းလွှဲစနစ် (Flare ဖြစ်နိုင်) ၈ ခု အထိ ထုတ်လွှတ်ကာကွယ်ခဲ့ပေမယ့် ဒုံးကျည်ဟာ အဆိုပါ လမ်းလွှဲစနစ်တွေကြောင့် ရှုပ်ထွေးမှု မဖြစ်ဘဲ ပစ်မှတ်ကို ထိတွေ့နိုင်ခဲ့တယ်လို့ အကျယ်တဝင့် ဖော်ပြထားပါတယ်။
ဒီ MANPADS မှာ ဘယ်လို နည်းပညာတွေ ထည့်သွင်းထားသလဲဆိုတာကို မသိရှိရပေမယ့် တရုတ်သတင်းဌာန၏ အဆိုအရ ၁၂၂ မီလီမီတာ ရော့ကတ်များ အပြင် တစက္ကန့်လျှင် ၃၆၀ မီတာ အမြန်နှုန်းဖြင့် ပျံသန်းနေတဲ့ ခရုဇ်ဒုံးကျည်နှင့် ဂျက်လေယာဉ်များကိုပါ ဟန့်တား တိုက်ခိုက် နိုင်တယ်လို့ ဆိုပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ အချက်တခုကတော့ လက်နက်ဟာ “laser proximity detonator” ကို အသုံးပြုထားပြီး ပစ် မှတ်ကို shockwaves နှင့် အပိုင်းအစများကို အသုံးပြုကာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောတာပါ။

အလုပ်လုပ်ပုံမှာ လေဆာဖြင့် ပစ်မှတ်ကို ထောက်ကာ အလိုအလျောက် တွက်ချက်ပြီး လျှင်မြန်စွာ ရွေ့နေတဲ့ ပစ်မှတ်အနီးမှာ ကွဲစေပြီး ထွက်လာတဲ့ အပိုင်းအစများနှင့် ပစ်မှတ်ကို ထိတွေ့စေတာ ဖြစ်ပါတယ်။
QW-12 အလုပ်လုပ်ပုံမှာ အဆင့်မြင့် MANPADS များတွင် ပါဝင်ပြီးသား နည်းပညာများ ဖြစ်သဖြင့် သတင်းမှ ဖော်ပြထားသည့် အလုပ်လုပ်သည့် စနစ်များဟာ အံ့အားသင့်စရာတော့ မပါဝင်ပါဘူး။
ဒါပေမယ့် “ပြိုင်ဘက်ကင်း” ဟု ဆိုထားတာကြောင့် ဘယ်လောက်အထိ ထိရောက်မှု ရှိနိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။