အာကာသ ပြိုင်ပွဲအတွင်းသို့ ကုမ္ပဏီသစ် တခု ဝင်ရောက်လာပြန်ပါပြီ။
ကုမ္ပဏီနာမည်ကတော့ Startup Radian Aerospace ဖြစ်ပြီး အနာဂါတ် အာကာသ သယ်ယူပို့ဆောင်ရေး ယာဉ်များကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ကုမ္ပဏီဟာ အဆင့် တဆင့်သာပါမယ့် ကမ္ဘာ့အပြင် ပတ်လမ်းထဲ အထိ သွားနိုင်မယ့် အာကာသသွားလေယာဉ် single-stage to orbit (SSTO) spaceplane ကို ဖန်တီးမှာပါ။
၎င်းအတွက် အမေရိကန် ဒေါ်လာ ၂၇.၅ သန်းဖိုးလောက်ကို ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပြီး အဆိုပါ အာကာသသွား လေယာဉ်ကို Radian One လို့ အမည် ပေးထားပါတယ်။

စီးပွားဖြစ် အာကာသ လုပ်ငန်းများဟာ ယခု နှစ်ပိုင်းအတွင်းတွင် အများအပြား ခေတ်စားလာခဲ့ပြီး နိုင်ငံတကာ အာကာသစခန်းသို့ အာကာသယာဉ်မှူးများကို သယ်ယူပို့ဆောင်ပေးခြင်း၊
ကမ္ဘာ့ပတ်လမ်းအတွင်း ဂြိုဟ်တုပေါင်းများစွာကို လွှတ်တင်ခြင်းများသာမက အာကာသအတွင်း အပျော်ခရီးသွားသည့် ခရီး စဉ်များကိုပါ လုပ်ဆောင်လာကြပြီ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ နိုင်ငံတကာ အာကာသစခန်း ISS နေရာတွင် အစားထိုးမည့် ကုမ္ပဏီပိုင် အာကာသစခန်းများ အပါအဝင် လနှင့် အင်္ဂါဂြိုဟ်များသို့ ကိုယ်ပိုင် ပို့ဆောင်နိုင်မယ့် မစ်ရှင်များကိုပါ အဆိုပြုလာခြင်းများ ရှိလာပါတယ်။
အဆိုပါ ကုမ္ပဏီများတွင် အာကာသအတွင်း လှုပ်ရှားမှုများအတွက် အဓိကအားဖြင့် ၂ ပိုင်း ခွဲခြားနိုင်ပါတယ်။
ပထမ အုပ်စုကတော့ သမားရိုးကျ ဒုံးပျံများကို အသုံးပြုပြီး အာကာသအတွင်းသို့ ကုန်စည်နှင့် လူများ ပို့ဆောင်ပေးတာ ဖြစ်ပြီး ဒုတိယ အုပ်စုကတော့ လေယာဉ်ကြီးများဖြင့် အာကာသယာဉ်ကို သယ်ဆောင်ကာ လုံလောက်သည့် အမြင့်တွင် ဒုံးစက်ကိုဖွင့်ကာ အာကာသအတွင်း ရောက်ရှိစေတာ ဖြစ်ပါတယ်။

Radian Aerospace ကတော့ ဒီလို နည်းလမ်းတွေအစား delta ပုံစံ အတောင်ပံ တပ်ဆင်ထားသည့် အာကာသအထိ တက်ရောက်နိုင်မယ့် လေယာဉ်ကို ဖန်တီးမယ်လို့ ဆိုပါတယ်။
အဆိုပါ အာကာသသွား လေယာဉ်ဟာ ခရီးသည်တင်လေယာဉ် အငယ်စား အရွယ်လောက် ရှိမှာ ဖြစ်ပြီး ဒုံးပျံ စွမ်းအင်သုံး တွန်းတင်စနစ်ဖြင့် မြေပြင်မှ တွန်းတင်ပေးကာ လောင်စာဆီကို ချွေတာပြီး ပျံတက်မှာဖြစ်ပါတယ်။
အမြင့်သို့ ရောက်ရှိပါက ရော့ကတ်အင်ဂျင် ၃ လုံးဟာ စတင် လည်ပတ်မှာဖြစ်ပြီး အာကာသသွားလေယာဉ်ကို ကမ္ဘာ့ ပတ် လမ်း အတွင်း သို့ ပို့ဆောင်ပေးမှာပါ။
အာကာသယာဉ်မှူးများဟာ အာကာသအတွင်းတွင် ၅ ရက်လောက်အထိ နေနိုင်မှာ ဖြစ်ပြီး ပြန်လည် ဆင်းသက်သည်အခါ အရှည် ပေ ၁ သောင်း (မီတာ ၃ ထောင်) လောက်ရှိသည့် ပြေးလမ်း လိုအပ်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီအဆိုအရ Radian One ကို ၄၈ နာရီအတွင်း ပြန်လည် ပြင်ဆင်ပြီး အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။
ကုမ္ပဏီဟာ ယခုအချိန်အထိတော့ နည်းပညာပိုင်းနှင့် ဆိုင်သည့် အချက်အလက်များကို ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။
“အတောင်ပံများဟာ သမားရိုးကျ ဒေါင်လိုက် ပျံတက်သည့် ဒုံးပျံများမှ မစွမ်းဆောင်နိုင်တဲ့ မစ်ရှင်များနှင့် စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်ပါတယ်” လို့ Radian Aerospace ကုမ္ပဏီကို ပူးတွဲတည်ထောင်သူနှင့် နည်းပညာဆိုင်ရာ အမှုဆောင်ချုပ် Livingston Holder က ပြောပါတယ်။
Livingston Holder ဟာ ယခင်က Boeing ၏ အနာဂါတ် အာကာသ ပို့ဆောင်ရေး စီမံကိန်း နှင့် X-33 စီမံကိန်းများ၏ အ ကြီး အကဲ တယောက်လည်း ဖြစ်ခဲ့ပါတယ်။

ယခုလို Radian One စီမံကိန်းမျိုးဟာ သမားရိုးကျ မဟုတ်ဘဲ ရှုပ်ထွေးသည့် နည်းပညာများ ပါဝင်သည့် အတွက် စိန်ခေါ်မှုများ ရှိနေမှာ အသေအချာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။