ပျားစက်ရုပ်များဟာ အကောင်အရေအတွက် အကြီးအကျယ် ကျဆင်းလာတဲ့ ပျားတွေနေရာမှာ အစားထိုးသွားမှာ ဖြစ်ပြီး ၎င်းတို့ဟာ ပျားတွေရဲ့ ဝတ်မှုံကူးခြင်းကဲ့သို့ လုပ်ငန်းများကို ဆောင်ရွက်မှာပါ။
ဒါပေမယ့် အဆိုပါ ပျားစက်ရုပ်များဟာ တကယ်ပဲ သဘာဝ တရားကြီးကို မမှီခိုတဲ့ စိုက်ပျိုးရေး လုပ်ငန်းများ အဖြစ် ဖန်တီးနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါ။
ဒီစီမံကိန်းက အကောင်အထည်ဖော်နိုင်ဖို့ရာ အတွက် သုတေသီများ ကြိုးစားနေတာ ၂၀၁၈ ခုနှစ်လောက်ကတည်းက ဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ သစ်သီးပန်းမံ ထွက်ရှိမှုတွေဟာ ပျားနှင့် အခြား အင်းဆက်များ၏ ဝတ်မှုံကူးခြင်း လုပ်ငန်းစဉ်ကို အဓိက မှီခိုနေကြတာ ဖြစ်ပါတယ်။

မကြာသေးမီ နှစ်များအတွင်း ပျားများ၏ ကျက်စားရာ နေရာများ ဆုံးရှုံး လာတဲ့အတွက် ပျားတွေရဲ့ အရေအတွက်ဟာ အ ကြီး အကျယ် ကျဆင်းလာပါတယ်။
အမေရိကန်နိုင်ငံ တခုထဲတွင် ပျားများ၏ ကျက်စားရာ နေရာဟာ သုံးပုံ တပုံလောက်အထိ ဆုံးရှုံးမှု ရှိနေတယ်လို့ သိရပါတယ်။
ဒီလို ပျားကောင်ရေ ကျဆင်းလာမှုကြောင့် စိုက်ပျိုးရေး သမားများအတွက် ၎င်းတို့၏ အထွက်နှုန်းကျဆင်းမှုကို သိသိ သာ သာ ခံစားလာရပြီး စားသောက်ကုန်ဈေးနှုန်းမှာပါ ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။
ပျားစက်ရုပ် တီထွင်မှုများ
ဒီလို ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ရုရှား Tomsk Polytechnic တက္ကသိုလ်မှ သုတေသီများဟာ ပျားစက်ရုပ် ရှေ့ပြေးပုံစံများကို ဖန်တီးထား ပါတယ်။

အဆိုပါ တက္ကသိုလ်၏ ကျောင်းအုပ်ဖြစ်သူ Alexey Yakovlev ၏ အဆိုအရ လက်ရှိမှာ အဆိုပါ စက်ရုပ်များဟာ သဘာဝ ပျားများ ကျက်စားရာ နေရာများတွင် အလုပ်လုပ်နိုင်စွမ်း မရှိပါဘူး။
သို့ပေမယ့် greenhouse များထဲတွင် အလုပ်လုပ်နိုင်တဲ့ အတွက် စတော်ဘယ်ရီကဲ့သို့ အပင်များအတွက်တော့ အလွန် အ သုံး ဝင်ပါတယ်။
ကောင်းကျိုုးကတော့ ပျားစက်ရုပ်တွေဟာ နွေးဦးကာလ ပိတုန်းတွေ မဖြစ်ထွန်းနိုင်ရင်တောင်မှ အဆက်မပြတ် အလုပ်လုပ်နိုင်တာပါ။
၎င်းတို့၏ Robo-bee ခေါ် ပျားစက်ရုပ်တွေရဲ့ ပထမအသုတ် ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁.၄ သန်းလောက် ကုန်ကျနိုင်မယ်လို့ ပြောပါတယ်။
နောက်ထပ် အဖွဲ့ကတော့ ဂျပန်နိုင်ငံ အမျိုးသား အဆင့်မြင့် စက်မှုသိပ္ပံနှင့်နည်းပညာ တက္ကသိုလ်မှ သုတေသီများဖြစ်ပြီး ၎င်းတို့ဟာ အပင်များ ဝတ်မှုန်ကူးဖို့အတွက် ဒရုန်းများကို တီထွင်နေတာပါ။

Eijiro Miyako နှင့် ၎င်း၏ အဖွဲ့ဟာ ပျားများကို တုပထားတဲ့ ဒရုန်းကို အသုံးပြုပြီး ပန်းများအကြားမှာ ဝတ်မှုန်ကူးနိုင်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
၎င်းတို့ဟာ ဒရုန်းကို အလိုအလျှောက်စနစ်ဖြင့် GPS နှင့် AI နည်းပညာများသုံးကာ ပန်းများပေါ် မထိခိုက်အောင် ဆင်းသက်ပြီး ဝတ်မှုန် သယ်ဆောင်နိုင်အောင် လုပ်ဆောင်နေပါတယ်။
အဆိုပါ ဒရုန်းများတွင် မြင်းမွှေးများကို ဂျယ်လ်ဖြင့် အုပ်ထားကာ ဂျပန်နှင်းပန်းများကို ဝတ်မှုန်ကူးခြင်း လုပ်ဆောင်ရာမှာ အောင်မြင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဟားဗက် တက္ကသိုလ်မှလည်း pop-up microelectromechanical (MEM) နည်းပညာကို အသုံးပြုပြီး သွားအရွယ် အစား လောက်သာရှိတဲ့ ဒရုန်းကို ဖန်တီးထားပါသေးတယ်။

အဆိုပါ ဒရုန်းဟာ AI နည်းပညာကို အသုံးပြုသည့် ဦးနှောက်ပါဝင်ပြီး နယ်မြေများကို မှတ်သားနိုင်ကာ ပျားကဲ့သို့ အလုပ်လုပ် နိုင်ပါတယ်။
သုတေသနများ ပိုမို လိုအပ်
တချို့က ဒီနည်းပညာဟာ လုံလောက်မှု မရှိဘူးလို့ ယူဆကြပြီး ဩစတေးလျ အများသား တက္ကသိုလ်မှ Saul Cunningham အဆိုအရ ဧက ထောင်ချီတဲ့ လယ်မြေတွေကို ပျားစက်ရုပ်တွေသုံးပြီး ဝတ်မှုန်ကူးဖို့ဆိုတာ စီးပွားရေးအရ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
Cunningham မှ ဒီလို အကြီးစား လယ်မြေတွေအတွက် ဒရုန်းတွေကို အသုံးပြုပါက ကုန်ကျစရိတ် အလွန် ကြီးမားသည့် အတွက် လက်ရှိပျားများကို ထိန်းသိမ်းစီမံသည့် စီမံကိန်းကိုသာ သဘောကျတယ်လို့ ပြောပါတယ်။
တကယ်လည်း အထက်ပါ ပျားစက်ရုပ် တီထွင်မှုများဟာ ရှေ့ပြေးပုံစံ အဆင့်များတွင်သာ ရှိနေသေးပြီး အခုအချိန်အထိ သ ဘာဝ ပျားများနေရာမှာ အစားထိုးနိုင်စွမ်း မရှိကြသေးပါဘူး။
ဒါပေမယ့် ကုန်ကျစရိတ်များကို လျော့ချနိုင်ပါက သဘာဝကြီးကို တကယ်အစားထိုးနိုင်မယ့် ပျားစက်ရုပ်တွေ ပေါ်လာမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။