ဇနီးသည်၏ နားပူမှုကြောင့် ပတ်လည်လှည့်နိုင်သည့် အိမ် ကို ဖန်တီးခဲ့သည့် ၇၂ နှစ်အရွယ် တီထွင်သူ

Innovation Tech

ဘော့စနီးယားမှ အသက် ၇၂ နှစ်အရွယ်ရှိတဲ့ Vojin Kusic လို့ အမည်ရတဲ့ မိမိဘာသာ လေ့လာ တီထွင်သူတယောက်ဟာ ပုံမှန်မဟုတ်တဲ့ ဗိသုကာ လက်ရာတခုကို အချစ်အတွက်နဲ့ တည်ဆောက်ခဲ့တာပါ။

၎င်း၏ ဇနီးဖြစ်သူ Ljubica ဟာ သူမတို့ နေထိုင်တဲ့ အိမ်ကို ပိုမို ကွဲပြား ခြားနားတဲ့ မြင်ကွင်းတွေ မြင်နိုင်တဲ့ အိမ်အဖြစ် ဖန် တီး လိုကြောင်း တောင်းဆိုခဲ့တဲ့အတွက် ဇနီးသည် စိတ်ကျေနပ်စေရန် ပတ်လည် လှည့်နိုင်တဲ့ အိမ်ကို တည်ဆောက်ပေးခဲ့ပါတယ်။

အခုတော့ သူမဟာ ပြန်လည် ပြင်ဆင်ထားသည့် အိမ်မှ ရှုခင်းတွေကို ကြည့်နိုင်ရုံတင်သာမက လမ်းသွားလမ်းလာများကိုပါ ကြည့်ရှုနိုင်နေပြီ ဖြစ်ပါတယ်။

အိမ်ရဲ့ ဇာတ်လမ်း

ဇာတ်လမ်းက ၎င်းတို့ ၂ ယောက် လက်ထပ်ခဲ့တဲ့ နှစ်ပေါင်း များစွာက စတင်ခဲ့တာပါ။

အဲဒီ့ အချိန်က ဇနီးသည်ဟာ အိပ်ခန်းကို နေရောင်ခြည်ထိတွေ့လိုတဲ့ အတွက် သူမ အလိုရှိတဲ့အတိုင်း အိမ်ကို တည်ဆောက်ပေးခဲ့ပါတယ်။

ဒါပေမယ့် အိမ်ကို တည်ဆောက်ပြီးချိန်မှာ အိပ်ခန်းဟာ လမ်းသွား လမ်းလာတွေကို မြင်ရမည့် လမ်းဘက်နှင့် ဝေးသွားသည့် အတွက် ဇနီးသည်ဟာ လူတွေကို မမြင်ရသဖြင့် ပျင်းရိကြောင်း အမြဲလိုလို ညည်းညူနေခဲ့ပါတယ်။

နှစ်ပေါင်း များစွာ ကြာပြီးတဲ့ နောက်မှာတော့ Vojin Kusic ဟာ အရာ အားလုံးကို ပြန်လည် ပြုပြင်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

“ကျွန်တော်တို့ မိသားစု အတွက် အိမ်ကို သူမ ကျေနပ်အောင် မကြာခဏ ပြန်လည် ပြုပြင်ရတာ ပင်ပန်းလှပါပြီ။”

“အဲဒီအတွက် ကျွန်တော်ဟာ သူမ စိတ်တိုင်းကျ လှည့်လို့ရမယ့် အိမ်ကို ဆောက်လိုက်ပါတယ်” လို့ Kusic မှာ ရိုက်တာ သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ဒါဟာ “မြင်ကွင်းနဲ့ ပတ်သက်လို့ မပျော်ဘူးလား? မကျေနပ်မချင်းသာ လှည့်ပေတော့” လို့တဲ့ အယူအဆကနေ ထွက်လာတာ ဖြစ်နိုင်ပါတယ်။

AP Photo/Radivoje Pavicic

အဲဒီ့အိမ်ဟာ ဘော့စနီးယား မြောက်ပိုင်း Srbac မြို့ အနီး မြေဩဇာကောင်းသည့် မြေပြန့်တွင် တည်ရှိတာ ဖြစ်ပါတယ်။

အိမ်ကို ကွန်ကရစ် အုတ်ခုံပေါ်တွင် တည်ဆောက်ထားပြီး ၂၃ ပေ (၇ မီတာ) ရှိသည့် ဝင်ရိုးပေါ်တွင် လျှပ်စစ်မော်တာများနှင့် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ယာဉ်များမှ ဘီးများကို အသုံးပြုပြီး လည်ပတ်နိုင်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဝင်ရိုး၏ လှည့်ပတ်နှုန်းကို စိတ်ကြိုက် ပြောင်းလဲနိုင်ပြီး တည်ငြိမ်စွာ အိမ်ဟာ ဝင်ရိုးပေါ်တွင် လည်ရင်း ပြောင်းစိုက်ခင်းများ၊ လယ်မြေများ၊ သစ်တောများနှင့် မြစ်များ၏ ရှုခင်းများကို လှည့် ပတ်ကြည့်ရှုနိုင်ပါတယ်။

“အိမ်ဟာ အနှေးဆုံးအနေဖြင့် တပတ်ပြည့်ဖို့ ၂၄ နာရီကြာ လှည့်ပတ်ရပြီး အမြန်ဆုံးအနေဖြင့် ၂၂ စက္ကန့်ဖြင့်တောင် တပတ်ပြည့်အောင် လည်နိုင်ပါတယ်” လို့ Kusic က ရှင်းပြပါတယ်။

အိမ်ကို တည်ဆောက်ရင်းနှင့် မြေငလျင်ဒဏ်ကို သာမန် အိမ်များထက် ခံနိုင်ရည်ရှိသည့် မမျှော်လင့်ထားသည့် အကျိုး ကျေး ဇူးကိုပါ ရရှိခဲ့ပါတယ်။

ပုံမှန်မဟုတ်တဲ့ ဒီဇိုင်းနဲ့ ဒီအိမ် တလုံးလုံးကို Kusic ကိုယ်တိုင် အစအဆုံး တည်ဆောက်ခဲ့တာ ဖြစ်ပြီး နှလုံးပြသနာကြောင့် ဆေးရုံမှာ နေခဲ့ရသည့် အချိန်မှလွဲပြီး တည်ဆောက်ချိန် ၆ နှစ်လောက် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

“ဒါဟာ ဆန်းသစ်တီထွင်မှု တခု မဟုတ်ပါဘူး။ ဆန္ဒနှင့် ဗဟုသုတသာ လိုအပ်ပါတယ်။ ကျွန်တော့်မှာ အချိန် နှင့် ဗဟုသုတ အလုံအလောက် ရှိခဲ့ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

၎င်း၏ ဇနီးမှ အိမ်အသစ်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပေမယ့် သူတို့အနေဖြင့် ပျော်ရွှင်တဲ့ အိမ်ထောင် တခုအဖြစ် နေ့သစ်တွေကို ဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုရင်း ဖော်ပြပေးလိုက်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 15/10/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *