ရုရှားရဲ့ ၂၀၂၁ နိုဝင်ဘာ ၁၅ ရက်နေ့က ဂြိုဟ်တုဖျက် လက်နက် စမ်းသပ်မှုဟာ ကမ္ဘာ့ ပတ်လမ်းနိမ့်အတွင်း အပျက်အစီးများကို လွင့်ထွက်လာစေပြီး နိုင်ငံတကာ အာကာသစခန်းကို အန္တရာယ် ဖြစ်လု ဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါ အပျက်အစီးများဟာ အာကာသတွင်း အခြား အရာများအတွက် နှစ်ပေါင်းများစွာ အန္တရာယ် ဖြစ်စေနိုင်တယ်လို့ အမေရိကန် ဘက်က ပြောပါတယ်။
ဒီဖြစ်ရပ်အတွင်း အမေရိကန် အာကာသယာဉ်မှူး ၄ ဦး၊ ဂျာမန် အာကာသယာဉ်မှူ ၁ ဦး နှင့် ရုရှား စကြဝဠာဗေဒ ပညာရှင် ၂ ဦး တို့ကို နိုင်ငံ တကာ အာကာသစခန်းတွင် ချိတ်ဆက်ထားသည့် အာကာသယာဉ်ငယ် အတွင်းသို့ ၂ နာရီလောက်ကြာအောင် ရှောင်တိမ်း စေခဲ့ရတယ်လို့ NASA က ပြောပါတယ်။
အပိုင်းအစများဟာ မိနစ် ၉၀ ကြာတိုင်း အာကာသ စခန်းအနီးမှ ဖြတ်သန်းသွားပြီး တတိယမြောက် အကြိမ် ဖြတ်သန်းအပြီးမှာတော့ NASA မှ ကျွမ်းကျင်သူများဟာ အာကာသယာဉ်မှူးတွေကို စခန်းထဲသို့ ပြန်လည် ဝင်ရောက်စေဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။
Houston Chronicle မှ ဖော်ပြချက်အရ “အာကာသအတွင်း အပျက်အစီးများ ဖြစ်ပေါ်စေသည့် ဖြစ်ရပ်တစ်ခု” ဖြစ်ပွားခဲ့ကြောင်းကို အမေရိကန် အာကာသ ကွပ်ကဲမှုမှ အတည်ပြုထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဟာ အပျက်အစီး ပျံ့နှံ့နိုင်မယ့် နယ်ပယ်ကို ပုံဖော်ဖို့ရာအတွက် တက်ကြွစွာ လုပ်ဆောင်နေပြီး ထိခိုက်မှုတွေရှိပါက ဂြိုဟ်တုတွေကို ရွှေ့ပြောင်းနိုင်အောင် အာကာသအတွင်း ဂြိုဟ်တုများ ပိုင်ဆိုင်တဲ့ နိုင်ငံများအားလုံးအတွက် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”
လို့ သတင်းစာမှ ရရှိသည့် အာကာသ ကွပ်ကဲမှု ၏ ထုတ်ပြန် ကြေငြာချက် အရ သိရှိရတာ ဖြစ်ပါတယ်။

Crew Dragon Photo: Courtesy of SpaceX/NASA
“ကျွန်တော်တို့ဟာ ဒီ အစီရင်ခံစာများနှင့် ပတ်သက်ပြီး မကြာမီ အနာဂါတ်မှာပဲ နောက်ဆုံး အခြေအနေ တခုကို ထုတ်ပြန်ပေးမှာဖြစ်ပြီး နိုင်ငံခြားရေးရာ ဌာန၊ NASA တို့ အပါအဝင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တွင် လုပ်ဆောင်နေပါတယ်” လို့ ဆိုပါတယ်။
နိုင်ငံတကာ အာကာသစခန်းနှင့်တော့ လက်ရှိမှာ တိုက်မိခြင်းမျိုး မရှိဘဲ စခန်းရဲ့ အခြေအနေ အားလုံးဟာ ကောင်းမွန်နေတယ်လို့လည်း သိရပါတယ်။
ဒီလို နီးကပ်တဲ့ အန္တရာယ် ဟာ ကြောက်စရာကောင်းပေမယ့် အဆန်းတော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ တပတ်ကလည်း ဘောလုံးကွင်းလောက်ရှိတဲ့ ဒီအာကာသစခန်းဟာ အခြား အာကာသ အမှိုက်များကို ရှောင်တိမ်းခဲ့ရပြီး အလားတူ ဖြစ်စဉ်မျိုးဟာ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။
နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း အာကာသစခန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ရာသီဥတု စောင့်ကြည့်ရေး ဂြိုဟ်တု တလုံးကို တရုတ်တို့က ဂြိုဟ်တုဖျက် လက်နက်ဖြင့် စမ်းသပ်ခဲ့ရာမှ ရှိလာခဲ့တဲ့ အာကာသ အပျက်အစီး အမှိုက်သရိုက်များကို ကပ်ပြီး ရှောင်တိမ်းခဲ့ပါသေးတယ်။
တရုတ်တို့ စမ်းသပ်ခဲ့ခြင်း၏ ရလဒ်က အာကာသအတွင်း အပျက်အစီး အမှိုက်သရိုက် ပမာဏ များစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဟားဗက် နက္ခတ္တဗေဒပညာရှင် Jonathan McDowell မှ တရုတ်လုပ် ဒုံးကျည်မှ ထွက်လာတဲ့ အပိုင်းအစ အပျက်အစီးပေါင်းဟာ ၃,၅၀၀ လောက် အထိ ရှိပြီး အဲဒီ့အထဲက ၂,၇၀၀ ကျော်လောက်ဟာ ပတ်လမ်းအတွင်းမှာ တလျှောက်လုံး ရှိနေခဲ့တယ်လို့ မှတ်ချက်ပြုပါတယ်။
NASASpaceFlight ၏ သတင်းဒါရိုက်တာ McDowell နှင့် Thomas Burghardt နှစ်ဦးစလုံးက ရုရှားဟာ အဆိုပါနေ့ အစောပိုင်းက ၎င်း ၏ ကိုယ်ပိုင် ဂြိုဟ်တုကို စမ်းသပ်မှု ပြုလုပ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ရုရှားဟာ ၎င်း၏ Kosmos-1408 ဂြိုဟ်တုကို ဖျက်ဆီးဖို့ စီစဉ်ထားတာ ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် အပျက်အစီး အပိုင်းအစများ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အာကာသစခန်း
McDowell ပြောခဲ့သလိုပဲ ပျက်စီးသွားတဲ့ Kosmos-1408 ဟာ အာကာသ အပျက်အစီး အပိုင်းအစတွေ ထွက်လာရတဲ့ အကြောင်းအရင်း ဖြစ်ပြီး ရှာဖွေလို့ရတဲ့ အစိတ်အပိုင်း ၁,၅၀၀ လောက် ရှိကာ အပိုင်းအစ အမှုန်အမွှားတွေ ထောင်ချီပြီး ရှိတယ်လို့ သိရပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်တဲ့ Antony Blinken ကတော့ ဒီ ဒုံးကျည် စမ်းသပ်မှုကို ရှံ့ချထားပြီး “မဆင်မခြင် နှင့် တာဝန်ယူမှု မရှိတဲ့ လုပ်ရပ်” လို့ ဆိုပါတယ်။
Nelson ကတော့ “ရုရှားအနေနဲ့ အမေရိကန်နဲ့ နိုင်ငံတကာ မိတ်ဖက် အာကာသယာဉ်မှူးများ ပါဝင်တဲ့ နိုင်ငံတကာ အာကာသစခန်းကို အန္တရာယ် ဖြစ်နိုင်စေရုံသာမက ၎င်းရဲ့ စကြဝဠာဗေဒ ပညာရှင် ၂ ဦးကိုပါ အန္တရာယ်ဖြစ်နိုင်စေခဲ့တာ စဉ်းစားတောင် မစဉ်းစားဝံ့ပါဘူး” လို့ ပြောပါတယ်။
ရုရှားဟာ ဂြိုဟ်တုဖျက် လက်နက်များကို စမ်းသပ်တဲ့ ပထမဆုံးနိုင်ငံတော့ မဟုတ်ပါဘူး။
အမေရိကန်ဟာ ကမ္ဘာ့ ပတ်လမ်းအတွင်း ဂြိုဟ်တုတွေ ရှားပါးသေးတဲ့ ၁၉၅၉ ခုနှစ် ကာလတုန်းက အလားတူ လက်နက်မျိုးဖြင့် ပထမဆုံး စမ်းသပ်ခဲ့ပါသေးတယ်။
၂၀၁၉ ခုနှစ်မှာတော့ အိန္ဒိယဟာ ကမ္ဘာ့ပတ်လမ်း နိမ့်အတွင်းမှ ၎င်း၏ ကိုယ်ပိုင် ဂြိုဟ်တုကို မြေပြင်မှ အာကာသ ဒုံးကျည်ဖြင့် ပစ်ချခဲ့ပါတယ်။
ယခုလို စမ်းသပ်မှုများဟာ ဆက်သွယ်ရေးနှင့် ရာသီဥတု ခန့်မှန်းခြင်း လုပ်ငန်းများမှသည့် ဘဏ်လုပ်ငန်းများနှင့် GPS ဝန် ဆောင်မှုများအထိ ကြီးမားကျယ်ပြန့်သည့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သည့် အာကာသ ဂြိုဟ် တုများ၏ ရေရှည် တည်တံ့မှုအရေးနှင့် ပတ်သက်ပြီး မေးခွန်း ထုတ်စရာ ဖြစ်လာနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 16/11/2021