S-500 လေကြောင်းရန် ကာကွယ်ရေး စနစ်နှင့် ပတ်သက်ပြီး သိရသမျှ

Article Military

S-500 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်ဟာ ရုရှား၏ အဆင့်အမြင့်ဆုံး မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်တခု ဖြစ်ပါတယ်။

မော်စကိုကတော့ ဒီစနစ်ကို F-22 သို့မဟုတ် F-35 ရေဒါပျောက် တိုက်လေယာဉ်များအတွက် အဖြေတခု အဖြစ် ကြွားလုံးထုတ်နေပေမယ့် လက်ရှိမှာ ဖွံ့ဖြိုးတိုးတက်‌ဆဲ အဆင့်မှာသာ ရှိသေးပြီး စစ်မြေပြင် အတွေ့အကြုံ နည်းပါးနေပါတယ်။

ဘယ်လိုပဲ ဖြစ်စေ စာရွက်ပေါ်မှာတော့ S-500 စနစ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းရည်များကို ပိုင်ဆိုင်ထားပါတယ်။

တရားဝင်အားဖြင့် S-500 “Prometey” (Prometheus) လို့ အမည်ပေးထားတဲ့ S-500 စနစ်ကို 55R6M “Triumfator-M” လို့ လူသိများပြီး ရုရှားနိုင်ငံပိုင် ကုမ္ပဏီ Almaz-Antey က ဦးဆောင် ထုတ်လုပ်နေတာပါ။

S-500 နှင့် ပတ်သက်ပြီး သိရသလောက်

စနစ်၏ ပစ်လွှတ်ယာဉ် 77P6 ပေါ်တွင် တပ်ဆင်ထားသည့် ပြွန်များအတွင်းမှာ မြေပြင်မှ ဝေဟင် တာဝေးပစ် 40N6M ၄ လုံး သို့မဟုတ် 77N6 ကြားဖြတ် ဒုံးကျည် ၂ လုံးကို တပ်ဆင်ထားပါတယ်။

ဒီစနစ်ဟာ ပစ်မှတ် ရယူခြင်း၊ ထိတွေ့ခြင်း နှင့် ပဲ့ထိန်းတပ်ဒုံး ရှာဖွေရေးဆိုင်ရာ ရေဒါများကို ပေါင်းစပ် တပ်ဆင်ထားပါတယ်။

F-35 တစင်းအား တွေ့ရစဉ်

သတင်းများအရ S-500 ဟာ အကွာအဝေး မိုင် ၃၁၀ မှ ၃၇၂ မိုင်ကြား တွင် အမြင့် ၁၂၄ မိုင်လောက် အထိ ပတ်မှတ်များကို ချေမှုန်းနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ၎င်းကို ပဥ္စမမျိုးဆက် တိုက်လေယာဉ်များ အပြင် ပဲ့ထိန်းတပ် ဒုံးကျည်များ၊ ခရုဇ် ဒုံးကျည်များနှင့် ကမ္ဘာ့ ပတ် လမ်း နိမ့်အတွင်းရှိ ဂြိုဟ်တုများကိုပင် ချေမှုန်းနိုင်စွမ်း ရှိမယ်လို့ ပြောနေကြပါတယ်။

သို့ပေမဲ့ ပဥ္စမ မျိုးဆက် တိုက်လေယာဉ်များကို တကယ် တိုက်ခိုက်နိုင်စွမ်း ရှိမရှိကတော့ ပြင်ပမှ လေ့လာသူများ လွတ်လပ်စွာ အတည်ပြုဖို့ မဖြစ်နိုင်ပါဘူး။

ရုရှား မီဒီယာများကတော့ ဟိုက်ပါဆိုးနစ် ဒုံးကျည်များကိုပါ ကြားဖြတ်နိုင်တယ်လို့ ဆိုထားပြီး အတည်မပြုနိင်သေးပါဘူး။

S-500 ထုတ်လုပ်ရေး

၂၀၂၂ ခုနှစ် ဧပြီလမှာတော့ Almaz-Antey ၏ CEO ဖြစ်တဲ့ Yan Novikov မှ S-500 စနစ်ကို အများအပြား စတင် ထုတ် လုပ်နေပြီလို့ ကြေငြာခဲ့ပါတယ်။

သို့ပေမယ့် ၂၀၂၁ ခုနှစ် မေလတုန်းက ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Alexei Krivoruchko က S-500 များကို ၂၀၂၅ ခုနှစ်မှာတောင် အများအပြား ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေ စနိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

S-400 စနစ်

ဒီလို ရှေ့နောက် မညီတဲ့ ကြေငြာချက်များကြောင့် ထုတ်လုပ်နေပြီဆိုသည့် ကြေငြာချက်ဟာ ယူကရိန်း-ရုရှား ပဋိပက္ခ အ တွက်ကြောင့်သာ ဖြစ်မယ်လို့ ယူဆရပါတယ်။

S-500 Prometey ဟာ ၂၀၁၀ ခုနှစ်ကတည်းက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နေဆဲဖြစ်ကာ ၂၀၁၄၊ ၂၀၁၇ နှင့် ၂၀၂၁ အထိ အများအပြား ထုတ်လုပ်ဖို့အတွက် သတ်မှတ်ရက်များ မပြည့်မှီခဲ့သေးပါဘူး။

ဖြည့်စွက်ထားသည့် စနစ်တခုသာဖြစ်

S-500 ကို ယခင် S-400 မြေပြင်မှ ဝေဟင်ပစ် စနစ်ဟာ အစားထိုးရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ S-400 နှင့် A-135 ပဲ့ထိန်းတပ် ဒုံးကျည် ကာကွယ်ရေး စနစ်များမှ မကာကွယ်နိုင်သည့် အလွှာများကို ဖြည့်စွက်ဖို့ရာအတွက် ထုတ်လုပ်နေတာပါ။

မော်စကိုမှ S-500 Prometey ဟာ ရုရှားနိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးအတွက် အဓိက အစိတ်အပိုင်း ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

S-500 ကို အသုံးပြုဖို့ ယူနစ် အသစ်များ ဖြစ်လာမလား သို့မဟုတ် လက်ရှိ လေကြောင်းနှင့်အာကာသ တပ်ဖွဲ့၏ ယူနစ်များမှ ဦးဆောင်မှာလားဆိုတာ ရုရှား စစ်ခေါင်းဆောင်များကြားမှာ ငြင်းခုံမှု အချို့ ရှိနေခဲ့ပါတယ်။

ရုရှားနိုင်ငံအတွင်း စမ်းသပ်မှုများ အပြင် S-500 ကို ၂၀၁၉ ခုနှစ်မှာ ဆီးရီးယားတွင် စမ်းသပ်ခဲ့ကြောင်း သတင်းများက ဖော် ပြခဲ့ပေမယ့် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ငြင်းဆိုထားပါတယ်။

F-22 တိုက်လေယာဉ်

ရုရှား တာဝန်ရှိသူများကတော့ S-500 စနစ်များကို အစောဆုံး လက်ခံရရှိမယ့် နိုင်ငံဟာ အိန္ဒိယနိုင်ငံ ဖြစ်နိုင်ကြောင်းကိုတော့ ပြောထားဖူးပါတယ်။

NATO အဖွဲ့ဝင် ဖြစ်တဲ့ တူရကီနိုင်ငံ၏ သမ္မတ Recep Tayyip Erdogan ကတော့ ယူကရိန်း အရေး မဖြစ်ခင် S-500 ကို ရုရှားနှင့် ပူးပေါင်း ထုတ်လုပ်မယ်လို့ ထုတ်ဖော်ပြောဆိုဖူးပါတယ်။

ထိုကဲ့သို့ လုပ်ဆောင်ပါက ဝါရှင်တန်မှ ယခင်က S-400 ဝယ်ယူခဲ့မှုအတွက် ပိတ်ဆို့မှုများအပြင် နောက်ထပ် ပိတ်ဆို့မှုနှင့် နည်းပညာဆိုင်ရာ ကန့်သတ်ခံရမှုများ တူရကီအနေဖြင့် ကြုံလာရနိုင်ပါတယ်။

ရုရှားရဲ့ S-500 နှင့် ပတ်သက်ပြီး အရေအတွက်ကို ရှင်းလင်းစွာ မသိရသေးပေမယ့် ၎င်းတို့၏ အနာဂါတ် လေကြောင်းရန် ကာကွယ်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေမှာတော့ ထင်ရှားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *