ဆိုဗီယက်တို့ ကြောက်ခဲ့ရသည့် “Cobra Maneuver” ကို အစပြုခဲ့သည့် ဆွီဒင်၏ Saab 35 Draken

History Military

ဒုတိယ ကမ္ဘာစစ် အပြီးမှာ ဆွီဒင်ဟာ နိုင်ငံ၏ မူဝါဒကို ကြားနေအဖြစ် ထိန်းသိမ်းထားခဲ့ပြီး ဆိုဗီယက်နှင့် စစ်ဖြစ်နိုင်ချေများကိုပါ ထည့်သွင်း စဉ်းစားထားရပါတယ်။

ဒါ့ကြောင့် ဆွီဒင် လေတပ်ဟာ ဆိုဗီယက်ကဲ့သို့ နိုင်ငံများ၏ တာဝေးသွား ဗုံးကြဲလေယာဉ်ကြီးများကို ကြားဖြတ်နိုင်ဖို့ မြင့်မားစွာ ပျံသန်းနိုင်တဲ့ ဂျက်တိုက်လေယာဉ် တစင်း လိုအပ်တာကို သိရှိခဲ့ပါတယ်။

ဒီလို တိုက်လေယာဉ်များအတွက် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို ဒုတိယ ကမ္ဘာစစ် ပြီးဆုံးပြီး ကတည်းက ဆွီဒင်ဟာ လုပ်ဆောင်နေခဲ့တာဖြစ်ပြီး လေကြောင်းနည်းပညာကို ရှေ့ခြေတလှမ်း ပိုမိုရောက်ရှိစေခဲ့ပါတယ်။

Saab ၏ အင်ဂျင်နီယာများတွင် Saab 35 Draken ရာသီမရွေး အသုံးပြုနိုင်သည့် အသံထက်မြန် ဂျက်တိုက်လေယာဉ်ကို ဖန်တီးဖို့ အယူအဆ ရှိခဲ့ကြပါတယ်။

နည်းပညာရှင် ၅၀၀ ပါဝင်သည့် အဖွဲ့နှင့်အတူ လေယာဉ်အင်ဂျင်နီယာ Erik Bratt ဟာ “Double Delta” လို့ခေါ်တဲ့ တြိဂံပုံစံ နှစ်ဆင့် တောင်ပံ ဒီဇိုင်းဖြင့် တိုက်လေယာဉ်ကို တည်ဆောက်ဖို့ လေ့လာခဲ့ပါတယ်။

Draken ဆိုတဲ့ အမည်ကို ဘာသာပြန်ရင် နဂါးလို့ အဓိပ္ပါယ်ရပေမယ့် တကယ့်အမည်ကတော့ တောင်ပုံ၏ ပုံစံအရ စွန်လို့ အဓိပ္ပါယ်ရပါတယ်။

ဒီတိုက်လေယာဉ်ဟာ ကမ္ဘာပေါ်တွင် ပထမဆုံး ဖန်တီးခဲ့သည့် တြိဂံနှစ်ဆင့်ပုံစံ တောင်ပံကို အသုံးပြုသည့် တိုက်လေယာဉ်ဖြစ်လာပါတယ်။

ကြီးမားပြီး ကျယ်ပြန့်တဲ့ တြိဂံနှစ်ဆင့် ပုံစံ တောင်ပံဟာ လေယာဉ်အတွက် အကျိုးကျေးဇူးအများကြီး ပေးပါတယ်။

ပထမဆုံးအနေဖြင့် တြိဂံ ပုံစံတောင်ပံများဟာ သမားရိုးကျ တောင်ပံများထက် တောင်ပံအတွင်းပိုင်းတွင် လောင်စာများ ပိုမို သယ်ဆောင်နိုင်ပြီး တောင်ပံဖွဲ့စည်းပုံကို ပိုပြီး ကြံ့ခိုင်စေပါတယ်။

ထိုကဲ့သို့ ကောင်းကျိုးအတွက် ပြန်ပြီး ပေးဆပ်လိုက်ရတဲ့ အချက်ကတော့ သမားရိုးကျ ဒီဇိုင်းများထက် နောက်ဆွဲအား ပိုများပါတယ်။

Bratt နှင့် သူ့၏ အဖွဲ့ကအတွက်ကတော့ ဒီလို ဒီဇိုင်းဟာ ကောင်းမွန်တယ်လို့ ယူဆပြီး ဒီဇိုင်းအား လေ့လာပြီး ၃ နှစ် အကြာမှာတော့ အနည်းငယ် သေးငယ်တဲ့ “Lilldraken” သို့မဟုတ် “Little Kite” လို့ ခေါ်တဲ့ Saab-210 ကို ၁၉၅၂ ခုနှစ်မှာ စတင်ပျံသန်း စမ်းသပ်နိုင်ခဲ့ပါတယ်။

ယနေ့ခေတ်လို computer-aided design (CAD) ကဲ့သို့ ကွန်ပျူတာ အကူအညီဖြင့် ဒီဇိုင်းများ ဆွဲပြီး ကွန်ပျူတာထဲမှာပင် ဖြစ်နိုင် မဖြစ်နိုင် စမ်းသပ်လို့ မရသေးတဲ့ ခေတ်မှာတော့ အဆိုပါ အသေးစား ရှေ့ပြေးပုံစံတွေ လိုအပ်ပါတယ်။

Cobra Maneuver လို့ခေါ်တဲ့ မြွေဟောက် ပါးပြင်းထောင်သကဲ့သို့ လေယာဉ်ပျံသန်းမှုကို တီထွင်ခြင်း

ပထမဆုံး ရှေ့ပြေးပုံစံ Saab-35A ဟာ ၁၉၅၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ စတင် ပျံသန်းနိုင်ခဲ့ပြီး J35A ဟာ အစောပိုင်း ထုတ်လုပ်မှု မော်ဒယ်ဖြစ်လာပါတယ်။

သမိုင်းကြောင်းအရ သက်သေ မပြနိုင်သေးသည့် အမြှီးမပါသည့် ဒီဇိုင်းကြောင့် လေယာဉ်ဟာ အစောပိုင်းမှာ ပြဿနာများစွာ ရှိခဲ့ပြီး လေထဲမှလည်ထွက် ပြုတ်ကျသည့် super stall ကဲ့သို့ lift force လွတ်သွားသည့် ပြဿနာများဟာ အတော်လေး ဒုက္ခများစေခဲ့ပါတယ်။

ဒါပေမယ့် လေယာဉ်မှူးများဟာ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် “cobra maneuver” ဟုခေါ်သည့် ပျံသန်းနေရင်း မြွေ ဟောက် ပါးပြင်းထောင်သကဲ့သို့ ရုတ်တရက် လေယာဉ်ကို အပေါ်ဆွဲထောင်သည့် နည်းကို အသုံးပြုခဲ့ကြပါတယ်။

Image: adapted from Wiki Commons/CC BY-SA 4.0

ဆွီဒင် လေတပ်မှ ဒီလို ပျံသန်းမှုမျိုးကို ၁၉၆၀ ခုနှစ်များမှာ လုပ်ဆောင်ခဲ့ပေမယ့် ဆိုဗီယက် လေယာဉ်မှူးဖြစ်တဲ့ Viktor Pugachev မှ Su-27 တိုက်လေယာဉ်ဖြင့် ပဲရစ်တွင် ပြုလုပ်သည့် Le Bourget လေကြောင်းပြပွဲတွင် ပျံသန်းပြမှသာ လူသိ များလာခဲ့တာပါ။

တကယ်တော့ ဒီလို ပျံသန်းသည့် နည်းလမ်းကို ဆွီဒင် စမ်းသပ်မောင်းနှင်ရေး လေယာဉ်မှူများဖြစ်သည့် Bengt Olow နှင့် Ceylon Utterborn တို့က ၁၉၆၁ ခုနှစ်မှ ၁၉၆၃ ခုနှစ်ကြားမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ ထိုပျံသန်းမှု ပုံစံဟာ လေယာဉ်များ၏ လှုပ်ရှား ပျံသန်းမှုတွင် အထူးခြားဆုံးနှင့် အတောင်းဆိုခံရဆုံး ပျံသန်းမှု ပုံစံအဖြစ် ယူဆနိုင်ပြီး လေကြောင်းပြပွဲများတွင် အဓိကအားဖြင့် ပြသပျံသန်းကြပါတယ်။

ဆိုဗီယက်ပြည်ထောင်စုကို တန်ပြန်ခြင်း

စစ်အေးကာလအတွင်းမှာ Saab 35 ဟာ အသံထက်မြန် ကြားဖြတ်တိုက်လေယာဉ် အဖြစ်သာမက လေယာဉ်ချင်း စီးချင်းထိုး dogfight လုပ်နိုင်သည့် တိုက်လေယာဉ်အဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီလေယာဉ်ဟာ ဥရောပမှ ထုတ်လုပ်သည့် အသံထက် ၂ ဆ ကျော်အမြန်နှုန်းဖြင့် ပျံသန်းနိုင်သည့် ပထမဆုံး ဂျက် တိုက်လေယာဉ်လည်း ဖြစ်ပါတယ်။

လေယာဉ်ကို ဆွီဒင်လေတပ်မှ အသုံးပြုပြီး နောက်ပိုင်းတွင် ဖင်လန်နိုင်ငံ၊ ဩစတြီးယားနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့ကို တင်ပို့နိုင်ခဲ့ပါတယ်။

လေယာဉ်အား အဆင့်မြှင့်တင်မှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး စုစုပေါင်း အစင်းရေ ၆၅၁ စင်း အထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

နောက်ဆုံး ဖြစ်တဲ့ Saab 35 Draken တိုက်လေယာဉ်ဟာ ဩစတြီးယားနိုင်ငံတွင် ၂၀၀၅ ခုနှစ်တွင် အနားယူခဲ့သည့် အတွက် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နိုင်ပြီး ထိရောက်သည့် ဒီဇိုင်းရှိကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

ဒီလေယာဉ်ဟာ တကယ့်တိုက်ပွဲများကို မကြုံတွေ့ခဲ့ပေမယ့် ဆိုဗီယက် ဗုံးကြဲလေယာဉ်များကို ကြားဖြတ်နိုင်သည့် အစွမ်း အပြည့်ရှိပြီး အဲဒီ့ခေတ် ဆိုဗီယက် တိုက်လေယာဉ်များထက် ပိုမို စွမ်းဆောင်နိုင်ခဲ့သည့် တိုက်လေယာဉ် တစင်း ဖြစ်ခဲ့ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.