SAAB JAS 39 “Gripen” တိုက်လေယာဉ် အကြောင်း တစေ့တစောင်း

Knowledge Military

နာမည်ကြီး F-22၊ F-35 နဲ့ Rafale လို တိုက်လေယာဉ်တွေကြောင့် တချို့ စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေကို လူသိနည်းကုန်ပါတယ်။

ဝါသနာရှင်တွေ တော်တော်များများကတော့ သိကြပေမယ့် နာမည်ကြီး တိုက်လေယာဉ်များလိုဘဲ စွမ်းဆောင်ရည် ကောင်း မွန်ပြီး လူတွေသိပ်မသိကြတဲ့ Gripen တိုက်လေယာဉ် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

သမိုင်းအကျဉ်း

၁၉၈၈ ခုနှစ်မှ ပထမဆုံး စတင်ပျံသန်းခဲ့တဲ့ SAAB JAS 39 “Gripen” ခေါ် Griffon တိုက်လေယာဉ်ဟာ ရေဒါပျောက် မဟုတ်တဲ့ တိုက်လေယာဉ်တွေထဲမှာ အတော်လေးကို စွမ်းဆောင်ရည် မြင့်မားတဲ့ တိုက်လေယာဉ်တစင်းပါ။

၎င်းကို SAAB 35 “Viggen” နှင့် SAAB 37 “Draken” တိုက်လေယာဉ်များကို အစားထိုးဖို့အတွက် ဒီဇိုင်းဆွဲခဲ့တာ ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာတော့ တရားဝင် စတင်တပ်တော်ဝင်လာခဲ့ပါတယ်။

Gripen

Gripen တိုက်လေယာဉ်ဟာ SAAB, SAAB Microwave Systems (ယခင် Ericsson)၊ Volvo Aero Corporation၊ SAAB Avitronics နှင့် FFV Aerotech ကုမ္ပဏီများ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တဲ့ အနှစ်သာရ တခုဖြစ်ပါတယ်။

အဲဒီ့နောက်မှာတော့ ကြားဖြတ်ခြင်း၊ မြေပြင် တိုက်ခိုက်ခြင်းနှင့် ကင်းထောက်ခြင်းစတဲ့ ဘက်စုံအသုံးပြုနိုင်တဲ့ ဆွီဒင်ရဲ့ ပထမဆုံး တိုက်လေယာဉ်တစင်း ဖြစ်လာပါတယ်။

အင်ဂျင်တလုံးတပ် လေယာဉ်အမျိုးအစားဖြစ်ပြီး မျိုးကွဲအနေဖြင့် A မှ F အထိ ရှိကာ B နှင့် D မျိုးကွဲများကဲ့သို့ နှစ်ယောက်မောင်း မျိုးကွဲများလည်း ပါဝင်ပါတယ်။

၁၉၉၇ ခုနှစ်ကတည်းက ယနေ့ အထိ SAAB တိုက်လေယာဉ်ပေါင်း ၂၀၄ စင်းခန့် အထိ ထုတ်လုပ်ခဲ့ရာ အဲဒီ့ အထဲမှ ၇၀ မှာ ပြည်တွင်းအတွက် ဖြစ်ပါတယ်။

Gripen

အကောင်သေးသေး အဆိပ်ပြင်းပြင်း

Gripen တိုက်လေယာဉ်ကို Volvo RM12 အင်ဂျင် တပ်ဆင်ထားပြီး တွန်းအားကို ပုံမှန်အနေအထားဖြင့် 12,000 lbf နှင့် afterburner ဖွင့်ပါက 18,100 lbf အထိ ထုတ်ပေးနိုင်ပါတယ်။

အင်ဂျင်ဟာ လေယာဉ်ကို အသံထက် ၂ ဆလောက် အမြန်နှုန်းဖြင့် ပျံသန်းနိုင်အောင် လုပ်ဆောင်ပေးပြီး အကွာအဝေး ၄၉၇ မိုင်လောက်အထိ စစ်ဆင်နိုင်ပါတယ်။

အမြင့်ဆုံး တက်ရောက်နိုင်တဲ့ အမြင့်ကတော့ ၁၅.၂၄ ကီလိုမီတာ (၉.၄၇ မိုင်) ဖြစ်ပါတယ်။

၎င်းတွင် ၂၇ မီလီမီတာ မောက်ဆာ BK-27 စက်အမြောက်နှင့် ကျည် ၁၂၀ (တယောက်မောင်း မျိုးကွဲတွင်) ပါဝင်ပြီး လက် နက် တပ်ဆင်နိုင်သည့် နေရာ ၈ နေရာအထိ ပါဝင်ပါတယ်။

Gripen

လက်နက်များကို ကိုယ်ထည်အောက်တွင် ၂ နေရာ တောင်ပံအောက်တွင် ၄ နေရာနှင့် တောင်ပံထိပ်တွင် ၂ နေရာ တပ်ဆင်နိုင်တာပါ။

ဒါ့ကြောင့် Gripen တိုက်လေယာဉ်များကို ဒုံးကျည်မျိုးစုံ နှင့် လေဆာ လမ်းညွှန်ဗုံးများကို တင်ဆောင်စစ်ဆင်နိုင်စွမ်း ရှိစေပါတယ်။

မျိုးကွဲ “E” တွင်တော့ ခေတ်အမှီဆုံး စွမ်းအားမြင့် အင်ဂျင်များ၊ တိုက်ခိုက်နိုင်သည့် စစ်ဆင်ရေး အကွာအဝေးများ တိုးတက်လာမှု နှင့်အတူ အခြား အဆင့်မြှင့်တင်မှုများပါ ပြုလုပ်ထားပါတယ်။

အဆိုပါ မျိုးကွဲတွင် AESA ရေဒါအသစ်၊ ရေဒါပျောက် လေယာဉ်များကိုပါ ထောက်လှမ်းနိုင်သည့် Infrared Search and Track System (IRST)၊ အဆင့်မြင့် အီလက်ထရွန်းနစ် တိုက်ခိုက်ရေးနစ်နှင့် ဆက်သွယ်ရေး စနစ်များ တပ်ဆင် အဆင့်မြှင့်ထားပါတယ်။

Gripen

Gripen နောက်ဆုံး မျိုးဆက်များဟာ အမေရိကန်၏ F-16 တိုက်လေယာဉ် နောက်ဆုံး မျိုးကွဲများကို ကောင်းစွာ ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့အတွက် အတော်လေး စွမ်းဆောင်ရည်ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

First Published 16/2/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published.