ဆားဓာတ်အပြည့်နဲ့ ပင်လယ်ရေတွေ မအေးခဲ ရတဲ့ အကြောင်း

Knowledge Nature

ပင်လယ် သို့မဟုတ် သမုဒ္ဒရာရေဟာ တော်ရုံ မခဲပါဘူး။ အေးခဲလာရင်လည်း ဆားငံရေ မဟုတ်တော့ပါဘူး။ အရမ်းကို အေးတဲ့ အာတိတ် ဒေသနှင့် အန္တာတိက ဒေသတို့မှာ ရေများဟာ အေးခဲလေ့ရှိတာကို သိပြီးသား ဖြစ်ကြမှာပါ။

ရေဟာ သေးငယ်တဲ့ မော်လီကျူးများဖြင့် ဖွဲ့စည်းထားပြီး အဲဒီ့ မော်လီကျူးများဟာ ရွေ့လျားနေကြတာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ပိုမိုအေးလာပြီ ဆိုရင်တော့ ရေ မော်လီကျူးများ ရွေ့လျားမှုဟာ နှေးကွေးလာပါတယ်။

အပူချိန် ၃၂ ဒီဂရီ ဖာရင်ဟိုက်လောက်အထိ ကျဆင်းလာပြီဆိုရင်တော့ နှေးကွေးစွာ ရွေ့လျားနေတဲ့ မော်လီကျူးများဟာ တခုနှင့် တခု ကပ် တွယ် လာကြပြီး ရေခဲ ခရစ်စတယ် ပုံဆောင်ခဲများ ဖြစ်လာကြပါတယ်။

ပင်လယ် သို့မဟုတ် သမုဒ္ဒရာ ရေဟာ ကျွန်တော်တို့ နေ့စဉ် အသုံးပြု သောက်သုံးနေတဲ့ ကန်ရေ၊ အင်းအိုင်ရေတွေ၊ ချောင်းရေတွေ၊ မြစ်ရေတွေနဲ့ ကွဲပြားပါတယ်။

ပင်လယ်ရေထဲမှာ ဆားများ ပျော်ဝင်လျှက်ရှိပြီး ဆားတွင် အိုင်းရွန်း (ion) လို့ခေါ်တဲ့ သေးငယ်တဲ့ အမှုန်လေးတွေပါဝင်ပြီး ရေမော်လီကျူးများကို ဝန်းရံထားပါတယ်။

အဲဒီလို ဝန်းရံထားတဲ့အတွက် ရေမော်လီကျူးများဟာ တခုနှင့် တခု ပေါင်းစပ်လို့ မရတော့ဘဲ ရေခဲခြင်း ဖြစ်စဉ်ဖြစ်ပေါ်ဖို့ မလွယ်ကူတော့ပါဘူး။ ဒါ့ကြောင့် သာမန်ရေဟာ ၃၂ ဒီဂရီ ဖာရင်ဟိုက်မှာ ခဲပေမယ့် ပင်လယ်ရေကတော့ ၂၉ ဒီဂရီ ဖာရင်ဟိုက်လောက်မှ ခဲတာ ဖြစ်ပါတယ်။

အေးလာတာနှင့် အမျှ ပင်လယ်ရေဟာ ပိုမို သိပ်သည်းလာပါတယ်။ ဒါ့ကြောင့် မော်လီကျူးများကို ပိုမို မြဲမြံစွာ ပေါင်းစည်းစေပါတယ်။ သိပ်သည်းလာတဲ့ အတွက် ဆားငံရေဟာ အောက်သို့ နစ်မြုပ်စပြုလာပါတယ်။

အဲဒါကြောင့် ဆားနည်းတဲ့ ရေများဟာ အပေါ်မှာ ကျန်ခဲ့ပြီး အဲဒီ့ရေတွေဟာ အေးခဲ သွားပါတော့တယ်။

သမုဒ္ဒရာ ပင်လယ်၏ ရေခဲတွေမှာ ဆားဓာတ် မပါဝင်ပါဘူး။ ဆိုလိုတာကတော့ အရည်ပျော်အောင် လုပ်နိုင်ရင် သောက်သုံးရေအဖြစ် သုံးလို့ရတယ် ဆိုတဲ့ သဘောပါ။

အလွန် အေးလေ့ရှိတဲ့ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းများရှိ ပင်လယ်မျက်နှာပြင်ဟာ အေးခဲနေလေ့ ရှိပါတယ်။

အဲလို အေးခဲနေတာဟာ ရေပြင်တခုလုံး ခဲနေတာတော့မဟုတ်ပါဘူး။ ရေခဲပြင်ရဲ့ အောက်မှာ ဆားဓာတ်အပြည်နဲ့ ပင်လယ်ရေတွေ ရှိနေပါတယ်။

အဲဒါမှ မဟုတ်ရင် ပင်လယ်ဖျံတွေ နဲ့ ငါးတွေအတွက် ရေကူးဖို့ ခက်ခဲစေမှာ ဖြစ်ပြီး အာတိတ်ဒေသရှိ ပိုလာ ဝက်ဝံများ နှင့် အန္တာတိက ဒေ သ ရှိ ပင်ဂွင်း ငှက်များဟာ ရေခဲတွေရဲ့ အောက်ကို ဆင်းပြီး ၎င်းတို့ အစာများကို ဖမ်းဆီးဖို့ မဖြစ်နိုင်ပါဘူး။

လက်ရှိမှာ ကမ္ဘာ့ကြီးဟာ ပူနွေးလာတဲ့အတွက် ဝင်ရိုးစွန်းရှိ ရေခဲပြင်ကြီးများဟာ အလျှင်အမြန် အရည်ပျော်နေကြပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.